We have 532 guests and no members online

တောင်ကြီး မတ် - ၂၇

20
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက်၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်း(ဒဲဥ်သီးဗွေကွင်း)၌ မတ်(၂၇)ရက် နံနက်(၈)နာရီက ပအိုဝ်းအမျိုးသားနေ့ ကျင်းပကြောင်း သိရသည်။ အခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် ပအိုဝ်းအမျိုးသားအလံတော်ကို အလေးပြုကြပြီး ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များ အားအလေးပြုကြသည်။
ဆက်လက်၍ ပအိုဝ်းအမျိုးသားနေ့ပွဲတော်ဖြစ်မြောက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဖြားခွန်ဝင်းကိုမှ ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက သဝဏ်လွှာဖတ်ကြားရာ ပအိုဝ်း အမျိုးသားနေ့ကို ပအိုဝ်းတိုင်းရင်းသားအားလုံး ပါဝင်ဆင်နွှဲနိုင်ရန်နှင့် ရိုးရာယဥ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်ရေး၊ လက်ဆင့်ကမ်း အမွေခံယူထိုက်စေရေးနှင့် ပအိုဝ်းတိုင်းရင်းသားများအားလုံး အမျိုးသားနေ့ပွဲတော်ကို အနှစ်သာရရှိရှိ ပျော်ပျော်ရွှင်ရွှင်ဖြင့် အောင်မြင်စွာ ကျင်းပပြုလုပ်သွားနိုင်စေရေး စသည့်ရည်ရွယ်ချက်များနှင့် နှစ်စဥ်ကျင်းပ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသည်ကို သိရှိရပါကြောင်း၊ ပအိုဝ်းအမျိုးသားနေ့သည် ပအိုဝ်းအမျိုးသားအားလုံးအတွက် ထူးခြားသည့် ဂုဏ်ထူးဝိသေသများဖြင့် ပြည့်စုံသည့် နေ့ထူးနေ့မြတ်ပင်ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် အမျိုးသားနေ့ဟူသည် မိမိတို့လူမျိုးကို ပြန်လည်မှတ်တမ်းတင် ခြင်းပင်ဖြစ်ပြီး အမျိုးသားနေ့သည် ဇာတိသွေး၊ ဇာတိမာန် စိတ်ဓါတ်များ၊ အမျိုးသားရေး စိတ်ဓါတ်များ ကိန်းအောင်းလာစေရေး အတွက် လှုံ့ဆော်ပေးသည့် နေ့တစ်နေ့ ဖြစ်သည့်အတွက် အမျိုးသားနေ့သည် လူမျိုးတိုင်းအတွက် ထူးခြားသော နေ့တစ်နေ့ ဖြစ်ခဲ့ပါကြောင်း၊ ပအိုဝ်းတိုင်းရင်းသားတို့သည် မိမိတို့၏ထူးခြားသည့် သမိုင်းအစဥ်အလာကို အကြောင်းပြုပြီး “ဒဥ်သီးလာဗွေ” (တပေါင်းလပြည့်နေ့)ရောက်တိုင်း “ပအိုဝ်းအမျိုးသားနေ့”ကို နှစ်စဥ်မပျက်ကျင်းပခဲ့ရာ ယခုဆိုလျှင် (၇၂)ကြိမ်မြောက် တိုင်အောင် ကျင်းပနိုင်ခဲ့ပြီဖြစ်၍ ပအိုဝ်းအမျိုးသားနေ့ကို သာမန်ကျင်းပခြင်းမျိုး မဟုတ်တော့ဘဲ ပိုမိုကျယ်ပြန့် သစ်လွင်သည့် အဓိပ္ပါယ်နှင့် အနှစ်သာရကို ဆောင်ယူနိုင်မည့် နေ့ထူးရက်မြတ်အဖြစ် ပြောင်းလဲကျင်းပလာသည်ကို တွေ့ရပါကြောင်း ဖတ်ကြား သွားသည်။
ထို့နောက် ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်စင်ဖာအောင်ခမ်းထီမှ ပေးပို့လာသည့် သဝဏ်လွှာကို တာဝန်ရှိသူ တစ်ဦးမှ ဖတ်ကြားပြီး အလှူငွေများ ပေးအပ်ရာ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့မှ အလှူငွေကျပ် သိန်း(၂၀)ကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းမှ ပေးအပ်ရာ ပွဲတော်ဖြစ်မြောက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဦးခွန်ဝင်းကိုမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)
09-250132943