We have 538 guests and no members online

တောင်ကြီး ဖေဖော်ဝါရီ - ၁၃

new 801

မြန်မာနိုင်ငံဆရာဝန်အသင်း(တောင်ကြီး)၏ (၁၉)ကြိမ်မြောက် နှစ်ပတ်လည်ညီလာခံဖွင့်ပွဲကို ဖေဖော်ဝါရီ (၁၃)ရက် နံနက် ၈ နာရီက တောင်ကြီးမြို့၊ မြန်မာနိုင်ငံဆရာဝန်အသင်းခန်းမ၌ကျင်းပကြောင်းသိရသည်။

(၁၉)ကြိမ်မြောက် နှစ်ပတ်လည်ညီလာခံဖွင့်ပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် မြန်မာနိုင်ငံဆရာဝန်အသင်း(ဗဟို) ဒုတိယဥက္ကဌပါမောက္ခချုပ် ဒေါက်တာ အေးအောင် တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် ဆေးနှင့်ဆေးပစ္စည်းပြခန်းများအား လှည့်လည်ကြည့်ရှုကြသည်။

ဆက်လက်၍ ခန်းမအတွင်း၌ ဆရာဝန်များ၏ အဓိဌာန်ပြုကတိသစ္စာအား စုပေါင်းရွတ်ဆိုကြပြီး၊ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က မြန်မာနိုင်ငံဆရာဝန်အသင်း(တောင်ကြီး)၏ နှစ်ပတ်လည်ညီလာခံကို စဉ်ဆက်မပြတ် စည်ကားသိုက်မြိုက်စွာ ကျင်းပလာသည်မှာ (၁၉)ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း၊ နှစ်ပတ်လည်ညီလာခံနှင့်အတူ ဆေးပညာ ဖွံ့ဖြိုးရေး စာတမ်းဖတ်ပွဲများ၊ ဆရာဝန်များအချင်းချင်း ရင်းနှီးချစ်ကြည်မှုရရှိစေပြီး၊ အားကစားပြိုင်ပွဲများ၊ ဆေးကုမ္ပဏီ အသီးသီးမှ နောက်ဆုံးပေါ်ဆေးဝါးနှင့် ဆေးပစ္စည်းပြခန်းများနှင့် မြိုင်မြိုင်ဆိုင်ဆိုင်ကျင်းပသည်ကို သိရပါကြောင်း၊ ညီလာခံတွင် အနယ်နယ်အရပ်ရပ်မှ ပညာရှင်ဆရာကြီး၊ ဆရာမကြီးများမှ စာတမ်းများဖတ်ကြားသွားမည်ဖြစ်၍ ဆွေးနွေးပွဲမှ ရရှိလာမည့်ရလဒ်များသည် ရှမ်းပြည်နယ်ရှိ ပြည်နယ်သူ၊ ပြည်နယ်သားများကို ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် များစွာ အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဦးတည်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဟုမျှော်လင့်ပါကြောင်း၊ ဒေသတွင်း ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဌာနများ အသီးသီးပေါင်းစပ်၍ ဆောင်ရွက်လျှက်ရှိ ပါကြောင်း၊ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ကျန်းမာရေးဝန်ကြီးဌာနမှ ရှမ်းပြည်နယ်အတွင်းရှိ ဆေးရုံများနှင့် ကျန်းမာရေးဌာနများအတွက် တင်ဒါစနစ်ဖြင့် ဆေးဝါးများဝယ်ယူရန် ရန်ပုံငွေစုစုပေါင်း (၁၈၃၄)သန်းကျော် ခွဲဝေချထားပေးပြီး ဖြစ်၍ ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် စနစ်တကျ တင်ဒါခေါ်ယူကာ အောင်မြင်သော ဆေးကုမ္ပဏီများမှ တဆင့် ဆေးရုံများ၊ ကျန်းမာရေးဌာနများအရောက် ဖြန့်ဖြူးထောက်ပံ့ပေးနေသည်ကိုအသိပေးလိုကြောင်း၊ အထွေထွေရောဂါကု ဆရာဝန်များသည် မြို့ပြ၊ ကျေးလက်နေရာအနှံ့တွင် ပြည်သူများနှင့် အနီးဆုံးနေရာတွင် ရှိနေသည့်အတွက် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုပေးသည့် ကဏ္ဍတွင် ကူညီဆောင်ရွက်ပေးကြရန်သာမက ရောဂါတိုက်ဖျက်ရေးနှင့် ကျန်းမာရေး ပညာပေးခြင်း လုပ်ငန်းများကို ပူးပေါင်းပါဝင်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသွားသည်။

ထို့နောက် မြန်မာနိုင်ငံဆရာဝန်အသင်း(ဗဟို) ဒုတိယဥက္ကဌပါမောက္ခချုပ် ဒေါက်တာ အေးအောင်က အမှာစကား ပြောကြားသည်။ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း(ဗဟို) ဒုဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံဆရာဝန်အသင်းဝင်များ တက်ရောက်ကြပြီး၊ အခမ်းအနားကို ဖေဖော်ဝါရီ (၁၃)ရက်မှ (၁၆)ရက်နေ့အထိကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

ခရိုင် ပြန်/ဆက်

09250132943