တောင်ကြီး မေ   −   ၃၁

new 694

ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများ၏ အကျိုးဆက်ဖြစ်သည့် ဘေးအန္တရာယ်ဖြစ်ပွားမှုဖြစ်စဉ်များတွင် ရှမ်းပြည်နယ် အပါအဝင် ကမ္ဘာ့နေရာဒေသအသီးသီး၌ သိသိသာသာတွေ့ကြုံရင်ဆိုင်နေရသောကြောင့် ရှမ်းပြည်နယ်သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ (၁/၂၀၁၉)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ(၃၁)ရက် နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။

ရှမ်းပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နွေရာသီကာလတွင် စိမ့်စမ်းရေထွက်များ ခမ်းခြောက်လာမှုနှင့် မြေအောက်ရေ ခမ်းခြောက်လာမှု၊ ရာသီဥတုပူပြင်းမှုများကြောင့် ရေရှားပါးမှု ကြုံတွေ့နေရသည့် ဒေသများပိုမိုကျယ်ပြန့်လာသလို အပူချိန်လွန်ကဲမှု၏ အကျိုး ဆက်ကြောင့်လေပြင်းတိုက်ခတ်မှု ဖြစ်စဉ်များလည်း ပိုမိုများပြားလာသည်ကိုတွေ့ရမှာဖြစ်ကြောင်း၊ သဘာဝဘေးဖြစ်ပွားမှု၏ အဓိကအကြောင်းအရင်းဖြစ်သည့် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု ဖြစ်စေသော အကြောင်း အရင်းများကိုရှာဖွေဖော်ထုတ်ပြီး ဒေသအလိုက်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပြည်သူလူထုတစ်ရပ်လုံး ဟန်ချက်ညီညီပူးပေါင်းပါဝင်ဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်သည့်အတွက် ဖွဲ့စည်းထားရှိပြီး ဖြစ်သော ပြည်နယ်အဆင့် မှမြို့နယ်အဆင့်၊ ရပ်ကွက်/ကျေးရွာများအဆင့်ထိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့များအလိုက် ကြိုတင် ကာကွယ်ရေးမှ ရင်ဆိုင်တုန့်ပြန်ဆောင်ရွက်ရေးအထိ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်အဆင့်ဆင့်ကို စနစ်တကျစီမံခန့်ခွဲ ဆောင်ရွက်သွားရန် လိုအပ်မှာဖြစ်ကြောင်း၊ ဘေးကင်းလုံခြုံသည့် ရှမ်းပြည်နယ်ကြီးဖြစ်လာစေရန် အစည်းအဝေးကို တက်ရောက်လာကြသည့် ပြည်နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များအားလုံးနှင့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ကြီးများအားလုံးမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးစိုးနိုင်မှ ရှမ်းပြည်နယ် အတွင်းဘေးဖြစ်ပွားမှုနှင့် သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ပြည်နယ်မီးသတ်ဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးတင်မင်းမှ ရှမ်းပြည်နယ်အတွင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် မီးဘေး ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ပြည်နယ်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ပြည်နယ် ဦးစီးမှူးဦးကိုချိုမှ ရှမ်းပြည်နယ်အတွင်းမိုးလေဝသနှင့်ဇလဗေဒဆိုင်ရာ တိုင်းတာရရှိမှုအခြေအနေများ၊ ပြည်နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဒေါ်စိန်မမမှ ရာသီဥတုပြောင်းလဲလာမှုအခြေအနေများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆောင်ရွက်ထားမှုအခြေအနေများအား အသီးသီးရှင်းလင်းတင်ပြကြသည်။

ထို့နောက် တက်ရောက်လာသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များမှ အထွေထွေ ဆွေးနွေးတင်ပြကြပြီး၊ ရှမ်းပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်မှ နိဂုံးချုပ်စကားပြောကြားကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943