We have 121 guests and no members online

တောင်ကြီး ဇန်နဝါရီ - ၁၄

new 809

ရှမ်းပြည်နယ်အတွင်း ဓါတ်သတ္တုအသေးစား၊ လက်လုပ်လက်စား ခွင့်ပြုမိန့်များထုတ်ပေးခြင်းနှင့် အသေးစားလုပ်ငန်း သဘောတူစာချုပ်ချုပ်ဆိုပွဲကို ဇန်နဝါရီ ၁၄ ရက် ညနေ ၃ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်သည် အကျယ်အဝန်းအားဖြင့် (၆၀၁၅၅.၂၃) စတုရန်းမိုင်းကျယ်ဝန်းပြီး ဓါတ်သတ္တုသယံဇာတများ စီးပွားဖြစ်ထုတ်လုပ်ရန် အလားအလာကောင်းများစွာ ရှိနေပါကြောင်း၊ လက်ရှိတွင် ဓါတ်သတ္တု (၂၄)မျိုးကို စမ်းသပ်တိုင်းတာရန်နှင့် တူးဖော်ထုတ်လုပ်ရန်အတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ခွင့်ပြုမိန့်များထုတ်ပေးထားပြီး၊ အကြီးစားထုတ်လုပ်ခွင့်(၃၉)ခု၊ အသေးစား ထုတ်လုပ်ခွင့်(၂၁၇)ခု၊ စမ်းသပ်တိုင်းတာခွင့်(၆၅)ခု၊ လက်လုပ်လက်စား(၂)ခု၊ စုစုပေါင်းခွင့်ပြုမိန့်(၃၂၃)ခု မြေဧရိယာစုစုပေါင်း (၈၂၅၃၃.၂၆)ဧကပေါ်တွင် နိုင်ငံတော်နှင့် အကျိုးတူလုပ်ငန်း ဆောင်ရွက်လျက်ရှိပြီး၊ ဓါတ်သတ္တုကဏ္ဍ မြေအသုံးချမှုအနေဖြင့် ရှမ်းပြည်နယ်တစ်ခုလုံး၏ (၀.၂၁၄%)သာရှိပါကြောင်း၊ ယနေ့အခမ်းအနားတွင် ကွင်းဆင်းစိစစ်ပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီသော အောင်ဆုဗွေကုမ္ပဏီမှမောက်မယ်မြို့နယ်အတွင်း စက်မှုတွင်းထွက်ကုန်ကြမ်းဂေါဒန်ကျောက် အသေးစားစမ်းသပ် တိုင်းတာရန်နှင့် ဦးဖိုးပု၊ ဦးမြင့်နိုင်၊ ဦးနီဆန်းဦးတို့၏ ရွာငံမြို့နယ်အတွင်း သံကြွယ်ဘော်ဆိုဒ် လက်လုပ်လက်စားထုတ်လုပ်ရန် ခွင့်ပြုမိန့်များကို စတင်ထုတ်ပေးရာ ကွင်းဆင်းစိစစ်ပြီး သတ်မှတ်ချက်များနှင့်ကိုက်ညီသော လုပ်ကွက်များကို ခွင့်ပြုမိန့်များ စဉ်ဆက်မပြတ် ထုတ်ပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသွားသည်။

သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ဌေးမှ အသေးစားလက်လုပ်လက်စား ခွင့်ပြုမိန့်ထုတ်ပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းရာ ၂၀၁၈ ခုနှစ်မေလမှစ၍ သတ္တုလုပ်ကွက်လျှောက်ထားမှုများ စတင်လက်ခံခဲ့ရာ ယနေ့ချိန်ထိ မြို့နယ်ပေါင်း (၁၉)မြို့နယ်မှ အသေးစားစမ်းသပ်တိုင်းတာလုပ်ကွက် (၁၁၃)ကွက်၊ လက်လုပ်လက်စား ထုတ်လုပ်ခွင့်လုပ်ကွက် (၂၁၂)ကွက်၊ စုစုပေါင်း(၃၂၅)ကွက် လျှောက်ထားလာကြပြီး (၂၂၄)ကွက်အားကွင်းဆင်းစိစစ်ပြီးဖြစ်ကြောင်းနှင့် (၃၉)ကွက်အား သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးသို့ သဘောထားမှတ်ချက် တောင်းခံ ထားကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း အသေးစား(၁၀)ကွက်နှင့် လက်လုပ်လက်စားအကွက်(၃၀)ကို ခွင့်ပြုမိန့်ထုတ် ပေးနိုင်ရေး လျာထားခဲ့ပြီး ဘဏ္ဍာငွေကျပ်သိန်းပေါင်း (၂၂၉.၄)သိန်းသာ ရည်မှန်းခဲ့သော်လည်း ယခုအသေးစား(၄)ကွက်နှင့် လက်လုပ်လက်စား(၃)ကွက်အား ခွင့်ပြုမိန့်စတင်ထုတ်ပေးသည်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာငွေစာရင်းသို့ ဘဏ္ဍာငွေကျပ် (၆၆.၂)သိန်းကို စတင်ပေးသွင်းနိုင်ခဲ့သဖြင့် လျာထားချက်ထက်ပိုမိုအကောင်အထည်ဖော်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ရှင်းလင်းသွားသည်။

ဆက်လက်၍ မောက်မယ်မြို့နယ်၊ လေကောင်ဒေသနှင့် ပူရာစန်းဒေသတို့၌ ဂေါဒန်ကျောက် အသေးစားစမ်းသပ် တိုင်းတာရန် ခွင့်ပြုမိန့်အား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ ပေးအပ်ထုတ်ပေးရာ အောင်ဆုဗွေကုမ္ပဏီတာဝန် ရှိသူ တစ်ဦးမှ လက်ခံရယူ၍လည်းကောင်း၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်မှ ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအုပ်စု၊ ခန္တောဒေသ၌ ဦးဖိုးပု၊ ကညို့ဒေသမှ ဦးမြင့်နိုင်နှင့် ဦးနီဆန်းတို့အား သံကြွယ်ဘော်ဆိုဒ် လက်လုပ်လက်စား ထုတ်လုပ်ရန်ခွင့်ပြုမိန့် တို့ကို အသီးသီးပေးအပ်ခဲ့ပြီး၊ မောက်မယ်မြို့နယ်၊ လေကောင်ဒေသနှင့် ပူရာစန်းဒေသတို့၌ ဂေါဒန်ကျောက် အသေးစားစမ်းသပ် တိုင်းတာရန် ရှမ်းပြည်နယ် လုပ်ကွက်စိစစ် ချထားပေးရေးအဖွဲ့နှင့် အောင်ဆုဗွေကုမ္ပဏီတို့ စာချုပ်၌ လက်မှတ်ရေးထိုးကြ၍ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

ခရိုင် ပြန်/ဆက်