new 753

အာဆီယံခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေး ASEAN Tourism Committee Meeting)များကို အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် နိုင်ငံအမည်အက္ခရာစဉ်အလိုက် တစ်နှစ်လျှင် ၂ ကြိမ် ကျင်းပပြုလုပ်လျက် ရှိပြီး မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ်အတွက် ပထမအကြိမ်အစည်းအဝေးကို အလှည့်ကျအိမ်ရှင်နိုင်ငံအဖြစ် ၂၀၁၉ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၅ ရက်နေ့အထိ အင်းလေးဒေသရှိ Novatel Inle Lake Myat Min Hotel တွင် ကျင်းပကြောင်း သိရသည်။

အာဆီယံခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေး၏ ဖွင့်ပွဲကို ဧပြီ ၁ ရက်နေ့ မနက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွှန့်လွင်က တက်ရောက်၍ အဖွင့်အမှာစကားပြောကြားရာ အစည်းအဝေးသို့ တက်ရောက်လာကြသည့် အာဆီယံကိုယ်စားလှယ် တော်ကြီးများကို လှိုက်လှဲစွာကြိုဆိုပါကြောင်းနှင့် အာဆီယံခရီးသွားလုပ်ငန်းကဏ္ဍ၏ အရေးပါသော အစည်းအဝေးတစ်ခုကို မြန်မာနိုင်ငံ၏ ထင်ရှားကျော်ကြားသော ခရီးစဉ်ဒေသတစ်ခုဖြစ်သည့် အင်းလေး ဒေသတွင် ကျင်းပပြုလုပ်ခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ၂၀၁၈ ခုနှစ်အတွင်း အင်းလေးဒေသ သို့ နိုင်ငံခြားသားကမ္ဘာ့လှည့်ခရီးသည်စုစုပေါင်း (၁၆၀၀၀၀)ဦးခန့် လာရောက်လည်ပတ်ခဲ့ပြီး ပြင်သစ်လူမျိုး အများဆုံးဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရသည် အင်းလေးဒေသ၏ ခရီးသွားလုပ်ငန်းရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဆက်စပ်ဝန်ကြးဌာနများ၊ ပုဂ္ဂလိကအဖွဲ့ အစည်းများ၊ ဖွံ့ဖြိုးမှုမိတ်ဖွဲ့အဖွဲ့အစည်းများနှင့် အနီးကပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အင်းလေးဒေသ အား ယှဉ်ပြိုင်စွမ်းရည်မြင့်မားသည့် ခရီးစဉ်ဒေသအဖြစ် ပေါ်ထွန်းလာရေးအတွက် Destination Management Plan for Inle Lake Region (2014-2019)ကို ရေးဆွဲအကောင်ထည်ဖော်လျက်ရှိပါကြောင်း၊ အာဆီယံခရီးသွားလုပ်ငန်းတိုးတက်မှုများကို နှောင့်နှေးစေနိုင်သည့် နိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှု မညီမျှခြင်း၊ အခြေခံအဆောက်အဦ၊ ဝန်ဆောင်မှုအရည်အသွေး၊ လူ့စွမ်းအားအရင်းအမြစ်စသည့် ကွာဟချက်များကို နည်းနိုင်သမျှ နည်းအောင် ကြိုးပမ်းသွားရမည်ဖြစ်ကြောင်းနှင့် ယခုအစည်းအဝေးမှ သည် အာဆီယံဒေသ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုမိုကောင်းမွန်သော ရလဒ်များကို ဖော်ထုတ်ဆွေးနွေးအဖြေရှာနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ ဧည့်သည်တော်ကြီးများ၏ ယခုခရီးစဉ်မှ တဆင့် အင်းလေးဒေသ၏ကောင်းသတင်းများကို မျှဝေပေးရန်မေတ္တာရပ်ခံပါကြောင်း ပြောကြားသွားသည်။

အဆိုပါအာဆီယံခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးကာလအတွင်း ဗီယက်နမ်နိုင်ငံ၊ ဟာလောင်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၂ ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်းဝန်ကြီးများအဆင့် အစည်းအဝေး၏ ဆွေးနွေးဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ရန်နှင့် အာဆီယံခရီးသွားလုပ်ငန်း မဟာဗျူဟာစီမံကိန်း ၂၀၁၆-၂၀၂၅ပါ လုပ်ငန်းလမ်းညွှန်ချက်များကို ဦးဆောင်နိုင်ငံများအလိုက် ရှေ့ဆက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်းနှင့် အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အာဆီယံခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူ ကိုယ်စားလှယ် ၇၀ ဦးနှင့် မြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ အခြားဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး)