တောင်ကြီး မေ  -  ၂၂

new 704

၂၀၁၉ခုနှစ်၊ အသက်(၂၅)နှစ်အောက် တိုင်းဒေသကြီးနှင့်ပြည်နယ်အမျိုးသားအမျိုးသမီးဘော်လီဘောပြိုင်ပွဲ၊ ဖွင့်ပွဲကို မေ(၂၂)ရက် နံနက်(၈) နာရီခွဲက တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားတွင်ဖျော်ဖြေရေးအစီအစဉ်ဖြင့်တင်ဆက်ရာ ကိန္နရီကန္နရာ၊တိုးနယား ရှမ်းကြီးသိုင်းအကဖြင့် ဖျော်ဖြေ တင်ဆက်ပြီးတောင်ကြီးပညာရေးကောလိပ်မှဆရာ၊ဆရာမများက ထာဝရသစ္စာတေးသီချင်းဖြင့် တိုင်းရင်းသားတိုင်းရင်းသူများ စုပေါင်းအကဖြင့်ဖျော်ဖြေတင်ဆက်ကြသည်။

ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများကွင်းအတွင်းနေရာယူ၍ ပြည်နယ်ဝန်ကြီးချုပ်အားအလေးပြုကြပြီး၊ ရှမ်း ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က တိုင်းဒေသကြီးနှင့် ပြည်နယ်ဘော်လီဘောပြိုင်ပွဲကို ကျင်းပ ပြုလုပ်ပေးရခြင်း၏ရည်ရွယ်ချက်မှာ မိမိနိုင်ငံတော်ကို ကိုယ်စားပြုနိုင်မည့် ထူးချွန်ထက်မြက်သော ဘော်လီဘောမျိုးဆက်သစ် လူငယ်အားကစားသမားများပေါ်ထွက်လာစေရေး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ဘော်လီဘောအားကစားသမားများ အချင်းချင်းစုစည်းတွေ့ဆုံ၍ ချစ်ခင်ရင်းနှီးမှုရရှိကြပြီး ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်လာစေရေးနှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူပြုစေရေးတို့အတွက်ဖြစ်ပါကြောင်း မြန်မာ့ဘော်လီဘောအားကစားအဆင့်အတန်း ပြန်လည်တိုးတက်အောင်မြင်လာစေရန်နှင့် မျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာစေရေးတို့အတွက် မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်၊ တိုင်းဒေသကြီး/ပြည်နယ်အားလုံးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများအားလုံးက အထူးအာရုံစိုက်ပြီး ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရန်၊ ပြိုင်ပွဲတွင်ပါဝင်မည့် ဒိုင်လူကြီးများကလည်း ဘက်လိုက်မှုကင်းပြီး ပြိုင်ပွဲဥပဒေ စည်းမျဉ်း/စည်းကမ်းများအတိုင်း တရားမျှတမှန်ကန်စွာဆုံးဖြတ်ဆောင်ရွက်ပေးကြရန်၊ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစား သမားများကလည်း မိမိတို့၏အစွမ်းအစအရည်အသွေးများကို အစွမ်းကုန်ဖော်ထုတ်ပြသပြီး အားကစားစိတ်ဓာတ် အပြည့်အဝနှင့် အကောင်းဆုံးပါဝင်ယှဉ်ပြိုင်ကစားကြရန်၊ နိုင်ငံတော်ကအားထားရမည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမား ကောင်းများဖြစ်လာအောင် ကြိုးစားသွားကြရန်ပြောကြားသည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်(၄)ချက်ရွတ်ဆိုကြပြီး၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းက ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုဆုငွေပေးအပ်ကာ ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့က တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲဝင်အမျိုးသား အမျိုးသမီးအားကစားသမားများအား လိုက်လံနှုတ်ဆက်ကြ၍ ပြိုင်ပွဲဝင်အားကစားသမားများက ကွင်းအတွင်းမှပြန်လည် ထွက်ခွာကြကြောင်းသိရသည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့သည် ပြိုင်ပွဲပထမပွဲစဉ်အဖြစ် အမျိုးသား ပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းနှင့်မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကိုကြည့်ရှုအားပေးကြသည်။ အဆိုပါအသက် (၂၅)နှစ်အောက် တိုင်းဒေသကြီးနှင့်ပြည်နယ်အမျိုးသားအမျိုးသမီးဘော်လီဘောပြိုင်ပွဲကို အုပ်စု(၄)စုခွဲ၍ ယှဉ်ပြိုင်ကြပြီး၊ အမျိုးသားအသင်း(၁၅)သင်း၊ အမျိုးသမီး(၁၃)သင်းပါဝင်ယှဉ်ပြိုင်ကြကာ ပြိုင်ပွဲကိုမေလ(၂၂)ရက်နေ့မှ (၃၁)ရက်နေ့အထိ နေ့စဉ်အမျိုးသားအမျိုးသမီး တစ်ရက်လျှင်(၆)ပွဲ ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943