ရှမ်းပြည်နယ်၏ ဒေသန္တရ အချက်အလက်များ

ရှမ်းပြည်နယ် ဆိုင်ရာ အချက်အလက်များ

ရှမ်းပြည်နယ် ဆိုင်ရာ ဒေသန္တရ အချက်အလက်များ

 

တည်နေရာနှင့် အကျယ်အဝန်း

ရှမ်းပြည်နယ်​သည် ၆​၀,​၁​၅​၅ စတုရန်း​မိုင်​ကျယ်ဝန်း​ပြီး တိုင်း​နှင့် ပြည်နယ် ၁​၄ ခု​အနက် ဧ​ရိ​ယာ​အား​ဖြင့် အကြီး​ဆုံး​လည်း​ဖြစ်​သည်။ အကြမ်း​အား​ဖြင့် တြိဂံ​ပုံ​သဏ္ဌာန်​ရှိ​ပြီး ရှမ်း​ပြည်​အရှေ့​ပိုင်း၊ ရှမ်း​ပြည်​မြောက်​ပိုင်း၊ ရှမ်း​ပြည်​တောင်​ပိုင်း​ ဟူ၍ ခွဲ​ခြား​ပြောဆို​လေ့​ရှိ​ကြ​သည်။ မြန်မာ​နိုင်ငံ​၏ အရှေ့​ပိုင်း​တွင်​တည်​ရှိ​ပြီး ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်‌၊ ထိုင်း​နိုင်ငံ၊ လာ​အို​နိုင်ငံ၊ တရုတ်​ပြည်​သူ့​သမ္မတ​နိုင်ငံတို့​နှင့် နယ်​န​မိတ်​ချင်း ထိ​စပ်​လျက်​ရှိ​သည်။ မြောက်လတ္တီတွဒ် ၁​၉ ဒီ​ဂ​ရီ မှ ၂⁠၂​ဒီ​ဂ​ရီ ၁​၅​မိ​နစ် အတွင်း ၊ အရှေ့​လောင်​ဂျီတွဒ် ၉​၆ ​ဒီ​ဂ​ရီ ၂​၆​မိ​နစ် မှ ၉​၈ ​ဒီ​ဂ​ရီ ၄​၇​မိ​နစ် အတွင်း​တည်​ရှိ​သည်။ ထိုပြည်နယ်သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ လေးပုံ တစ်ပုံခန့်ရှိပြီးလျှင် အကြီးဆုံးပြည်နယ် ဖြစ်သည်။ ပြည်မ၏ အရှေ့ဘက်၌ရှိသော ထိုပြည်နယ်သည် အကြမ်းဖျင်းအားဖြင့် ပဉ္စဂံပုံ ရှိလေရာ အနောက်ဘက်ရှိ ပြည်မ၏ လွင်ပြင်ဒေသများ ကို ပဉ္စဂံ၏ အခြေပြုထားကာ အရှေ့ဘက်ရှိ မဲခေါင်မြစ်(လော နိုင်ငံ)ပေါ်တွင် ပဉ္စဂံ၏ ထိပ်ဖျားကျရောက်နေလေသည်။ ရှမ်းပြည်နယ်သည် မြောက်ဘက်တွင် ကချင်ပြည်နယ်၊ အရှေ့မြောက်ဘက်တွင် ယူနန်ပြည်နယ် (တရုတ်ပြည်သူ့သမ္မတ နိုင်ငံ)၊ အရှေ့ဘက်တွင် ယူနန်ပြည်နယ်နှင့် လော(လာအို)နိုင်ငံ၊ အရှေ့တောင်ဘက်တွင် ယိုးဒယားနိုင်ငံ၊ တောင်ဘက်တွင် ကယားပြည်နယ်၊ အနောက်ဘက်တွင် မန္တလေးတိုင်း၊ အနောက် မြောက်ဘက်တွင် စစ်ကိုင်းတိုင်းတို့ဖြင့် ဝိုင်းရံလျက် ရှိသည်။ ထိုပြည်နယ်သည် မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၂ဝ မိနစ်နှင့် ၂၄ ဒီဂရီ ၉ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၃ မိနစ် နှင့် ၁ဝ၁ ဒီဂရီ ၉ မိနစ်တို့၏ အကြား၌ တည်ရှိလေသည်။

 

မြေမျက်နှာ သွင်ပြင်

ရှမ်းပြည်နယ်သည် ရေတံခွန်စိမ့်စမ်း တောစခန်း၊ တောင်စခန်းတို့ဖြင့် သာတောင့်သာယာ ရှိပေသည်။ ဧရာဝတီမြစ်ရိုး တစ်ခုဆီမှ အရှေ့ဘက်သို့ လှမ်းမျှော်ကြည့်လိုက်လျှင် ရှမ်းရိုးမတောင်ဟု အများခေါ်ဆိုကြသော တောင်စဉ်တောင်တန်းများကို တောင်ခိုးတောင်ငွေ့ တစ်ဝေဝေဖြင့် တွေ့မြင့်ကြရပေလိမ့်မည်။ ရှမ်းရိုးမ တောင်ဟု ခေါ်ဆိုနေကြသော်လည်း စင်စစ် ရှမ်းပြည်နယ်တစ်ခုလုံးသည် ကုန်းပြင်မြင့် ဖြစ်လေသည်။ 

ရှမ်းကုန်းပြင်မြင့်သည် ပျှမ်းမျှခြင်းအားဖြင့် ပင်လယ်ရေပြင်မှ ပေ ၃ဝဝဝ-၄ဝဝဝ ကျော်အထိ မြင့်ပြီးလျှင် နေရာ ဒေသများစွာတို့၌ မြေမျက်နှာပြင်သည် လှိုင်းအိထိုးနေဘိသကဲ့သို့ နိမ့်တုံမြင့်တုံ ဖြစ်နေလေသည်။ အရှေ့ဘက်ပိုင်း ကုန်းမြေမြင့်သည် အနောက်ဘက်ပိုင်းထက် ပို၍မြင့်သည်။ အမြင့်ဆုံးအပိုင်းသည် လားရှိုး၏ အနောက်တောင်ဘက်ပိုင်း ဖြစ်သည်။ ကုန်းမြေမြင့်မျက်နှာပြင်သည် သိန္နီနယ်၏ အလယ်ပိုင်းခန့်မှ စ၍ မန္တလေးခရိုင် အထက်နားရှိ တောင်ကုန်းဒေသသို့တိုင်အောင် ကျယ်ပြန့်သွားသော်လည်း မိုးနဲနယ်နှင့် မောက်မယ်နယ်စပ်သို့ အရောက်တွင်မူ ကျဉ်းမြောင်းသွားလေသည်။ 

တောင်ရိုးတောင်တန်းတို့သည် ရှမ်းပြည်မြောက်ပိုင်း အချို့ ဒေသများတွင် အရှေ့နှင့်အနောက်တန်းလျက် ရှိသည်မှ လွဲ၍ ပြည်နယ်တစ်ခုလုံး၌ များသောအားဖြင့် တောင်နှင့်မြောက် တန်းလျက်ရှိကြလေသည်။ တောင်ထိပ်များသည် ပေ ၆ဝဝဝ မှ ၈ဝဝဝ ကျော်အထိ မြင့်ကြ၍ အမြင့်ဆုံးတောင်ထွတ်သည် တောင်သိန္နီနယ် အတွင်းရှိ ပေပေါင်း ၈၇၇၇ မြင့်သော လွယ်လိန်းတောင်ထွတ်ဖြစ်သည်။ အခြားမြင့်မားသော တောင်ထွတ်များမှာ မြောက်သိန္နီနယ်အတွင်းရှိ လျန်ရှန်၊ ကျိုင်းတုံနယ်အရှေ့ပိုင်းရှိ လွယ်ပန်နောင်၊ မိုင်းကိုင်နယ်အတွင်း ရှိ လွယ်စန့်နှင့် လွယ်လမ် စသည်တို့ ဖြစ်ကြ၍ ပေ ၈ဝဝဝ ကျော် မြင့်ကြပေသည်။ ပင်းတယနယ်အတွင်းမှ မဲနယ်တောင်တန်းရှိ အရှေ့မြင် အနောက်မြင်တောင်ထွတ်သည် ၇၆၇၈ ပေ မြင့်သည်။ ထိုပြင် နမ့်တမ်ဖတ် ချောင်းဝှမ်းနှင့် နမ့်ပွန်ချောင်းဝှမ်းကို ခြားလျက်ရှိသော လွယ်မောနှင့် လွယ်မောင်ဟု ခေါ်သည့် ပေ ၇ဝဝဝ မှ ၈ဝဝဝ ကျော်ရှိသော တောင်မြင့်ကြီးများလည်း ရှိပေသေးသည်။ ကလောမြို့အနီးရှိ ဆင်တောင်နှင့် မြင်းမထိတောင်တို့သည် ပေ ၅ဝဝဝ ကျော် မြင့်ကြလေသည်။ 

ရှမ်းပြည်နယ်၏ မြစ်ချောင်းတို့သည် တောင်ကုန်းတောင်တန်းများကို ဖြတ်ကျော်စီးဆင်းရသဖြင့် မြစ်ကမ်းပါးတို့သည် များသောအားဖြင့် ကျဉ်းမြောင်းမတ်စောက်ကြသည်။ မြစ်ချောင်းတို့အကြား၌ တောင်နှာမောင်းတို့သည် မြစ်ချောင်းများ ဆုံးသည့် တိုင်အောင် တည်ရှိကြလေသည်။ 

ရှမ်းပြည်နယ်တွင် သံလွင်မြစ်သည် အကြီးဆုံးဖြစ်သည်။ ထိုမြစ်ကို ရှမ်းဘာသာဖြင့် နမ့်ခုန်းမြစ်ဟု ခေါ်သည်။ ယင်းသည် ရှမ်းပြည်နယ်တစ်ခုလုံးကို မြောက်မှ တောင်သို့ ဖြတ်သန်းစီးဆင်းရာ အကြမ်းဖျဉ်းအားဖြင့် ပြည်နယ်ကို အရှေ့နှင့်အနောက် ပိုင်းခြားထားသကဲ့သို့ ရှိသည်။ မြစ်ရိုးတစ်လျှောက် ဧရာဝတီမြစ်ကဲ့သို့ မြေပြင် ပြန့်ဖြူးခြင်းမရှိဘဲ နက်ရှိုင်းမတ်စောက်သော ကမ်းပါးစောက်ကြီးများကို ဖြစ်ပေါ်စေလျက် အရှိန်ပြင်းစွာဖြင့် စီးဆင်းလေသည်။ 

သံလွင့်မြစ်အထက်ပိုင်း ဖြတ်သန်းစီးဆင်းရာ ရှမ်းပြည် မြောက်ပိုင်းသည် တောင်ထူထပ်၍ ပေ ၆ဝဝဝ ကျော် ၇ဝဝဝ နီးပါးမြင့်သော တောင်တန်းကြီးများ ရှိသည်။ထိုတောင်တန်းကြီးများသည် တံတိုင်းကြီးများသဖွယ် ကာဆီးလျက်ရှိခြင်းကြောင့် ရှေးအခါက မြန်မာနိုင်ငံတွင်းသို့ တရုတ်နိုင်ငံဘက်မှ ဝင်ရောက်ရန် မလွယ်ကူခဲ့ခြင်း ဖြစ်ပေသည်။ တောင်ရိုးတောင်တန်းများသည် တစ်ခုနှင့်တစ်ခု နီးကပ်စွာ ထပ်ဆင့်နေလေရာ မြေပြန့် မြေကျယ်များစွာ မရှိချေ။ ထိုကြောင့် ထိုအပိုင်းတွင် လူနေအိမ်ခြေလည်း နည်းပါးလေသည်။

အလယ်ပိုင်းနှင့် အောက်ပိုင်းတစ်လျောက် သံလွင်မြစ် ဖြတ်သန်း စီးဆင်းလာသောအခါ အနောက်ဘက်တွင် တောင်တန်းများသည် နီးကပ်စွာ ထပ်ဆင့်ခြင်းမရှိဘဲ နီးတစ်လှည့် ဝေးတစ်ခါရှိနေကြလေရာ တောင်တန်းတစ်ခုနှင့် တစ်ခုအကြားတွင် မြေပြန့်မြေကျယ်များကို တွေ့ရသည်။ ထိုမြေပြန့်မြေကျယ်များတွင် မြို့ရွာများကို တည်ထားကြလေသည်။  

ရှမ်းပြည်နယ်အတွင်း သံလွင်မြစ်ထဲသို့ စီးဝင်သော မြစ်လက်တက်များမှာ လက်ဝဲဘက်ကမ်းမှ စီးဝင်သော နမ့်တင်(နမ့်တိန်း)၊ နမ့်မ၊ နမ့်ဆင် စသည်တို့၎င်း၊ လက်ယာဘက်ကမ်းမှ စီးဝင်သောနမ့်နင်း၊ နမ့်ပန်နှင့် နမ့်တန်စသည်တို့၎င်း ဖြစ်ကြလေသည်။ 

ရှမ်းပြည်နယ်၏ အခြားမြစ်ကြီးတစ်မြစ်သည် မဲခေါင်မြစ် ဖြစ်ပေသည်။ သို့သော် ရှမ်းပြည်နယ်နိမိတ်နှင့် လော(လာအို)နိုင်ငံ နယ်နိမိတ်ကို ပိုင်းခြားသတ်မှတ်ထားသည့် မိုင်ပေါင်း ၁၂ဝ ခန့်မျှသာ ထိုမြစ်ကြီးသည် ရှမ်းပြည်နယ်နှင့် သက်ဆိုင်လေသည်။  

နမ္မတူ၊ မြစ်ငယ်၊ ဒုဋ္ဌဝတီဟူသော သုံးမည်ရ နမ္မတူမြစ်သည် ရှမ်းပြည်နယ်၏ ထင်ရှားသောမြစ်တစ်သွယ် ဖြစ်သည်။ ပြည်နယ်အတွင်း တစ်စိတ်တစ်ဒေသမျှသာ ဖြတ်သန်းသွားသော်လည်း မဖော်ပြဘဲ မနေအပ်သော မြစ်တစ်သွယ်မှာ နမ့်မင်းဟုလည်း ခေါ်သော ရွှေလီမြစ်ပေတည်း။ ထိုမြစ်၏ မြစ်ဖျား လက်ယာဘက်ကမ်းရှိ မိုင်းမောဒေသမှ စ၍ ရှမ်းပြည်ထောင် အများ ပေါ်ပေါက်ပြန့်ပွားခဲ့သည်ဟု ဆိုကြလေသည်။ ဖော်ပြခဲ့သော မြစ်များအပြင် ရှမ်းပြည်နယ်အလယ်ပိုင်း မြေလပ်ဒေသ၌ မြစ်ဖျားခံပြီးလျှင် ရပ်စောက်နယ်၊ ဘော်နယ်တို့ကို ဖြတ်ကျော်ကာ ပြည်မရှိ ကျောက်ဆည်ခရိုင်မှ တစ်ဆင့် ဧရာဝတီမြစ် အတွင်းသို့ စီးဝင်သော ဇော်ဂျီမြစ်၊ ဟိုပုန်းနယ်တွင် မြစ်ဖျားခံသောနမ့်တမ်ဖတ်ချောင်း၊ မြေလပ်ဒေသတစ်ဝိုက် စီးဆင်းသော ဇော်ဂျီမြစ်၊ ဟိုပုန်းနယ်တွင် မြစ်ဖျားခံသော နမ့်တမ်ဖတ်ချောင်း၊ မြေလပ်ဒေသတစ်ဝိုက် စီးဆင်းကာ အင်းလေးထဲသို့ အနောက်ဘက်မှ စီးဝင်၍ တောင်ဘက်မှတစ်ဖန် ပြန်ထွက်ပြီးလျှင် ကယားပြည်နယ်အတွင်းသို့ စီးဝင်သော နမ့်ဘီလူးချောင်း၊ လဲချားနယ်တောင်ကုန်းများ၌ မြစ်ဖျားခံပြီးလျှင် တောင်ဘက်ကယား

ပြည်နယ်အတွင်းသို့ စီးဝင်ပြီးနောက် သံလွင်မြစ်အတွင်းသို့ နမ့်ပွန်ချောင်း စသည်တို့လည်း ရှိပေသေးသည်။ 

အထက်တွင် ဆိုခဲ့သည့်အတိုင်း မြစ်ရိုးချောင်းရိုး မြေပြန့် လွင်ပြင်များတွင် မြို့ရွာများကို များသောအားဖြင့် ရှမ်းလူမျိုးတို့က တည်ထောင်ထားကြရာ မြောက်ပိုင်း နမ္မတူမြစ်ရိုး မြေပြန့်တွင် သိန္နီနယ်၊ သီပေါနယ်တို့ကို တွေ့ရသည်။ ရပ်စောက်၊ ရေဦး၊ ရွာဝံ၊ ပင်းတယ၊ ပွေးလှနယ်တို့သည် ဇော်ဂျီမြစ်ရိုး မြေပြန့်တစ်လျောက် တည်ထားသော မြို့ရွာများဖြစ်ကြသည်။ နမ့်ပွန်ချောင်းရိုးမြေပြန့်တွင် မိုင်းပွန်နယ်ကို၎င်း နမ့်တမ်ဘက်ချောင်းရိုး မြေပြန့်တွင် ဟိုပုန်း၊ ဘန်းယဉ်၊ ဆီဆိုင်(သထုံ) နယ်တို့ကို၎င်း တွေ့ကြရလေသည်။

မြစ်ချောင်းများသည် တောင်စဉ် တောင်တန်းများကို ဖြတ်ကျော်စီးဆင်းကြသဖြင့် ရှမ်းပြည်နယ်တွင် ရေတံခွန်စိမ့်စမ်းများအနှံ့အပြား ရှိသည်။ သီပေါနှင့် လာရှိုးအကြားရှိ မန့်ဆမ် ရေတံခွန်ကြီးသည် အမြင့်ပေ ၁၅ဝဝ ကျော် ၂ဝဝဝ ခန့်မှ တောင်ခန့်မှ တောင်ခါးပန်းအဆင့်ဆင့်ကို စီးဆင်းလာခဲ့ရာ ကြည့်၍ မငြီးဖွယ်ရာ ဖြစ်ပေသည်။ ထိုရေတံခွန်ကြီးမှ ရေအားကို အသုံးပြု၍ နမ္မတူမြို့ရှိ ဘားမားကော်ပိုရေးရှင်း လီမီတက်၏ သတ္တုတွင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ အခြားရေတံခွန်များလည်း အများအပြားရှိရာ ယင်းတို့မှ ရေအားကိုလည်း အသုံးချနိုင်ရန် ပြည်ထောင်စု အစိုးရက လေ့လာ စမ်းသပ်စေခဲ့သည်။ ရှမ်းပြည်တောင်ပိုင်းတွင် စက်မှုလုပ်ငန်း ဓာတ်အားပေးရေးအတွက် အလားအလာရှိသော ရေတံခွန်တို့မှာ မိုင်းပွန်မြို့အနီးရှိ ရေတံခွန်သုံးခု၊ ရပ်စောက်မြို့မှ ၁ဝ မိုင်ခန့်ကွာ အင်းတော်သွားလမ်းရှိ ဇော်ဂျီရေတံခွန်(မိုးဟင်းရေတံခွန်)၊ ညောင်ရွှေမြို့အနီးရှိ ရေတံခွန်ငယ်နှစ်ခုနှင့် လဲချားနယ်မှ နမ့်တွပ်ရေတံခွန်တို့ ဖြစ်ကြသည်။ ကျိုင်းတောင်း စီရင်စုအတွင်းရှိ နမ့်တိန်းရေတံခွန်မှ ရေအားကို ယူ၍ မြန်မာနိုင်ငံ၌ အကြီးဆုံးသော ရေအားလျှပ်စစ်ရုံကြီးတစ်ခု တည်ဆောက်နိုင်မည်ဟုလည်း ခန့်မှန်းထားကြလေသည်။ မြစ်ချောင်း ရေတံခွန်များအပြင် အင်းအိုင်များလည်း ရှိသေးရာ ယင်းတို့အနက် ညောင်ရွှေနယ်ရှိ အင်းလေးသည် အကြီးဆုံး အကျော်ကြားဆုံးဖြစ်သည်။ 

ထိုပြင် ဆိုင်ရာမြို့နယ်လူထုအတွက် ဆဲ့နှစ်ရာသီ မပြတ်သုံးစွဲရန် ရေရနိုင်သော ရေထွက်ခေါ် စမ်းရေပေါက်များလည်း ရှိသေးသည်။ ဟိုပုန်းရေထွက်၊ ဘော်ဆိုင်းရေထွက်၊ ရပ်စောက်ရေထွက် (ဗထူးစမ်း)၊ ကရင်မရေထွက် (တောင်ကြီး)တို့သည် လူသိ များသော စမ်းရေပေါက်များပေတည်း။ ရှမ်းပြည်နယ်၏ အောက်ခံကျောက်မြေသည် များသောအားဖြင့် ထုံးကျောက်များဖြစ်လေရာ ရွာချသော မိုးရေသည် မြေကြီးထဲသို့ စိမ့်ဝင်သွားသည်။ ထိုစိမ့်ဝင်သွားသော ရေများသည် အချို့နေရာများတွင် စမ်းရေပေါက်များဖြစ်ကာ မြေပြင်သို့ ပြန်ထွက်လာကြရာ ယင်းတို့ကို ရေ ထွက်များဟု ခေါ်ဝေါ်ကြသည်။ မြစ်ချောင်းနှင့်လည်း မနီး၊ ရေထွက်များလည်း မရှိသော ဒေသများလည်း ရှိသေးရာ ထိုဒေသများတွင် ရေရှားပါးသဖြင့် မြေတွင်း သယံဇာတ ပစ္စည်းများဖြင့် ပေါများသည့်တိုင်အောင် စက်မှုလုပ်ငန်းများ မဆောင်ရွက်နိုင်ခြင်း၊ စိုက်ပျိုးရေး ခက်ခဲခြင်းများ ရှိလေသည်။

ရေထွက်၊ သို့မဟုတ် စမ်းရေပေါက်များအပြင် ရေပူစမ်းများလည်း ပေါများသည်။ ရှမ်းပြည်နယ်၏ မြေမျက်နှာပြင်တွင် မြေလွှာကျွံခြင်း၊ သို့မဟုတ် မြေကြောအံလွှဲခြင်းများ ရှိပေရာ ထိုနေရာများတွင် ရေပူစမ်းများ ဖြစ်ပေါ်သည်။ သီပေါ၊ လားရှိုး၊ သိန္နီ၊ လင်းခေး၊ ကျိုင်းတုံ၊ အင်းလေးဒေသရှိ ခေါင်တိုင်ရွာ စသည်တို့တွင် ထိုကဲ့သို့သော ရေပူစမ်းများရှိလေသည်။

 

 

ရာသီဥတု

ရှမ်းပြည်နယ်သည် ကုန်းပြင်မြင့်ဖြစ်၍ ယေဘူယျအားဖြင့် ဥတုသပ္ပါယ အေးချမ်းမျှတသည်။ နေရာ ဒေသ များစွာတို့တွင် အင်္ဂလန်ပြည်ကဲ့သို့ ဥရောပတိုက် ရေမြေအနေအထား ရာသီ ဥတုမျိုးဆန်ဆန် ရှိလေသည်။ သို့သော် ယခုအခါ တောရိပ် တောင်ရိပ်နည်းပါးလာ၍ အပူရှိန် အနည်းငယ်တက်လာသည်။ ကုန်းမြေအနိမ့်အမြင့် ပထဝီသဘာဝကိုလိုက်၍ တစ်နေရာနှင့် တစ်နေရာ ရာသီဥတုအေးမြ၍ ထင်းရှူးပင်တို့ဖြင့် ဝေဆာနေ သော်လည်း ယင်းတို့နှင့် နီးကပ်ပါလျက် မြေနိမ့်ပိုင်းတွင်ရှိကြ သော ညောင်ရွှေ၊ မိုးနဲ၊ လင်းခေး၊ မောက်မယ်စသော ဒေသ များတွင် ရာသီဥတု ပူအိုက်ကာ မန်ကျည်းပင်၊ အုန်းပင်၊ သရက်ပင်တို့ ဖြစ်ထွန်းသည်ကို တွေ့ရသည်။ 

ရှမ်းပြည်မြောက်ပိုင်းတွင် သီပေါနယ် ချိုင့်ဝှမ်းသည် အပူချိန်အများဆုံးတက်သော ဒေသဖြစ်သည်။ ဧပြီ လအတွင်း နေ့အခါ ဖာရင်ဟိုက် ၉၆ ဒီဂရီထက်ပင် ကျော်လွန်သော်လည်း ညဉ့်ဘက်တွင် ၆၅ ဒီဂရီအထိ ကျဆင်းသွားတတ်ပြန်သည်။ ဆောင်းရာသီတွင် နေထွက်ပြီး၍ နာရီအနည်းငယ်ကြာသည့် တိုင်အောင် မြူများ ဆိုင်းနေတတ်သည်။ လားရှိုးမြို့တွင်(၁၈၉၆ ခုနှစ်မှ ၁၉၄ဝ ပြည့်နှစ်များအတွင်း တိုင်းထွာချက်အရ)အပူဆုံး အချိန် ဧပြီလ၌ မဇ္ဈိမ အပူချိန် ၉၁ ဒီဂရီ ရှိ၍ ဇန်နဝါရီလ အအေးဆုံးအချိန်တွင် မဇ္ဈိမအပူချိန် ၅၉.၉ ဒီဂရီရှိလေသည်။ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် (၁၉၅ဝ ပြည့်နှစ်မှ ၁၉၆ဝ ပြည့်နှစ်များအတွင်း တိုင်းထွာချက်အရ) ဧပြီလတွင် မဇ္ဈိမအပူချိန် ၈၄.၅ ဒီဂရီရှိ၍ ဇန်နဝါရီလတွင် မဇ္ဈိမ အပူချိန် ၅၈.၂ ဒီဂရီ ရှိလေသည်။ ကျိုင်းတုံမြို့တွင် (၁၉၅၁ ခုနှစ်မှ ၁၉၆ဝ ပြည့်နှစ်များအတွင်း တိုင်းထွာချက်အရ) ဧပြီလတွင် မဇ္ဈိမအပူချိန် ၉၂.၅ ဒီဂရီရှိ၍ ဇန်နဝါရီလ အအေးဆုံးအချိန် တွင် မဇ္ဈိမအပူချိန် ၆၂.၆ ဒီဂရီရှိကြောင်း တွေ့ရလေသည်။ တောင်ပေါ်ဒေသများ၌ကား အအေးဓာတ် ပိုမိုလွန်ကဲလေသည်။ ရှမ်းပြည်နယ်တွင် မိုးသည်းထန်သည်ဟု မဆိုနိုင်သော် လည်း မိုးသည် တစိမ့်စိမ့်စွေ၍ ရွာနေတတ်လေသည်။ ပျှမ်းမျှ မိုးရေချိန်သည် တောင်ကြီးမြို့၌(၁၉၅ဝ-၆ဝ ပြည့်နှစ်များ အတွင်း) ၅၇.ဝ၅ လက်မ၊ ကျိုင်းတုံ မြို့၌ (၁၉၅ဝ-၆ဝ ပြည့် နှစ်များအတွင်း) ၄၆.ဝ၅ လက်မ၊ လားရှိုးမြို့၌ (၁၈၉၆-၁၉၄ဝ ပြည့်နှစ်အတွင်း) ၆၁.၈၆ ဖြစ်ရာ ပြည်နယ်တစ်ခုလုံး ချုံ၍ဆိုရ လျှင် ပျမ်းမျှမိုးရေချိန်သည် လက်မ ၇ဝ မှ ၉ဝ အတွင်းသာရှိ သည်။ ယင်းသို့မိုးရေချိန်သည် မများလှသော်လည်း တောရိပ် တောင်ရိပ်ရှိသဖြင့် မိုးရာသီအခါတွင်စိုစွတ် ထိုင်းမှိုင်းပြီးလျှင် အေးစိမ့်နေတတ်လေသည်။ 

 

အကျယ်အဝန်း နှင့် လူဦးရေ

တောတောင် လျှိုမြောင် စိမ့်စမ်းတို့ဖြင့် သာမောဖွယ် ကောင်းလှသော ရှမ်းပြည်နယ်သည် ပြည်ထောင်စု မြန်မာနိုင်ငံ၏ အကြီးဆုံးနှင့် အကျယ်ဝန်းဆုံး ပြည်နယ်ဟု ဆိုခဲ့ပေသည်။ ထိုပြည်နယ်၏ အကျယ်အဝန်း သည် ၆၁,၁၂၃ စတုရန်းမိုင် ဖြစ်၍ ၁၉၆၇ ခုနှစ် နောက်ဆုံးစာရင်းအရ လူဦးရေသည် ၂,၄၉၇,ဝဝဝ ယောက်မျှသာ ဖြစ်ရာ စတုရန်းတစ်မိုင်လျှင် ပျမ်းမျှခြင်း လူ ၄၈ ယောက်နှုန်းမျှသာ နေထိုင်လျက်ရှိကြောင်း တွေ့ရှိရသဖြင့် လူနေအိမ်မြေ ကျဲလှပေသည်။ 

ပြည်နယ်၏ အကျယ်အဝန်းနှင့် နှိုင်းစာလျှင် လူဦးရေ နည်းပါးလှသော်လည်း ရှမ်းပြည်နယ်တွင် တိုင်းရင်းသား တောင်ပေါ်သား လူမျိုးစုအစုံအလင်ဆုံး တွေ့ရပေသည်။ လူမျိုး ပေါင်းစုံ ရောနှောနေထိုင်ရာ လူမျိုးစုံ ဟင်းလေးအိုးဒေသဟု ခေါ်ဆိုရပေမည်။ 

 

စိုက်ပျိုးရေးနှင့် အခြား လုပ်ငန်းများ

ရှမ်းပြည် နယ်သူနယ်သားတို့၏ အဓိကလုပ်ငန်းသည် စိုက်ပျိုးရေးဖြစ်သည်။ ခန့်မှန်းခြေအားဖြင့် ရှမ်းပြည်နယ်တွင် စိုက်ပျိုးလုပ်ကိုင်နိုင်သည့် မြေဧရိယာ ငါးဒဿမခုနစ် (၅.၇) သန်းခန့် ရှိသည့်အနက် ဧက နှစ်သန်းခန့်သာ စိုက်ပျိုးလုပ်ကိုင် ကြ၍ ကျန်ဧက သုံးသန်းခွဲကျော်သည် ကောလျက်ရှိသည်။ လူဦးရေကျဲသော ဒေသများဖြစ်သောကြောင့် တစ်ကြောင်း၊ လက်ရှိစိုက်ပျိုး ရေးစံနစ်များကြောင့်တစ်ကြောင်း စိုက်ပျိုးရေးကို ကျယ်ကျယ်ပြန့်ပြန့် မဆောင်ရွက်နိုင်သဖြင့် ရှမ်းပြည်နယ် ဦးစီး အဖွဲ့သည် စက်ယန္တရားဖြင့် စိုက်ပျိုးရေးကို တိုးချဲ့ဆောင်ရွက်ရန် စီမံကြိုးပမ်းလျက်ရှိလေသည်။

ဆန်စပါး စိုက်ပျိုးရေးတွင် ဒုတိယကမ္ဘာစစ်မတိုင်မီကာလ က ရှမ်းပြည်နယ်မှပင် ပြည်မသို့ ဆန်တင် ပို့နိုင်လောက်အောင် ဆန်စပါး ပိုပိုလျှံလျှံထွက်ခဲ့သော်လည်း ယခုအခါ ပြည်မမှပင် ရှမ်းပြည်သို့ ဆန်တင် သွင်းခဲ့ရလေသည်။ ယခင်က အင်းလေး ဒေသသည် ဆန်စပါးအထွက် များခဲ့သော်လည်း ယခုအခါ လယ်များ အပျက်အစီးများသဖြင့် စပါးထွက် ယုတ်လျော့ခဲ့ လေသည်။

ရှမ်းပြည်နယ်တွင် စပါးကို နည်းသုံးမျိုးဖြင့် စိုက်ပျိုးကြ သည်။ ရှမ်းလူမျိုးတို့သည် မြေနိမ့်ဒေသများ၌ စိုက်ပျိုးကြရာ၊ ကန်သင်းဖို့၍ လယ်ကွက်အတွင်း ရေသွင်းစိုက်ပျိုးကြသည်။ သိန္နီ၊ လဲချား၊ မောက်မယ်နှင့် ကျိုင်းတုံနယ်များ၏ မြစ်ဝှမ်း ချောင်းဝှမ်း မြေနိမ့်ဒေသများ၌ ထိုနည်းဖြင့် စိုက်ပျိုးကြသည်။ ထိုဒေသများမှ စပါးအထွက်များ၍ လူနေအိမ်ခြေလည်း များ ပြားလေသည်။

ဒုတိယနည်းသည် တောင်ယာစပါး စိုက်ပျိုးရေး ဖြစ်၍ ထိုနည်းကို ပအိုး(တောင်သူ)လူမျိုးများနှင့် အခြားယင်းနက်၊ လွယ်လ၊ ပလောင်၊ ပလေး၊ ပဒေါင်၊ တောင်ရိုး၊ ဓနု၊ ဓနော့၊ လီဆူး စသော တောင်ပေါ်သားတို့ လုပ်ကိုင်ကြသည်။ စိုက်ပျိုး မည့် တောင်ကုန်းဆင်ခြေလျှောရှိ သစ်တော ဝါးတောများကို ခုတ်ထွင် မီးရှို့၍ စိုက်ပျိုးလုပ်ကိုင်ခြင်းဖြစ်ရာ ပထမသုံးနှစ်တွင် စပါးအထွက်ကောင်းသော်လည်း နောင်အခါ မြေဩဇာ ခန်း ခြောက်လာသဖြင့် နေရာပြောင်း၍ စိုက်ပျိုးလုပ်ကိုင်ကြပြန် သည်။ စိုက်ပျိုးလုပ်ကိုင်ခြင်းမရှိ၍ ကောနေသော မြေဧကများ တွင် ထိုကဲ့သို့ စွန့်ပစ်ခဲ့သော တောင်ယာများလည်း ပါဝင်လေ သည်။

တတိယနည်းသည် လှေကားထစ် စိုက်ပျိုးနည်း ဖြစ်၍ တောင်ပေါ်သားတို့ အသုံးပြုသည့် နည်းတစ်နည်းလည်း ဖြစ် သည်။ ထိုစိုက်ပျိုးနည်းအတွက် တောင်ပေါ်မှ စီးကျလာသော ချောင်းရေကို အမှီပြုရသည်။ လယ်ကွက်နှင့်စိုက်ခင်းများကို တောင်စောင်းဆင်ခြေလျှော၌ လှေကားထစ်သဖွယ် အဆင့်ဆင့် ပြုလုပ်ထားပြီးလျှင် တောင်ပေါ်ချောင်းမှ ရေကို အဆင့်ဆင့် ရေသွယ်ယူကြရသည်။ ထိုစိုက်ပျိုးနည်းဖြင့် အချို့သော အရပ် ဒေသများတွင် သီးထပ်ပင် စိုက်ပျိုးနိုင်လေသည်။ အာလူး၊ ပဲ စသည်တို့ကို စိုက်ပျိုးရာ၌လည်း တောင်ယာစံနစ်၊ လှေကားထစ် စံနစ်မျိုးတို့ဖြင့် စိုက်ပျိုးကြလေသည်။

ရှမ်းပြည်နယ်၏ ကြီးကျယ်သော စိုက်ပျိုးရေးထွက်ကုန် တစ်ရပ်မှာ လက်ဖက်ဖြစ်၍ ရှမ်းပြည်မြောက်ပိုင်း တောင်ပိုင် နယ်မှ အများဆုံး ထွက်သည်။ ရှမ်းပြည်တောင်ပိုင်း မိုင်းကိုင် နယ်၊ မိုင်းရှူး၊ မိုင်းနောင်၊ ကျေးသီး မန်စံ၊ ပင်လောင်နှင့် ဘော်ဆိုင်းနယ်တို့မှလည်း ထွက်သည်။ စင်စစ် လက်ဖက်ပင် သည် ရှမ်းပြည်နယ်၌ ဖြစ်ထွန်းလွယ်သော အပင်မျိုးဖြစ်သည်။ တောင်ပိုင်းနယ်တွင် လက်ဖက်လုပ်ငန်း လုပ်ကိုင်သူများသည် များသော အားဖြင့် ပလောင်လူမျိုးများ ဖြစ်သည်။ ၁၉၅၉-၆ဝ ပြည့်နှစ်အတွင်း လက်ဖက်အစိုအခြောက် အချိုအခါးမှ ရရှိသော ခန့်မှန်းခြေဝင်ငွေသည် သိန်း ၂ဝဝ နီးပါး ဖြစ်လေသည်။ ရှမ်းပြည်တောင်ပိုင်း၏ အဓိကလုပ်ငန်းတစ်ရပ်သည် သနပ်ဖက်လုပ်ငန်း ဖြစ်သည်။ ပင်လုံအနောက်ဘက် တောင် တန်း၊ မိုင်းကိုင်၊ လဲချား၊ ရွာငံ၊ ရေဦး၊ ပင်လောင်းနယ်များနှင့် မဲနယ်တောင်တန်းတို့တွင် သနပ်ဖက်ခြံများ ရှိသည်။ ၁၉၅၉- ၆ဝ ပြည့်နှစ်အတွင်း သနပ်ဖက်လုပ်ငန်းမှ ရရှိသော ဝင်ငွေ ခန့်မှန်းခြေ ဝင်ငွေသည် သိန်း ၁၄ဝ နီးပါး ဖြစ်လေသည်။ ရှမ်းပြည်နယ်၏ ကျော်ကြားသော စိုက်ပျိုးရေးလုပ်ငန်း တစ်ရပ်မှာ အားလူးစိုက်ပျိုးရေး ဖြစ်သည်။ အထူးသဖြင့် မြေ လပ်ပိုင်းဖြစ်သော ပင်းတယ၊ ပွေးလှ၊ အောင်ပန်း၊ သီဂျစ် စသည့် ဒေသများတွင် အားလူးစိုက်ပျိုးရေးသည် အဓိက လုပ်ငန်းတစ်ရပ်ပေတည်း။ ပြည်ထောင်စုမြန်မာနိုင်ငံတစ်ဝန်းလုံးမှ ထွက်သော အာလူး ၈၅ ရာခိုင်နှုန်းသည် ရှမ်းပြည်နယ်မှ ထွက် ၍ ၁၉၅၉-၆ဝ ပြည့်နှစ်အတွင်း အာလူးတန်ချိန် ၁၄,၈၂၈ ထွက်ရှိရာ သင့်ငွေတန်ဖိုးသည် သိန်း ၃ဝ နီးပါး ဖြစ်လေ သည်။

မြေပဲစိုက်ပျိုးရေးမှ သိန်းပေါင်း ၅ဝ ကျော် ဝင်ငွေရှိ၍ ပြည်နယ်ဦးစီးအဖွဲ့သည် မြေပဲတိုးချဲ့စိုက်ပျိုးရေးကို ဆောင်ရွက် လျက်ရှိသည်။ ထို့အပြင် ကြက်သွန်ဖြူမှ ဝင်ငွေ ၃၇ သိန်းကျော် ရှိ၍ ဂျုံ၊ ကာဖီစေ့၊ ဗာဂျီးနီးယားဆေးတို့မှလည်း သိန်းနှင့်ချီ၍ ဝင်ငွေရရှိလေသည်။

ရှမ်းပြည်မြောက်ပိုင်း သီပေါနယ်နှင့် တောင်ပိုင်းမှ ရပ် စောက်နှင့် မိုင်းကိုင်နယ်တို့မှ လိမ္မော်သီးအကြီးအကျယ်ထွက် သည်။ ရပ်စောက်နယ်ထွက် လိမ္မော်သီး အကြီးအကျယ် ထွက် သည်။ ရပ်စောက်နယ်ထွက် လိမ္မော်ကို ပြည်မ၌ အောင်ပန်း လိမ္မော်ဟု ခေါ်ကြသည်။ ဒုတိယကမ္ဘာစစ်မတိုင်မီက သီပေါ သည် ရပ်စောက်ထက် လိမ္မော်ထွက် ပိုသည်။ ယခု ရှမ်းပြည် နယ်မှထွက်သော လိမ္မော်သည် တန်ချိန် ၉ဝဝဝ ကျော်လေ သည်။

ဒုတိယကမ္ဘာစစ်ကြီး အပြီးတွင် သစ်သော့ခြံများကို တောင်ကြီး၊ အောင်ပန်း၊ ရပ်စောက် စသော နယ်များတွင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ယခုအခါ ပြည်မသို့ အများအပြား တင်ပို့လျက်ရှိပေပြီ။

သံလွင်မြစ်၏ အရှေ့ဘက်နယ်ခြားဒေသတစ်လျောက် ဘိန်းပင်များကို အကြီးအကျယ် စိုက်ပျိုးလုပ်ကိုင်ခဲ့ကြသော် လည်း ဘိန်းသည် တိုင်းရင်းသားများ၏ စာရိတ္တနှင့် ကျန်းမာ သန်စွမ်းရေးကို အကြီးအကျယ် ထိခိုက်စေသဖြင့် ဘိန်းပင် စိုက်ပျိုးမှု ပပျောက်စေရန် သက်ဆိုင်ရာအာဏာပိုင်များက ကြိုး ပမ်းလျက်ရှိလေသည်။

အင်းလေးရှိ ကျွန်းမျောများတွင် ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းသည်။ ကျွန်း မျောများပေါ်တွင် စိုက်ပျိုးရေးသည် သက်သာလွယ်ကူသည် မဟုတ်ပေ။ အင်းသားတို့၏ ချီးကျူးဖွယ်ကောင်းသော ဇွဲသတ္တိနှင့် လုံ့လဝီရိယတို့ကြောင့် ဖြစ်ထွန်းခြင်းပင်တည်း။

စိုက်ပျိုးရေးလုပ်ငန်းများအပြင် အခြားစီးပွားရေးလုပ်ငန်း များလည်း ရှမ်းပြည်နယ်တွင် ဆောင်ရွက်လျက် ရှိကြသေး သည်။ အင်းလေးဒေသမှ ပိုးထည်လုပ်ငန်းသည် ကြီးကျယ် ကျော်ကြားလှပေသည်။ ပိုးထည် အများဆုံးလုပ်ကိုင်သော ရွာ မှာ အင်းပေါခုံဖြစ်၍ နန်းပန်၊ သာလေးရွာများသည် ဒုတိယ အများဆုံး လုပ်ကိုင်သည်။ ဟဲလုံး၊ ရွာကန့်လန့်၊ ပြားပင်၊ ကျွန်းကြီးရွာများတွင် ဖျင်ဖြူ၊ ဖျင်နီများ ရက်လုပ်ကြသည်။ ညောင်ရွှေမြို့ပေါ်တွင်လည်း ပိုးထည်များကို ရက်လုပ်ကြ လေသည်။

အထည်ရက်လုပ်သော လုပ်ငန်းများအပြင် လဲချားနယ်မှ ယွန်းထည်လုပ်ငန်း၊ မိုင်းကိုင်နယ်မှ ရှမ်းစက္ကူ (မိုင်းကိုင်စက္ကူ) လုပ်ငန်းနှင့် အိုးခွက်လုပ်ငန်း၊ မိုင်းနောင်နယ်ထွက် ဝါးရက် ပစ္စည်း လုပ်ငန်းတို့လည်း ရှိပေသေးသည်။ ငွေထည်ပစ္စည်း များကိုလည်း ရှမ်းပြည်နယ် အနှံ့အပြား၌ လုပ်ကိုင်ကြသည်။ ဖော်ပြပါ လုပ်ငန်းများကို ရှေးသမားရိုးကျအတိုင်းပင် လုပ်ကိုင် နေကြ၍ အချို့သည် တွင်ကျယ်သင့်သလောက် မတွင်ကျယ် နိုင်ချေ။

 

 

ထင်ရှားသော မြို့ကြီးများ

..... ..... ... ..... ..... ... ..... ..... ... ..... ..... ... ..... ..... ... ..... ..... ... ..... ..... ... ..... ..... ... ..... ..... ... ..... ..... ... ..... ..... ... ..... ..... ... ..... ..... ... ..... ..... ... ..... ..... ... ..... ..... ... ..... ..... ... ..... ..... ... ..... ..... ... ..... ..... ... ..... ..... ... ..... ..... ... ..... ..... ... ..... ..... ... ..... ..... ... ..... ..... ... 

 

ထင်ရှားသော မြစ်များ

..... ..... ... ..... ..... ... ..... ..... ... ..... ..... ... ..... ..... ... ..... ..... ... ..... ..... ... ..... ..... ... ..... ..... ... ..... ..... ... ..... ..... ... ..... ..... ... ..... ..... ... ..... ..... ... ..... ..... ... ..... ..... ... ..... ..... ... ..... ..... ... ..... ..... ... ..... ..... ... ..... ..... ... ..... ..... ... ..... ..... ... ..... ..... ... ..... ..... ... ..... ..... ... 

 

 

 

 

အစိုးရအဖွဲ့

လွှတ်တော်

သတင်းများ

ဆက်သွယ်ရန်

မူလသို့

တိုင်းရင်းသား လူမျိုးများ

koe-kantရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံ၊ ကုန်းကြမ်း၊ လောက်ကိုင်နှင့် ဟိုပန်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 18 guests and no members online