We have 708 guests and no members online

တောာင်ကြီး စက်တင်ဘာ   −   ၁၃

new 478

မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေကို ၂၀၀၅ခုနှစ် စက်တင်ဘာလ(၁၃)ရက်နေ့တွင် ပြဌာန်းခဲ့ပြီး ဥပဒေပြဌာန်းခဲ့သည့် စက်တင်ဘာလ(၁၃)ရက်ကို မြန်မာနိုင်ငံ၏ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အဖြစ် ၂၀၁၃ ခုနှစ် ကသတ်မှတ်ကျင်းပလာခဲ့ရာ ယခုဆိုလျှင် သတ္တမအကြိမ်မြောက်ရှိခဲ့ပြီဖြစ်၍ ယနေ့စက်တင်ဘာလ(၁၃)ရက်နေ့ နံနက်(၉)နာရီ ကတောင်ကြီးမြို့ မြို့တော်ခန်းမတွင် သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ ကျင်းပကြောင်းသိရ သည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က လူကုန်ကူးမှုပြဿနာသည် လူသားအချင်းချင်း စာနာမှုကင်းမဲ့စွာဖြင့် ခေါင်းပုံဖြတ်အမြတ်ထုတ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုတစ်ခုဖြစ်ပါကြောင်း၊ လူကုန်ကူးမှုများသည် ပုံသဏ္ဍာန်၊ နည်းလမ်း မျိုးစုံနှင့် ကမ္ဘာ့နေရာအနှံ့အပြားတွင် ဖြစ်ပွားလျက်ရှိပြီး တစ်ကမ္ဘာလုံးအတိုင်းအတာအနေဖြင့် လူကုန်ကူးမှု၏ ဒဏ်ခံနေရသည် ကိုတွေ့ရှိရပါကြောင်း၊ နိုင်ငံအလိုက် ဆင်းရဲ၊ ချမ်းသာ ကွာဟမှုအပေါ်မူတည်၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နောက်ကျသည့် နိုင်ငံများသည် လူကုန်ကူးမှု၏ဆိုးကျိုးများကို ပိုခံစားနေရသည်ကို တွေ့ရှိရပါကြောင်း၊ အသက်အရွယ်အလိုက် လူကုန်ကူးခံရ သူအမျိုးအစားကို ကြည့်မည်ဆိုပါက အမျိုးသား၂၉%၊ အမျိုးသမီး၄၈%၊ ကလေးသူငယ်အမျိုးသား၄%၊ အမျိုးသမီး၁၉% ပါဝင် ကြောင်းဖော်ပြထားသည်ကို တွေ့ရှိရပါကြောင်း၊ လူကုန်ကူးမှုအမျိုးအစားများတွင် လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု၆၀%၊ လုပ်အားခေါင်းပုံဖြတ်မှု၃၈%၊ အခြားလူကုန်ကူးမှု၂% ပါဝင်ကြောင်းနှင့် မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှုအမျိုးအစား များမှာအဓမ္မထိမ်းမြားလက်ထပ်ခြင်း၊ အဓမ္မပြည့်တန်ဆာပြုခြင်း၊ အဓမ္မခိုင်းစေခြင်း၊ ကလေးသူငယ်လူကုန်ကူးခြင်း၊ ကြွေးမြီနှင့် နှောင်ဖွဲ့ခိုင်းစေခြင်းဆိုသည့် ပုံစံ(၅)မျိုးဖြစ်ပွားခဲ့သည်ကိုလေ့လာတွေ့ရှိရပါကြောင်း၊ ၂၀၁၈ခုနှစ်အတွင်း လူကုန်ကူးမှုဖြစ်ပွား ခဲ့သည့် အဓမ္မထိမ်းမြားလက်ထပ်မှုရ၅.၂၄%၊ အဓမ္မပြည့်တန်ဆာပြုမှု၁၃.၅၉%၊ အဓမ္မအလုပ်ခိုင်းစေမှု၈.၇၄%၊ အငှားကိုယ်ဝန် ဆောင်မှု၁.၉၄%၊ အဓမ္မမွေးစားမှုဝ.၄၉% ဖြစ်ပွားခဲ့ကြောင်းနှင့် နိုင်ငံအလိုက်ဦးတည်ဖြစ်ပွားမှုအနေဖြင့် တရုတ်နိုင်ငံရ၉.၆၁%၊ ထိုင်းနိုင်ငံ၁.၄၆%၊ ပြည်တွင်း၁၈.၉၃% ဖြစ်ပွားခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏လူကုန်ကူးမှုများ ဖော်ထုတ်အရေးယူမှုအနေဖြင့် ဆဌမ အကြိမ်လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ ပြီးဆုံးသည့်အချိန်ကစ၍ ယနေ့အချိန်ထိ လူကုန်ကူးမှု(၂၁၀)မှု၊ လူကုန်ကူးသူ ကျား(၃၂) ဦး၊ မ(၂၅၈)ဦး၊ စုစုပေါင်း(၂၉၀)ဦး စိစစ်သတ်မှတ်နိုင်ခဲ့ပြီး လူကုန်ကူးသူတရားခံကျား(၁၅၂)ဦး၊ မ(၃၃၄)ဦး၊ စုစုပေါင်း(၄၈၆)ဦး တို့ကိုထိရောက်ဟန့်တားလောက်သည့် ပြစ်ဒဏ်ရရှိရေးဆောင်ရွက်ခဲ့ပြီး၊ ရှမ်းပြည်နယ်အတွင်းတွင် လူကုန်ကူးမှု(၆၄)မှု၊ လူကုန်ကူးသူ ကျား(၁)ဦး၊ မ(၉၄)ဦး၊ စုစုပေါင်း(၉၅)ဦး ကယ်တင်နိုင်ခဲ့ပြီး လူကုန်ကူးသူတရားခံ ကျား(၅၃)ဦး၊ မ(၁၄၃)ဦး၊ စုစုပေါင်း(၁၉၆)ဦးတို့ကို ထိရောက်ပြစ်ဒဏ်ရရှိရေးဆောင်ရွက်နိုင်ခဲ့၍ လူကုန်ကူးမှုများကို စစ်ဆေးဖော်ထုတ်ရာတွင် ပြစ်မှု ကျူးလွန်မှုမှရရှိသည့် ငွေကြေးပစ္စည်းများကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ အရေးယူမှုများ ပိုမိုထိရောက်အောင် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ၂၀၁၉ခုနှစ် သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ ဆောင်ပုဒ် ဖြစ်သည့် “လူကုန်ကူးမှုအန္တရာယ် ဝိုင်းဝန်းပူးပေါင်းဒို့ကာကွယ်” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ အားလုံးပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးကြရန် ပြောကြားသွားသည်။

ဆက်လက်၍ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေး ကြိုးပမ်းဆောင်ရွက်မှုများအား (၁၀)မိနစ်စာနောက်ခံစကားပြော ဗီဒီယိုခွေပြသကာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ယုံကြည်ချက်သို့ မျှောလွင့်ရာ” လူကုန်ကူးမှုအသိပညာပေးဇာတ်လမ်း သရုပ်ဖော်ဖြင့်တင်ဆက်ကပြ၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် နှင့် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးလှဦးတို့မှ သရုပ်ဖော်တင်ဆက်ကပြသည့် အဖွဲ့ခေါင်းဆောင်များ အားအမှတ်တရလက်ဆောင်ပေးအပ်ချီးမြှင့်ပြီး၊ ခန်းမအတွင်းခင်းကျင်းပြသထားသောပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)