တောင်ကြီး  မေ  -  ၁၇

new 712

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့ Royal Taunggyi Hotelတွင်မေ(၁၇)ရက် နံနက်(၉)နာရီက သစ်တောနည်း ဥပဒေ(မူကြမ်း)အား အကျိုးသက်ဆိုင်သူများထံ ချပြဆွေးနွေးခြင်းနှင့် အကျိုးသက်ဆိုင်သူများ၏ အကြံပြုချက်များရယူခြင်း ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကျင်းပကြောင်းသိရသည်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ယနေ့ကျင်းပပြုလုပ်သည့်အကျိုးသက်ဆိုင်သူများထံ သစ်တောနည်းဥပဒေ(မူကြမ်း)ချပြခြင်းနှင့် အကြံပြုချက်များရယူရေး ဆိုင်ရာဆွေးနွေးပွဲ၏ အဓိကမျှော်မှန်းရလဒ်မှာ သစ်တောဦးစီးဌာနနှင့် အကျိုးသက်ဆိုင်သူများ ပါဝင်သည့်ပွင့်လင်းမြင်သာမှု ရှိပြီးအားကောင်းသော ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်တစ်ခုအဖြစ် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် အကျိုး သက်ဆိုင်သူများနှင့် အပြုသဘောဆောင်သော ညှိနှိုင်းဆွေးနွေးမှုများမှတစ်ဆင့်အကျိုးသက်ဆိုင်သူများအကြား အပြန်အလှန် နားလည်မှုနှင့်ယုံကြည်မှုများ တိုးမြှင့်ရရှိလာစေရန် အကျိုးသက်ဆိုင်သူများအား သစ်တောဥပဒေနှင့် သစ်တောနည်းဥပဒေများ ကိုသေချာစွာ နားလည်သဘောပေါက်စေပြီး လုံခြုံအဆင်ပြေချောမွေ့သော အခင်းအကျင်းများ ပံ့ပိုးပေး၍ လွတ်လပ်စွာ အကြံဉာဏ်များပေးနိုင်ရန် အကျိုးသက်ဆိုင်သူများ၏ ဆွေးနွေးအကြံပြုချက်များကို သေချာစွာစနစ်တကျမှတ်တမ်းတင် သွားရန်ဖြစ်ကြောင်း၊ ဆွေးနွေးပွဲတွင်သစ်တောပြုစုထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ ဒေသခံတိုင်းရင်းသားပြည်သူများ၏ အကျိုးစီးပွားဆိုင်ရာကိစ္စရပ်များကို ပကတိလက်ရှိအခြေအနေအတိုင်းထင်ဟပ်၍ ကောင်းမွန်သောအကြံပြုချက်များ ရရှိမည် ဟုယုံကြည်ပါကြောင်း၊ ခိုင်မာအားကောင်းသည့် နည်းဥပဒေတစ်ရပ်ဖြစ်ပေါ်လာစေရေး အထောက်အကူပြုရန် အများအကျိုး ပြုပြီး ကောင်းမွန်သည့်အကြံပြုချက်များရှိနိုင်ရေးအတွက် တက်ရောက်လာသူများအားလုံးအနေဖြင့် အပြန်အလှန်လေးမှု ပွင့်လင်းမြင်သာမှု၊ အများအကျိုးအတွက်ရှေ့ရှုမှုများဖြင့် အပြုသဘောဆောင်ပြီး ချစ်ခင်ရင်းနှီးတက်ကြွစွာ ဝိုင်းဝန်းဆွေးနွေး ပေးကြရန်ပြောကြားသွားသည်။ အဆိုပါအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ သစ်တောဦးစီးဌာနမှဝန်ထမ်းများ အဖက်ဖက်မှဝိုင်းဝန်းကူညီထောက်ပံ့ ဆောင်ရွက်ပေးကြသော အစိုးရဌာနအဖွဲ့အစည်းများ၊ ပြည်တွင်း/ပြည်ပအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09−250132943