We have 70 guests and no members online

ကျိုင်းတုံ ဧပြီ - ၂၉

42
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့သည် ဧပြီ(၂၇)ရက် နံနက်(၇)နာရီက ကျိုင်းတုံမြို့ရှိ သီလဓမ္မကုန်းသာတောရကျောင်းတိုက်(ဝစီပိတ်) ဆရာတော်ဘုန်းတော်ကြီးအား သွားရောက်ဖူးမျှော်ကာ အာရုံဆွမ်းနှင့် လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး မဟာမြတ်မုနိဘုရားအား သွားရောက်ဖူးမျှော်၍ ပန်း၊ ရေချမ်း၊ ဆီမီး၊ ရွှေသင်္ကန်းဆက်ကပ်ကာ အလှူတော်ငွေများ ပေးအပ်လှူဒါန်းပြီး ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးပေးကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ကျိုင်းတုံမြို့ အမှတ်(၃) တပ်မတော်စစ်ဆေးရုံသို့ သွားရောက်ကာ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ထောက်ပံ့ငွေကျပ်သိန်း(၃၀)ကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ အမှတ်(၃)တပ်မတော် စစ်ဆေးရုံဆေးတပ်ရင်းမှူးမှ လက်ခံရပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားကာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းမှူးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များသည် ဆေးရုံတွင် လာရောက်ဆေးကုသနေသောလူနာများအား သွားရောက်ကြည့်ရှုကာ စားစရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ကျိုင်းတုံမြို့ အထွေထွေရောဂါကုဆေးရုံသို့ သွားရောက်၍ ဆေးရုံအုပ်၊ ဆရာ/ဆရာမနှင့် ဝန်ထမ်းများအား တွေ့ဆုံရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ယနေ့နိုင်ငံတော်အခြေအနေသည် တည်ငြိမ်ရေးနှင့် အေးချမ်းရေးအတွက် တပ်မတော်မှ အာဏာထိန်းသိမ်းပေးကြောင်း၊ တည်ငြိမ်အေးချမ်းရေးအတွက် စစ်တိုင်းမှူးများမှ တာဝန်ယူ ကူညီဆောင်ရွက်ပေးနေပါကြောင်း၊ မိမိသည် လားရှိုးတက္ကသိုလ်မှ ပါမောက္ခချုပ်တစ်ဦးဖြစ်ပြီး အရပ်ဘက်က ဖြစ်ပါကြောင်း၊ အရပ်သားအစိုးရဖြစ်သောကြောင့် တပ်မတော်မှ ဝင်ရောက်စွတ်ဖက်ခြင်းမရှိကြောင်း၊ ဒါကြောင့်ယနေ့တက်ရောက်လာသည့် ဆရာ/ဆရာမများ နားလည်ရန်နှင့် အချို့မှာ နားလည်မှုမရှိသည့်အတွက် CDM လုပ်နေပါကြောင်း၊ အများဆုံးမှာ ကျန်းမာရေး ဝန်ထမ်းနှင့် ပညာရေးဝန်ထမ်းများဖြစ်ပါကြောင်း၊ CDM လုပ်သည့်ဆရာ/ဆရာမများနှင့် ပါမောက္ခများအားလုံး ရုံးပြန်တက်ပေးကြရန် မေတ္တာရပ်ခံအပ်ပါကြောင်း၊ ရုံးပြန်လည်မတက်ရောက်ဘဲ ကြာနေပါက တရားစွဲဆိုမှုများ ရှိလာမည်ဖြစ်၍ အခြေအနေပိုဆိုးလာ နိုင်ကြောင်း၊ မိမိတို့တတ်အပ်သည့် ပညာဖြင့် နိုင်ငံတော်ကို အကျိုးပြုနိုင်ရန် ပြန်လည်အသိပေးခေါ်ယူခြင်းဖြစ်ကြောင်း၊ ဆရာဝန်များသည် ဆေးတက္ကသိုလ်ဆင်းပါက ကျင့်ဝတ်များ ခံယူပြီးသားဖြစ်ကြောင်း၊ ရန်သူများလည်း ဆေးကုသခြင်း ရှိသလို ယခုမှာရန်သူတွေ မဟုတ်ကြောင်း၊ အစိုးရအပြောင်းအလဲတစ်ရပ်ကြောင့်သာဖြစ်၍ CDM လုပ်ပါက မည်သူနစ်နာနိုင်သနည်း ပြည်သူတွေသာနစ်နာ၍ ဆေးရုံများပိတ်သောကြောင့် ဆေးကုသမှု နေရာမရှိနိုင်ကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ မရှိသောကြောင့် တပ်မတော်ဆေးရုံသာ အားကိုးနေရပါကြောင်း၊ ဒါကြောင့် တပ်မတော်ဆေးရုံကို ကွင်းဆင်း၍ အရပ်ဘက်လူနာကို ကုသပေးနေသည့်အတွက် လိုအပ်သည့် ဆေးဝါးစရိတ်များကို အတတ်နိုင်ဆုံး ထောက်ပံ့ပေးပါကြောင်း၊ ကျိုင်းတုံဆေးရုံသည် အကောင်းဆုံး အနေအထားတွေ့ရှိရပြီး ရှမ်း(၃)ရှမ်းတွင် ကျိုင်းတုံသည် အခြေအနေအကောင်းဆုံး အခြေခံဖြစ်သောကြောင့် နိုင်ငံတော်က တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ညှိနှိုင်းကာ ဒေသန္တရအမိန့်ကို ည(၈)နာရီမှ ည(၁၀)နာရီထိ သတ်မှတ်ပေးကာ ကျိုင်းတုံမြို့ (၁)မြို့သာ ရရှိကြောင်း၊ အားလုံးပူးပေါင်းညီညွတ်မှုကြောင့် ကျိုင်းတုံမြို့သည် တည်ငြိမ်ပါကြောင်း၊ တည်ငြိမ်မှုကို ဆက်လက်ထိန်းသိမ်းပေးကြရန်လိုကြောင်း၊ မိမိယခုလာရောက်သည့် ခရီးစဉ်၌ နိုင်ငံတော်၏မှာကြားချက်များကို လာရောက် ကွင်းဆင်းကြည့်ရှုပြီး အားပေးပါကြောင်း၊ မိမိတာဝန်များကို ပြန်လည်ထမ်းဆောင်ပေးကြရန်နှင့် နိုင်ငံတော်၏မှာကြားချက်အတိုင်း တာဝန်ကျေပွန်သည့် ကျန်းမာရေး၊ ပညာရေးဝန်ထမ်းများသည် အထိုက်အလျောက်ခံစားခွင့်များ ပေးမည်ဖြစ်ကြောင်း တိုင်းပြည်တွင် ပညာရေး၊ ကျန်းမာရေး အခြေခံကောင်းမှ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ မှာကြားချက် ဖြစ်သည့် လျှပ်စစ်၊ လမ်း၊ ဆက်သွယ်ရေး၊ လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ရေး အဓိက(၄)ချက် ဖြစ်ကြောင်းနှင့် လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံတော်တာဝန်ထမ်းဆောင်နေသော ပုဂ္ဂိုလ်များသည် လူ့စွမ်းအားဖွံ့ဖြိုးတိုးရေးအတွက် ဖြစ်ကြောင်းနှင့် နိုင်ငံတော်၏ မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းရခြင်းဖြစ်ကြောင်း၊ ဒါကြောင့် ဆရာကြီး/ဆရာမကြီးများ၏ တတ်သည့်ပညာ၊ မိမိကလည်း တက္ကသိုလ်မှ တတ်သည့်ပညာဖြင့် ပေါင်းစည်းပြီး နိုင်ငံတော်၏ ပြဌာန်းချက် (၁)နှစ်ကာလတွင် ကောင်းမွန်စွာ အောင်မြင်သွားမည်ဖြစ်၍ အားလုံးပူးပေါင်းဆောင်ရွက်ပေးကြရန် မှာကြားလိုကြောင်း ပြောကြားသွားသည်။
ထို့နောက် ပြည်သူ့ဆေးရုံကြီးရှိ ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံတက်ရောက်ကုသနေသည့် လူနာများအား ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ငါးဘူးတို့ကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ထောက်ပံ့ပေးအပ်ရာ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာလှဋ္ဌေးမင်းမှ လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များမှ ပြည်သူ့ဆေးရုံတွင် လာရောက်ဆေးကုသနေသော လူနာများအား လှည့်လည်ကြည့်ရှု အားပေးစကား ပြောကြားကာ ထောက်ပံ့ ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။