တောင်ကြီး ဇန်နဝါရီ - ၂၉

new 805

ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူးရုံးမှ ဦးစီး၍ မြန်မာ (GAP) အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲနှင့် သီးနှံအလိုက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း GAP သင်တန်းဖွင့်ပွဲကို ဇန်နဝါရီ ၂၉ ရက် နံနက် ၉ နာရီက တောင်ကြီးမြို့၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ ၌ ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က တောင်ကြီးခရိုင်အတွင်းရှိ မြို့နယ်များမှာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာများတွင် စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်အကောင်းများ GAP စနစ်ဖြင့် စိုက်ပျိုး ထုတ်လုပ်ခဲ့သော မိုးစပါးနှင့် အစေ့ထုတ်ပြောင်းသီးနှံ၊ ဆီဆိုင်မြို့နယ်မှ ၈ ဦးအဖွဲ့နှင့် ခမ်းမေတ္တာအမျိုးသမီးအဖွဲ့မှ ဆောင်ရွက်ခဲ့သော ငရုပ်နှင့် မြေပဲသီးနှံစိုက်တောင်သူများကို GAP အသိအမှတ်ပြုလက်မှတ်ပေးအပ်သွားမည် ဖြစ်ကြောင်း၊ GAP အသိအမှတ်ပြုလက်မှတ်ကို ၂၀၁၆- ၂၀၁၇ ခုနှစ်တွင် သရက်သီးနှံစိုက်ပျိုးသူ တောင်သူ (၁၇)ဦး၊ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် သရက်သီးနှံစိုက်ပျိုးသူ တောင်သူ (၁၂)ဦး၊ ခရမ်းချဉ်သီးစိုက်ပျိုးသူ တောင်သူ (၅၄)ဦး၊ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် သရက်သီးနှံစိုက်ပျိုးထုတ်လုပ်သော ခြံ(၁)ခြံနှင့် စိုက်ပျိုးတောင်သူ (၁၉)ဦး၊ ကော်ဖီသီးနှံ စိုက်ပျိုးထုတ်လုပ်သော ခြံ(၁)ခြံနှင့် စိုက်ပျိုးတောင်သူ (၁)၊ ခရမ်းချဉ်သီးနှံစိုက်ပျိုးသော အဖွဲ့ (၆)ဖွဲ့၊ စုစုပေါင်း တောင်သူ (၈၁)ဦးတို့ကို ပေးအပ်နိုင်ခဲ့ပြီး လက်ဖက်သီးနှံစိုက်ပျိုးသူ တောင်သူ(၁)ဦး၊ ယနေ့တွင် မိုးစပါး စိုက်ပျိုး ထုတ်လုပ်သူ တောင်သူအဖွဲ့ (၁၄)ဖွဲ့၊ ငရုပ်သီးနှံစိုက်ပျိုးထုတ်လုပ်သူ တောင်သူအဖွဲ့(၄)ဖွဲ့နှင့် (၅)ဦး၊ မြေပဲသီးနှံ စိုက်ပျိုးထုတ်လုပ်သူ တောင်သူအဖွဲ့ (၁)ဖွဲ့နှင့် အစေ့ထုတ်ပြောင်းသီးနှံ စိုက်ပျိုးထုတ်လုပ်သူ တောင်သူအဖွဲ့(၄)ဖွဲ့ တို့ကို GAP အသိအမှတ်ပြုလက်မှတ်ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်ဦးကြိုင်မှ မြန်မာ (GAP) အသိအမှတ်ပြုလက်မှတ်ပေးအပ်ခြင်းနှင့် သီးနှံအလိုက်စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်း GAP သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြကာ တောင်သူများအား မြန်မာ (GAP) အသိအမှတ်ပြု လက်မှတ်များကို ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်နှင့် တာဝန်ရှိသူတို့က အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။

စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများသင်တန်းတွင် အဓိကပို့ချမည့်အကြောင်းအရာများမှာ သီးနှံ များ ထုတ်လုပ်သည့်အခါ ဘေးအန္တရာယ်ကင်းရှင်းစွာ ထုတ်လုပ်နိုင်ရန်အတွက် လိုက်နာရမည့်စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ GAP နှင့်ပတ်သက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စိုက်ပျိုးသူ တောင်သူများ၊ GAP လက်မှတ်လျှောက်မည့်တောင်သူများအတွက် သင်တန်းများ ပို့ချသွားမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်တွင် သီးနှံထုတ်လုပ်မှု အားအကောင်းဆုံးဖြစ်၍ GAP ပတ်သက်သည့်သင်တန်းများကို ရှမ်းပြည်နယ်အတွင်းရှိ တောင်သူများကို ဆက်လက်ပို့ချသွားမည် ဖြစ်ကြောင်း ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝသီးနှံဌာနခွဲမှ ဦးစီးအရာရှိ ဒေါက်တာ ဝဏ္ဏထွန်းက ပြောသည်။

မောင်မောင်သန်း (တောင်ကြီး)

ခရိုင်(ပြန်/ဆက်)ဦးစီးဌာန

၀၉၂၅၀၁၃၂၉၄၃