We have 522 guests and no members online

တောင်ကြီး  ဇန်နဝါရီ  ၁၃

new 810

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့တွင် အမှတ်(၁၄)အခြေခံပညာအလယ်တန်း ကျောင်း၊၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုနှင်းသဘင်ပွဲကို ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် စန်းစန်းမင်္ဂလာခန်းမ၌ ကျင်းပရာရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ် လူမှုရေးဝန်ကြီးဒေါက်တာ မျိုးထွန်း တက်ရောက်ချီးမြှင့်ခဲ့သည်။

ပညာရည်ချွန်ဆုနှင်းသဘင်ကို အမှတ်(၁၄)အခြေခံပညာအလယ်တန်းကျောင်း၊ အဋ္ဌမတန်း ကျောင်းသား/ ကျောင်းသူများကဆုနှင်းသဘင်ပွဲတော်တို့နွဲပျော်သီချင်းဖြင့် သီဆို၍ဖွင့်လှစ်ခဲ့သည်။ ရှမ်းပြည်နယ် အစိုးရအဖွဲ့ပြည်နယ် လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းက အဖွင့်အမှာစကားပြောကြားသည်။ ပြည်နယ်ပညာရေးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးသန်းအေး၊ အမှတ်(၁၄)အခြေခံပညာအလယ်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းနှင်းရီတို့က နှုတ်ဆက် စကားပြောကြားပြီးနောက် မိဘဆရာအသင်း အလုပ်အမှုဆောင် နာယက ဦးခွန်မောင်ဘော်က ကျေးဇူတင်စကားပြောကြားခဲ့သည်။ ထို့နောက်မိဘဆရာအသင်း အလုပ်အမှုဆောင် စာရင်းစစ် ဒေါ်အေးနန္ဒာအောင်က ကျောင်းဆုပေးပွဲအလှူငွေ နှင့်ပတ်သက်၍ရ/သုံးငွေစာရင်းရှင်းတမ်း ကိုဖတ်ကြားတင်ပြ ခဲ့သည်။

၎င်းနောက် ပထမတန်းကျောင်းသူ သမီးလေးများက အင်းသားအက၊ သတ္တမတန်းကျောင်းသား/ ကျောင်းသူများ က ပြည်ထောင်စုရဲ့ ထာဝရအလှ အကဖြင့် ဖျော်ဖြေတင်ဆက်ပြီး၊ ဘက်စုံစံပြကျောင်းသားဆုနှင့် ထူးချွန်ဆုများကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့်တာဝန်ရှိသူများက ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကျောင်းသား/ကျောင်းသူများအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ အမှတ်(၁၄)အခြေခံ အလယ်တန်း ကျောင်းမှကျောင်းသား/ကျောင်းသူများက ပအိုဝ်းအက၊ မင်္ဂလာပါ၊ တောင်ယာဝင်ချိန်၊ ကျေးဇူးတင်ပါတယ်ရှင်၊ ရှမ်းဓားသိုင်း၊ ပန်းမြို့တော်၊ ပြုံးပြံုးလေးနေပါ၊ ဓနုအက၊ ပါးမှာနံ့သာခါးမှာပုဝါ၊ မောင့်ချစ်သူစသည့် သီချင်းအကများ ဖြင့်ဖျော်ဖြေ တင်ဆက်ခဲ့ကြကြောင်းသိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)