We have 75 guests and no members online

တောင်ကြီး မတ် ၃၁

new 758

new 759

မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် အကြီးမားဆုံး ဆောက်လုပ်ရေးနှင့် အိမ်အသုံးဆောင်ပစ္စည်း အရောင်းစင်တာ ကြီးဖြစ်သော PRO 1 Global Home Center သတ္တမမြောက်ဆိုင်ခွဲဖြစ်သည့် အေးသာယာအရောင်းစင်တာ ဖွင့်ပွဲကို မတ် ၃၀ ရက် နံနက် ၉ နာရီက အေးသာယာမြို့၊ ပြည်ထောင်စုလမ်းမကြီးဘေး၌ ကျင်းပကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က မြန်မာနိုင်ငံ၌ ဖွင့်လှစ်ထားသော PRO 1 Global Home Center ကြီးသည် အာဆီယံတွင် ဒုတိယအကြီးမားဆုံးစင်တာကြီးအဖြစ် အဆင့်ဝင်သည်ကို တွေ့ရ သည့်အတွက် ရှမ်းပြည်နယ်အနေဖြင့် ဂုဏ်ပြုဝမ်းမြောက်မိပါကြောင်း၊ PRO 1 သည် နိုင်ငံတကာအဆင့်မီစင်တာကြီး ကို ရှမ်းပြည်နယ်တွင် လာရောက်ဖွင့်လှစ်သည့်အတွက် ဒေသခံလူငယ်များသည် နိုင်ငံခြားသားများနှင့် ရင်ဘောင် တန်း စမတ်ကျကျလုပ်ကိုင်နေကြသည်ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံခြားထိ သွားရောက်လုပ်ကိုင်စရာမလိုဘဲ နိုင်ငံတကာအဆင့်မီ အလုပ်ကိုင်အခွင့်အလမ်းများ ရှမ်းပြည်နယ်အတွင်း၌ ရှိနေသည်ကို ကြိုဆိုရမည့် အချက်ဖြစ်ပါ ကြောင်း၊ ရှမ်းပြည်နယ်တွင် PRO 1 Global Home Center (အေးသာယာစင်တာ)၏ Grand Opening ဖွင့်ပွဲမှသည် နိုင်ငံတကာအဆင့်မီ One Stop Home Center ကြီးများကို နိုင်ငံစီးပွားဖွံ့ဖြိုးရေးအတွက် လိုအပ်သော မြို့တိုင်းတွင် ပိုမိုဖွင့်လှစ်နိုင်ပါရန် ပြောကြားသွားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ညောင်ရွှေမြို့နယ်၊ ဟဲယာ ရွာမ၌ ကျင်းပသော အင်းလေးဒေသလုံးဆိုင်ရာ ပရိယတ္တိသာသနာပါလကအသင်း (၄၈)ကြိမ်မြောက် စာပွဲတော် အောင်ဆုနှင်းသဘင်နှင့် ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားသို့ တက်ရောက်ကာ စာဖြေသံဃာတော်များအား အောင်လက်မှတ်ဘွဲ့တံဆိပ်တော်များကို ဆက်ကပ်၍ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ မိုင်းသောက်ကျေးရွာရှိ မိုင်းသောက်ပထမစာသင်တိုက်ဆရာတော် အဘိဓဇမဟာရဌဂုရုဘွဲ့တံဆိပ်တော်ရဆရာတော်အား ဘွဲ့တံဆိပ်ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ဆက်ကပ်လှူဒါန်းပြီး လှူဖွယ်ဝတ္ထုပစ္စည်းများကို ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်က ဆက်ကပ်လှူဒါန်းကာ နဝကမ္မဝတ္ထုငွေများကို ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီး ဥက္ကဌ ဦးခွန်စံလွင်မှ ဆက်ကပ်လှူဒါန်း၍ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဘိဓဇမဟာရဌဂုရု နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယဥက္ကဌ မိုင်းသောက်ပထမစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော်ဘုရားထံ ငါးပါးသီလ ခံယူဆောက်တည်ကြကြောင်း သိရသည်။

အဆိုပါ ၄၈ ကြိမ်မြောက် စာပွဲတော်တွင် ပ ဉ္စမအဆင့်တွင် စာရင်းရှိ ၂၂ ပါး၊ ဖြေဆို ၂၁ပါး၊ အောင်မြင် ၉ ပါး၊ စတုတ္ထအဆင့်တွင် စာရင်းရှိ ၃၅ ပါး၊ ဖြေဆို ၃၄ ပါး၊ အောင်မြင် ၂၄ ပါး၊ တတိယအဆင့်တွင် စာရင်းရှိ ၆၃ ပါး၊ ဖြေဆို ၆၂ ပါး၊ အောင်မြင် ၂၁ ပါး၊ ဒုတိယအဆင့်တွင် စာရင်းရှိ ၈၁ ပါး၊ ဖြေဆို ၈၀ ပါး၊ အောင်မြင် ၅၂ ပါး၊ ပထမအဆင့်တွင် စာရင်းရှိ ၁၂၅ ပါး၊ ဖြေဆို ၁၁၀ ပါး၊ အောင်မြင် ၆၆ ပါး၊ မူလတန်းအဆင့်တွင် စာရင်းရှိ ၁၉၄ ပါး၊ ဖြေဆို ၁၉၂ ပါး၊ အောင်မြင် ၁၃၇ ပါး၊ စုစုပေါင်း ၃၀၉ ပါးအောင်မြင်ပြီး ဖြေဆိုသည့် သံဃာပေါင်း ၅၂၂ပါးရှိကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09250132943