We have 71 guests and no members online

တောင်ကြီး ဖေဖော်ဝါရီ - ၂

new 803

ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ်ကို ဖေဖော်ဝါရီ ၂ ရက် နံနက် ၈ နာရီခွဲက ညောင်ရွှေမြို့နယ်၊ ဟူပင်ခေါင်တိုင်ဟိုတယ်၊ အင်းလေးကန်၌ ကျင်းပသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက အဖွင့် အမှာစကားပြောကြားရာ ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ်အခမ်းအနားကို မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်က စတင်ပြီး နှစ်စဉ်ကျင်းပခဲ့ကြောင်း၊ ယခု ၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ရေဝပ်ဒေသများနေ့၏ ဆောင်ပုဒ်မှာ "Wetlands and Climate Change" "ရာသီဥတုပြောင်းလဲမှုလျော့နည်းရေး ရေဝပ်ဒေသများမှ ကူညီပေး" ဖြစ်ပါကြောင်း၊ ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်နှင့် ဆက်စပ်နေသော စားနပ်ရိက္ခာထုတ်လုပ်ခြင်း၊ အေးမြခြင်း၊ သဘာဝဘေးအန္တရာယ်ကို ကြံကြံခိုင်နိုင်ခြင်းစသည့် ရေဝပ်ဒေသမှရသော ဂေဟစနစ်ဝန်ဆောင်မှုကို ယခုနှစ်ဆောင်ပုဒ်က ထင်ဟပ်စေ ပါကြောင်း၊ မြန်မာနိုင်ငံတွင် ကမ္ဘာ့ရေဝပ်ဒေသများနေ့အထိမ်းအမှတ်အခမ်းအနားကို နိုင်ငံအဆင့်အခမ်းအနား အဖြစ် ရန်ကုန်၊ နေပြည်တော်နှင့် မိုးယွန်းကြီးအင်းတို့တွင် တစ်လှည့်စီကျင်းပခဲ့ပြီး ယခု ၂၀၁၉ ခုနှစ်တွင် အင်းလေးကန်၌ ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပါကြောင်း၊ ယခုတစ်ချိန်တည်းတွင် မြန်မာနိုင်ငံ၏ ရမ်ဆာ ရေဝပ်ဒေသ ထိန်းသိမ်းရေးနယ်မြေဖြစ်သည့် မိုးယွန်းကြီးအင်း၊ အင်းတော်ကြီးကန်နှင့် မိန်းမလှကျွန်းတို့တွင် လည်း ကမ္ဘာ့ရေဝပ်ဒေသများနေ့အခမ်းအနားပြုလုပ်နေကြောင်း၊ ကမ္ဘာ့ရေဝပ်ဒေသများနေ့အခမ်းအနား ကျင်းပရခြင်းမှာ ရေဝပ်ဒေသရှိ ပြည်သူများအပေါ် အကျိုးပြုမှုများကို သိမြင်နိုးကြားလာစေပြီး ဆက်စပ်ပတ်သက်သူများက ရေဝပ်ဒေသထိန်းသိမ်းကာကွယ်ခြင်း၊ စီမံအုပ်ချုပ်ခြင်းနှင့် အကျိုးရှိစွာအသုံးချခြင်း (Wise Use) စသည်တို့ တွင် ပူးပေါင်းပါဝင်လာရန် ရည်ရွယ်ပါကြောင်း၊ ရေဝပ်ဒေသများသည် ဇီဝမျိုးစုံ၊ မျိုးကွဲများအတွက်သာမက ရေသယံဇာတနှင့် အရင်းအမြစ်များရရှိခြင်း၊ ရာသီဥတုပြောင်းလဲမှုလျော့ချခြင်းစသည့် လူ့အဖွဲ့အစည်း စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရန် အရေးပါသော ဂေဟစနစ်ဝန်ဆောင်မှုများကိုလည်း ပံ့ပိုးပေးလျက်ရှိကြောင်း၊ လယ်ယာ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ ခရီးသွားလုပ်ငန်းစသည့် ကဏ္ဍအတွက်လည်း ရေဝပ်ဒေသမှာ အထောက်အကူပြုပေးလျက်ရှိပါကြောင်း၊ စိုက်ပျိုး ရေးကို အခြေခံသည့် မြန်မာနိုင်ငံသည် ရေဝပ်ဒေသတွင် အင်မတန်အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိ ပါကြောင်း၊ ရေဝပ်ဒေသည် စိုက်ပျိုးမြေများအတွက် ရေသိုလှောင်သိမ်းဆည်းပေးပြီး မြေဆီလွှာကို ကောင်းမွန်စေ၍ စွန့်ပစ်ရေများကို သန့်စင်ပေးပြီး ပြန်လည်လည်ပတ်စေပါကြောင်း၊ ပြင်းထန်သည့်ရာသီဥတုဖြစ်စဉ်များကို သက်သာ စေပြီး ရာသီဥတုကို ထိန်းညှိပေးကာ အေးမြစေပါကြောင်း၊ စိုက်ပျိုးရေးကို ထိခိုက်စေသည့် ပိုးမွှားများကို သုတ်သင် ဖယ်ရှားပေးသည့် ငှက်များနှင့် အခြားမျိုးစိတ်များအတွက် ကျက်စားနယ်မြေများကို ပံ့ပိုးပေးပါကြောင်း၊ အမျိုးသား ရေဝပ်ဒေသမူဝါဒနှင့် မဟာဗျူဟာလုပ်ငန်းများကို ကာကွယ်ခြင်း၊ အကျိုးရှိစွာအသုံးပြုခြင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်း စီမံချက်များတွင် ရေဝပ်ဒေသတန်ဖိုးများကို ထည့်သွင်းခြင်း၊ ပူးပေါင်းပါဝင်လာခြင်း၊ သိမြင်နိုးကြားမှုအား မြင့်တင် ခြင်း၊ ဒေသနှင့် နိုင်ငံတကာရေဝပ်ဒေသအစီအစဉ်များတွင် ပါဝင်ခြင်း၊ မူဝါဒပဓာန (၆)ချက်နှင့် ရေးဆွဲ၍ အသိပေး လိုပါကြောင်း၊ နော်ဝေနိုင်ငံ ပတ်ဝန်းကျင်ရေးရာအေဂျင်စီနှင့် ပူးပေါင်းပြီး နိုင်ငံအဆင့်ရေဝပ်ဒေသစာရင်း ပြန်လည် ပြင်ဆင်ခြင်း၊ ရမ်ဆာရေဝပ်ဒေသအဖြစ် သတ်မှတ်နိုင်ရေး မဟာဗျူဟာရေးဆွဲခြင်း၊ မိုးယွန်းကြီးရမ်ဆာရေဝပ် ဒေသ အုပ်ချုပ်လုပ်ကိုင်မှုစီမံချက်ရေးဆွဲခြင်း၊ ဝန်ထမ်းများအတွက် ရေဝပ်ဒေသထိန်းသိမ်းကာကွယ်ခြင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်းတို့ကိုလည်း ပြုလုပ်လျက်ရှိကြောင်း၊ ၂၀၁၉ ခုနှစ် ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်း အမှတ်စာစီစာကုံးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ကျေးဇူးတင်ရှိပါ ကြောင်းနှင့် ရေဝပ်ဒေသထိန်းသိမ်းရေးကို ကူညီပံ့ပိုးပေးနေသည့် နော်ဝေနိုင်ငံအစိုးရနှင့် နော်ဝေပတ်ဝန်းကျင် ရေးရာ အေဂျင်စီကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ ကမ္ဘာအဝန်း ကြုံတွေ့နေရသည့် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်ကျရောက်မှုလျော့ချနိုင်ရန်အတွက် ရေဝပ်ဒေသများကို ထိရောက်စွာထိန်းသိမ်းကာကွယ်ရာ တွင် နိုင်ငံဖွံ့ဖြိုးရေး၊ ဒေသခံလူမှုစီးပွားတိုးတက်ရေးတို့အတွက် အကျိုးရှိရှိ စီမံခန့်ခွဲအသုံးချသွားရမည်ဖြစ်ကြောင်း၊ အလွန်အရေးပါသည့် ရေဝပ်ဒေသများကို ထိန်းသိမ်းကာကွယ်ရာတွင် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ ရေဝပ်ဒေသများနေ့ အထမ်းအမှတ်အခမ်းအနားကို ယခုလို ရှမ်းပြည်နယ်ရှိ အင်းလေးကန်တွင် လာရောက်ကျင်းပ ပေးသည့်အတွက် ဒေသခံပြည်သူများကိုယ်စား အလွန်ပင်ကျေးဇူးတင်ရှိပါကြောင်း၊ ရေဝပ်ဒေသဖြစ်သည့် အင်း၊ အိုင်၊ ကန်၊ မြစ်၊ ချောင်း၊ ဆည်နှင့် တမံများ ရေရှည်တည်တံ့ခိုင်မြဲမှသာ ပြည်နယ်အတွက် ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေ မည်ဖြစ်ပါကြောင်း ပြောကြားသွားသည်။

ထို့နောက် Ramsar Secretatiat နှင့် နော်ဝေနိုင်ငံ ပတ်ဝန်းကျင်ရေးရာအေဂျင်စီမှ အမှာစကားပြောကြားပြီး အင်းလေးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၏ ဗီဒီယိုပြသကာ ကမ္ဘာ့ရေဝပ်ဒေသများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်တို့က အသီးသီးဆုချီးမြှင့်ပေးကြပြီး အင်းလေးကန်အား ရမ်ဆာရေဝပ်ဒေသ အဖြစ် သတ်မှတ်ခံရခြင်း အသိအမှတ်ပြုလက်မှတ်အား သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ရှမ်းပြည်နယ် အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ရာ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်မှ လက်ခံရယူ၍ အမှတ်တရဓာတ်ပုံရိုက်ကူးကြကာ ဟိုတယ်အတွင်း ခင်းကျင်းပြသထားသော ပြခန်း များအား လှည့်လည်ကြည့်ရှုကြကြောင်း သိရှိရသည်။

အဆိုပါအခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ရေဝပ်ဒေသထိန်းသိမ်းစီမံအုပ်ချုပ်ခြင်းဆိုင်ရာ အမျိုးသားအဆင့် ကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေ သံရုံး နော်ဝေပတ်ဝန်းကျင်ရေးရာအေဂျင်စီ ((NEA)နှင့် ရမ်ဆာကွန်ဗင်းရှင်းတို့မှ ကိုယ်စားလှယ်များ၊ ရမ်ဆာနှင့် ရေဝပ်ဒေသကျွမ်းကျင်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပြည်တွင်း/ပြည်ပအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ဆုရရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)

ခရိုင်(ပြန်/ဆက်)ဦးစီးဌာန

၀၉၂၅၀၁၃၂၉၄၃