We have 130 guests and no members online

လောက်ကိုင် ဇွန် - ၁၅

75
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ တပ်ရင်းတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာ များရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ခြင်းကို ဇွန်(၁၃)ရက် နံနက်(၉)နာရီက လောက်ကိုင်မြို့၊ တရုတ် (ကော်တုံး) စာသင်ကျောင်း၌ ကျင်းပသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက တိုင်းရင်းသားများအားလုံး နိုင်ငံသားစိစစ်ရေး ကတ်ပြား မရရှိသေးသူများကို ပန်းခင်းစီမံချက်နှင့်အညီ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ အရေးပေါ်ကာလပြဋ္ဌာန်းချက်နှင့်အညီ မိမိတို့အစိုးရတက်လာသည်မှာ (၄)လတာကာလ အတွင်း ရှမ်းပြည်နယ်(အရှေ့၊ တောင်၊ မြောက်) တို့တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ၌ ပန်းခင်းစီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အောင်မြင်မှုရှိပါကြောင်း၊ မကြာမီကာလတွင် နိုင်ငံတော်၏ လမ်းညွှန်ချက်နှင့်အညီ စစ်မှန်သော ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်သောကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိမှသာလျှင် မဲပေးခွင့်ရရှိမှာ ဖြစ်သောကြောင့် နိုင်ငံတော်၏ စီမံချက်နှင့်အညီ ရောက်သည့်နေရာတွင် ကတ်ပြားများကို ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဘာသာ စကားများ မပေါက်သောကြောင့် နီးစပ်ရာများကိုပြောပြကာ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုဇယားများ ပြုလုပ် ပေးကြရန်နှင့် ဒေသဖွံ့ဖြိုးရေးအတွက် ဟန်ချက်ညီစွာဖြင့် ကျေးလက်နှင့်မြို့ပြ ကွာဟမှုမရှိစေရေးအတွက် ဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ မှာကြားသဖြင့် မိမိတို့အနေနှင့် ယခုလိုကွင်းဆင်း၍ လိုအပ်သည်များကို ပေါင်းစပ်ကာ ဒေသရဲ့လိုအပ်ချက်များကို မည်ကဲ့သို့ ဆောင်ရွက်ပေးရန်နှင့် နိုင်ငံတော်ကို မည်ကဲ့သို့ တင်ပြပေးရမည်ကို ယခုလို ကွင်းဆင်း ကြည့်ရခြင်းဖြစ်ကြောင်း၊ အားလုံးပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသွားသည်။
ဆက်လက်၍ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ တပ်ရင်းတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာများရှိ ပြည်သူ များထံသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ရာ ပလောင်တိုင်းရင်းသားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား (၄၀) ကတ်ကို ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းကပေးအပ်ရာ ပလောင်တိုင်းရင်းသူတစ်ဦးမှ လက်ခံ ရယူ၍လည်းကောင်း၊ မြောင်ဇီးတိုင်းရင်းသားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား(၃၅)ကတ်၊ လီဆူတိုင်းရင်းသား ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား (၃၀)တို့ကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးစိုင်းလိတ်နှင့် အတွင်းရေးမှူး ဦးနေလင်းတို့ကပေးအပ်ရာ တိုင်းရင်းသူများမှ လက်ခံရယူ၍လည်းကောင်း၊ တပ်ရင်းတပ်ဖွဲ့ဝင်များနှင့် တပ်မိသားစုဝင်များအား ကတ်ပြား(၅၀)ကတ်၊ ကုန်းကြမ်းမြို့၊ ရပ်ကွက်(၁)(၂)(၃)ရှိ ပြည်သူများအား ကတ်ပြား(၆၀)ကတ်၊ မော်ထိုက်မြို့ရှိ ပြည်သူများအား ကတ်ပြား(၄၀)ကတ်၊ တာကုန်းကြမ်းကျေးရွာအုပ်စုရှိ ပြည်သူများအား ကတ်ပြား(၅၀)ကတ် တို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရှမ်းပြည်နယ် ညွှန်ကြားရေးမှူး ဦးအောင်မြင့်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ အဖွဲ့ဝင်ဦးခင်မောင်လွင်၊ ဦးမောင်မောင်တို့မှ အသီးသီးပေးအပ်ရာ ရဲတပ်ဖွဲ့ဝင်၊ ရပ်ကွက်(၁)အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက လက်ခံရယူကြပြီး ဒေသခံပြည်သူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။
ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း အဖွဲ့ဝင်များ၊ တာဝန်ရှိသူတို့သည် BP 125 နယ်စပ်ဂိတ်အား သွားရောက်ကြည့်ရှုပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေစီမံအုပ်ချုပ်ရေးခန်းမ၌ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများနှင့်တွေ့ဆုံရာ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးက ဒေသလိုအပ်ချက်များ တင်ပြ၍ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ထံသို့ ထောက်ပံ့ငွေကျပ်(၁၀)သိန်းစီပေးအပ်ရာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမြင့်ဆွေနှင့် အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များက လက်ခံရယူကြသည်။
ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ အဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာန ဆိုင်ရာများသည် ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့ စီမံအုပ်ချုပ်ရေးခန်းမတွင် ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ခရိုင်၊ မြို့နယ် အဆင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံရာ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်က ဒေသဆိုင်ရာအချက်အလက်များ ရှင်းလင်းပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး ဝကိုယ်ပိုင်အုပ်ချုပ်ရတိုင်းအတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ဆိုလာမီးလင်းပစ္စည်းနှင့် ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များသို့ ငွေကျပ် (၁၀)သိန်းစီကို ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ထောက်ပံ့ပေးအပ်ရာ ဝကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့် အဖွဲ့ဝင်များမှ အသီးသီးလက်ခံရယူကြောင်း သိရသည်။
၎င်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း အဖွဲ့ဝင်များ၊ တာဝန်ရှိသူတို့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် ကွမ်းလုံမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် သံလွင်မြစ်ကူး (ကွမ်းလုံ)တံတားသစ် တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှုရာ ရှင်းလင်းဆောင်ခန်းမ၌ တည်ဆောက်ရေး အဖွဲ့(၁) တံတားအထူးအဖွဲ့(၄)မှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ