We have 640 guests and no members online

ရွာငံ ဇွန်    −    ၄

new 689

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရွာငံမြို့နယ်တွင် မိုးသီးကြွေကျမှုကြောင့် သီးနှံထိခိုက်ဧကများအတွက် တောင်သူ လယ်သမားအခွင့်အရေး၊ ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးအစီအစဉ်အရ စိုက်ပျိုးရေးသုံးသွင်းအားစုပစ္စည်း ပေးအပ်ပွဲကို ဇွန်(၄)ရက် နံနက်(၁၀)နာရီက ရွာငံမြို့ ဗထူးခန်းမ၌ကျင်းပကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က နိုင်ငံတော်မှ ကျေးလက်နေပြည်သူများ၏ လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ဘက်ပေါင်းစုံမှကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကြိုးပမ်းဆောင်ရွက်နေသည့်ကြားတွင် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာသောအခါ ရှောင်လွဲမရသောကြောင့် သီးနှံများထိခိုက်ပျက်စီးမှုကို ခံစားကြရ ပါကြောင်း၊ ၂၀၁၉ခုနှစ် ဧပြီလအတွင်း ရွာငံမြို့နယ်တွင် လေပြင်းတိုက်ခတ်ပြီး မိုးသီးများကြွေကြမှုကြောင့် ကော်ဖီ၊ လက်ဖက်၊ ထောပတ်၊ သံပုရာ၊ ဒညင်း၊ လိမ္မော်၊ ကမ္ဗလာ၊ သရက်နှင့် ဟင်းသီးဟင်းရွက်စိုက်ခင်းများတွင် အဖူး၊ အပွင့်၊ အသီးများ ကြွေကျခြင်း၊ အကိုင်းများကျိုးကျဒဏ်ရာရခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးများနှင့်အတူ ကိုယ်တိုင်လာရောက်ကြည့်ရှုကာ မိုးသီးဒဏ်ကြောင့် ထိခိုက်မှုအခြေအနေများ မှန်ကန်စေရေး၊ စနစ်တကျစာရင်းပြုစု စေခဲ့ပါကြောင်း၊ တောင်သူလယ်သမားအခွင့်အရေး၊ ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေ ရည်ရွယ်ချက်များမှာ သဘာဝဘေးအန္တရာယ်ကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးမှုများရှိပါက ထောက်ပံ့ကူညီရန်ဟူသော အချက်တစ်ချက်ပါရှိရာ ထိခိုက်နစ်နာခဲ့သောတောင်သူများကို ယခုကဲ့သို့ထောက်ပံ့ပေးအပ်မှုများပံ့ပိုးပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ရာသီသီးနှံထိခိုက်မှုများ အတွက်မျိုးစပါးများနှင့် နှစ်ရှည်သီးနှံ ထိခိုက်မှုများအတွက် ပေါင်းစည်းလယ်ယာသဘာဝမြေသြဇာများအပြင် ဆေးဖြန်းပုံးများကိုပါ ပံ့ပိုးပေးသွားမည်ဖြစ်ပြီး ပံ့ပိုးမှုကြောင့်တောင်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းတွင်အထိုက်လျောက် အထောက်အကူဖြစ်မည်ဟုမျှော်လင့်ပါကြောင်း၊ တောင်သူများအနေဖြင့်လည်း ကြုံတွေ့လာရသောရှောင်လွှဲလို့မရသည့် သဘာဝဘေးအန္တရာယ်များကို စိတ်ပျက်အားငယ်မနေဘဲ နိုးကြားတက်ကြွစွာ ပြန်လည်နိုးထကြိုးစားသွားရန် ပြောကြား သွားသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးအေးကိုကိုမှ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးအစီအစဉ်အရ သဘာဝဘေးအန္တရာယ်ကျရောက်မှုကြောင့် သီးနှံထိခိုက်ပျက်စီး ဧကများအတွက် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဆောင်ရွက်နေမှုများအားရှင်းလင်းတင်ပြပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌဦးအာကာလင်း၊ ပြည်နယ် စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးစိုင်းလုံကျော်၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဦးစိုင်းစွံဆိုင်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဦးအေးကိုကိုတို့မှ တောင်သူများအား ရွှေရင်အေးစပါးမျိုး၊ ဆေးဖြန်းပုံး၊ ပေါင်းစည်းလယ်ယာသဘာဝ မြေသြဇာတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943