ကေလာ မေ - ၁

new 737

တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေး ကုမ္ပဏီလီမိတက် မိတ္ထီလာ-ကလော- တောင်ကြီး လမ်းပိုင်း၊ ကလော-တောင်ကြီးအပိုင်း အကျယ် ၄၈ ပေ ၄ လမ်းသွား ကတ္တရာကွန်ကရိလမ်းဖွင့်ပွဲကို မေ ၁ ရက် နံနက်ပိုင်းက ကလောတိုးဂိတ်၌ ကျင်းပကြောင်းသိရသည်။

အခမ်းအနားတွင် ဆောက်လုပ်ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်မှ အမှာစကား ပြောကြားပြီး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အာရှလမ်းမကြီး အမှတ်(၂)ဖြစ်သည့် မိတ္ထီလာ- တောင်ကြီး- ကျိုင်းတုံ- တာချီလိတ်လမ်း(ကလော- တောင်ကြီး လမ်းပိုင်း) အကျယ် ၄၈ ပေ ၄ လမ်းသွား ကတ္တရာကွန်ကရိ AC လမ်းဖွင့်ပွဲကို ကမ္ဘာ့ အလုပ်သမားနေ့ မေဒေးတွင် တိုက်ဆိုင်စွာဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ရှမ်းပြည်နယ်သည် ဧရိယာစတုရန်း မိုင်ပေါင်း ၆ သောင်းကျော်ကျယ်ဝန်းသော ပြည်နယ်တစ်ခုဖြစ်ပြီး၊ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် အတွက် လမ်းအဆင့်မြှင့်တင်ခြင်း၊ တံတားများတည်ဆောက်ခြင်း၊ အဆောက်အဦတည်ဆောက်ခြင်း၊ လျှပ်စစ် ဓါတ်အားတိုးတက်ထုတ်လုပ်ခြင်း/ ဖြန့်ဖြူးပေးနိုင်ရေးများစသည့် အခြေခံအဆောက်အဦများကို ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွင် လျင်မြန်သွက်လက်စေရန် လမ်းတံတား ကောင်းမွန်ရန်လိုအပ်ပြီး အချိန်တိုအတွင်း မိမိပို့ဆောင်လိုသည့် ဝန်စည်/ သွားလာလိုသည့်ခရီး ရည်မှန်းချက်ကို ဘေးကင်းလုံခြုံစိတ်ချစွာ အချိန်နည်းနည်း ငွေကြေးသက်သာစွာဖြင့်ရောက်ရှိ၍ သွယ်ဝိုက် စရိတ်များ လျော့နည်းစေမှာဖြစ်ကြောင်း၊ မိမိတို့အစိုးရသစ်တာဝန်ယူခဲ့သည့် ၃နှစ်တာကာလတွင် ရှမ်းပြည်နယ်အတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာနရှိ ဦးစီးဌာန ၅ ခုက ဆောင်ရွက်နိုင်ခဲ့သည့် ဖွံ့ဖြိုး တိုးတက်မှုအနေဖြင့် AC လမ်းခင်းခြင်း (၁၁၆)မိုင်၊ ကတ္တရာလမ်းသစ်ခင်းခြင်း (၄၇၇)မိုင်၊ ကွန်ကရိလမ်း ခင်းခြင်း(၁၉)မိုင်၊ အခိုင်အမာကွန်ကရိ တံတားနှင့် ရေပြွန်တည်ဆောက်ခြင်း (၂၆၇၀)စင်း၊ ရာသီမရွေးအသုံး ပြုနိုင်သော ကျေးလက်လမ်း (၂၁၇)မိုင်၊ ပြည်သူ့ဝန်ထမ်းအိမ်ရာနှင့် အငှားအိမ်ရာ (၇၁၆)ခန်း၊ အဆောက် အဦ ဦးစီးဌာနသို့ အပ်နှံဆောင်ရွက်ခဲ့သော အဆောက်အဦပေါင်း(၃၇၆)လုံး ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ High Land Road Construction Co.,Ltd ဥက္ကဋ္ဌ ဦးစိုင်းဖီးလစ်ရီ မှ လမ်းပိုင်းကိစ္စနှင့် ပတ်သက်၍ ဗွီဒီယိုမှတ်တမ်းဖြင့် ရှင်းလင်းပြသသွားခဲ့ပြီး၊ ကလော-တောင်ကြီးအပိုင်း အကျယ် ၄၈ ပေ ၄ လမ်းသွား ကတ္တရာကွန်ကရိလမ်း အဆင့်မြှင့်တင်တည်ဆောက်ပေးခြင်းအတွက် ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားကြောင်းသိရသည်။

ထို့နောက်ဖဲကြိုးဖြတ်ဖွင့်လှစ်မည့် မုဒ်ဦးမဏ္ဍပ်နေရာသို့ သွားရောက်နေရာယူကာ ကလော-တောင်ကြီး လမ်းပိုင်းအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး နှင့် တာဝန်ရှိသူအသီးသီးမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး လမ်းပိုင်းအား လှည့်လည်ကြည့်ရှုစစ်ဆေး ကြကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943