ရှမ်းပြည်နယ်သတင်းများ

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲ မီးရှူး၊ မီးပန်းများ ပစ်ဖောက်၍ဖွင့်လှစ်

တောင်ကြီး        နိုဝင်ဘာ   −   ၅

269
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲ ဖွင့်ပွဲကို နိုဝင်ဘာ(၄)ရက် ညနေ(၅)နာရီက ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ကျက်သရေဆောင် စူဠာမုနိလောကချမ်းသာ စေတီတော်မြတ်ကြီးတွင် ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က စိန်နားပန်၊ မီးပုံးပျံအား ဦးစွာလွှတ်တင် ပူဇော်ကြသည်။
ဆက်လက်၍ အဝေရာကုန်းသာယာ မီးပုံးပျံကွင်း၌ တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲ ဖွင့်ပွဲကို တန်ဆောင်တိုင်ပွဲတော်ကျင်းပရေးကော်မတီဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း၊ ပြည်နယ်ဝန်ကြီးများ၊  တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ ရှမ်းရိုးရာယဉ်ကျေးမှုထိန်းသိမ်းမြှင့်တင်ရေး ရှမ်းလူငယ်အဖွဲ့(SYO)မှ ဓားသိုင်းအက၊ တိုးနယားအကနှင့် ကိန္နရီကိန္နရာအကတို့ဖြင့် ကပြဖျော်ဖြေ၍ ရွှေဥဒေါင်း အက မီးအလှအကဖြင့် ကပြဖျော်ဖြေကာ ရှမ်းပြည်နယ် တိုင်းရင်းသားယဉ်ကျေးမှု အကအဖွဲ့တို့မှ တန်ဆောင်တိုင် တေးသီချင်းပြိုင်ပွဲဆုရ တေးရေး၊ တေးဆို ဟိန်းကို(STH)ရေးစပ်သည့် “တို့ရှမ်းပြည်နယ် တန်ဆောင်တိုင်ပွဲ” သီချင်း ဖြင့်ကပြ ဖျော်ဖြေကြသည်။
ထို့နောက် တန်ဆောင်တိုင်ပွဲတော် ကျင်းပရေးဦးစီးကော်မတီနာယက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က တန်ဆောင်တိုင်ပွဲတော်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး မီးရှူးမီးပန်းများ ပစ်ဖောက်ကာ စိန်နားပန် မီးပုံးပျံအကြီး(၂)လုံးနှင့် မီးပုံးပျံငယ်အလုံး(၂၅ဝဝ)လုံးတို့ကို လွှတ်တင်ကြသည်။
အဆိုပါ တောင်ကြီးတန်ဆောင်ပွဲတော်ကို နိုဝင်ဘာ(၄)ရက်မှ နိုဝင်ဘာ(၁၂)ရက်နေ့အထိ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး၊ တန်ဆောင်တိုင်ပွဲတော်တွင် ညလွှတ် ညမီးကြီး(၇၉)လုံး၊ စိန်နားပန်(၃၆)လုံး နှင့်နေ့လွတ်အရုပ် ခြေ(၂)ချောင်း(၁၅၀)လုံး၊ ခြေ(၄)ချောင်း(၉၄)လုံး၊ အုပ်စု(၃၅)လုံး၊ ညလွှတ်မီးပုံးပျံ စုစုပေါင်း (၁၁၅)လုံး၊ နေ့လွှတ်အရုပ် စုစုပေါင်း(၂၇၉)လုံး၊ ညလွှတ်မီးပုံးပျံနှင့် နေ့လွှတ်အရုပ်စုစုပေါင်း(၃၉၄)လုံးကို ယှဉ်ပြိုင် လွှတ်တင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)
09250132943

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

koe-kantရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံ၊ ကုန်းကြမ်း၊ လောက်ကိုင်နှင့် ဟိုပန်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 58 guests and no members online

Latest Updates