တောင်ကြီး  မေ  −     ၂၈

new 695

“ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့” ဆိုသည့် ပညာရေးဆောင်ပုဒ်ထားပြီး ဆောင်ရွက်နေသည့်အတိုင်း မေ(၂၈)ရက် နံနက်(၈)နာရီခွဲက တောင်ကြီးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၁၉ −၂၀၂၀ ပညာသင်နှစ် ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ကျင်းပကြောင်းသိရသည်။

၂၀၁၉−၂၀၂၀ ပညာသင်နှစ် ရှမ်းပြည်နယ် (တောင်ပိုင်း) ပြည်နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ဖွင့်ပွဲကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ကျောင်းပြင်ပနှင့်တစ်သက်သာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်း၊ ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးဝင်းမောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ KG တန်းကျောင်းသား/ ကျောင်းသူ လေးများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်းရွှေမြင့်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့က အခမဲ့ဗလာစာအုပ်များပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းသား/ကျောင်းသူလေးများက “ကျောင်းအပ်ဆို့လေ”သီချင်းဖြင့်သီဆိုဖွင့်လှစ်ပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပညာရေးကို KG+5+4+3 ဆိုသည့်စနစ်သစ်နှင့်စတင်အကောင်အထည်ဖော်ခဲ့သည်မှာ ယခုနှစ်ဆိုလျှင် Grade-3 နှင့် အလယ်တန်းအဆင့်တွင် Grade -6 ကို စတင်နေပြီဖြစ်ကြောင်း၊ နွေရာသီပိတ်ရက်များတွင် ဆရာ/ဆရာမများကို ဗဟိုအဆင့်၊ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်စသည်ဖြင့် သင်တန်းများ အဆင့်ဆင့်ပြုလုပ်ပေးခဲ့သည်မှာ အားလုံးအသိ ဖြစ်ပါကြောင်း၊ ယခုလာမည့် ၂၀၁၉−၂၀၂၀ ပညာသင်နှစ်တွင် နိုငငံတော်မှ မူလတန်းအဆင့် KG မပါဘဲကျန်သည့်အတန်းကို ကျောင်းသားတစ်ဦးလျှင် ဗလာစာအုပ်တစ်ဒါဇင်နှင့် ကျောင်းသုံးပြဌာန်းစာအုပ် တစ်စုံစီ ထောက်ပံ့ပေးသွားမှာဖြစ်ပြီး အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်ကို ကျောင်းသုံးပြဌာန်းစာအုပ် တစ်ဦးလျှင်တစ်စုံစီထောက်ပံ့ပေးသွားမှာ ဖြစ်ကြောင်း၊ ကလေးများ၏ ပညာရေးအခြေအနေ စိတ်အခြေအနေတိုးတက်ကောင်းမွန်ရန် မိဘနှင့်ဆရာပူးပေါင်းကြပြီး “မိဘဆရာပူးပေါင်းကလေးပညာကောင်း” ဆိုသည့်အတိုင်း မိဘနှင့်ဆရာတွေ့ထိကြရန်၊ ရင်းနှီးစွာဆွေးနွေးကြရန်၊ နားလည်မှု ယူကြရန်၊ နည်းလမ်းရှာကြံရန် ပြောကြားသွားသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဒေါက်တာ ဇော်ဝင်းက အမှာစကားပြောကြားပြီး၊ ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ ရှမ်းပြည်နယ် ပြည်နယ်ပညာရေးညွှန်ကြားရေးမှူး ဦးဝင်းမောင်က ရှင်းလင်းတင်ပြကာ အလှူရှင်များက အလှူငွေနှင့်ပစ္စည်းများလှူဒါန်းပေးအပ်ရာ ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူးဦးဝင်းမောင်နှင့်တာဝန်ရှိသူတို့က အသီးသီးလက်ခံရယူကြကာ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းသား/ကျောင်းသူများက “ဘက်စုံပညာရည်ဒို့လှမ်းချီ “သီချင်းသီဆို၍ အခမ်းနားကိုရုတ်သိမ်းလိုက်ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉-၂၅၀၁၃၂၉၄၃