တောင်ကြီး ဇွန်   -   ၁၇
79
ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ(၂/၂၀၂၁)ကြိမ်မြောက် အစည်းအဝေးကို ဇွန်(၁၇)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ၂၀၂၁ ခုနှစ် ဧပြီလ ပထမအကြိမ် အစည်းအဝေးကျင်းပစဉ်က အတည်ပြုမိန့် ခွင့်ပြုပေးနိုင်ခြင်းမရှိခဲ့သည့် ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းများ၊ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ကော်မတီအတွင်းရေးမှူးမှ ရှင်းလင်းတင်ပြခဲ့၍ ကော်မတီအဖွဲ့ဝင်များမှ ဝိုင်းဝန်းဆွေးနွေး ခဲ့ပါကြောင်း၊ ပြီးခဲ့သည့်ကာလက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၏ ခရီးစဉ်တွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများ ဆွေးနွေးခဲ့ပါကြောင်း၊ လစဉ်ကော်မတီအစည်းအဝေးကျင်းပ နိုင်ရန်လည်း ပြည်ထောင်စုဝန်ကြီးမှ တိုက်တွန်းခဲ့ပါကြောင်း၊ ယခုလအစည်းအဝေးတွင် အတည်ပြုမိန့်လျှောက်ထားလွှာ တစ်ခုရှိပြီး ကော်မတီအဖွဲ့ဝင်များမှ ဝိုင်းဝန်းအကြံပြုဆွေးနွေး၍ အတည်ပြုမိန့်ချထားပေးရန် ဖြစ်ပါကြောင်း၊ အတည်ပြုမိန့် လျှောက်ထားမှုမရှိခဲ့ပါက လစဉ်ကော်မတီအစည်းအဝေးပုံမှန်ကျင်းပပြီး ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှု ပိုမိုစီးဝင်ရေး၊ လွယ်ကူ ချောမွေ့စေရေးနှင့် ရင်းနှီးကြီးကြပ်ဝန်ဆောင်မှုပေးရေးလုပ်ငန်းများကို ညှိနှိုင်းဆောင်ရွက်ကြရန်နှင့် မိမိတို့တာဝန်ယူစဉ် ကာလတွင် ပြည်နယ်စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဘက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရေး ကော်မတီအဖွဲ့ဝင်များ အားလုံးက ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသွားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူး ဦးလေးနိုင်မှ အတည်ပြုမိန့်လျှောက်ထားလာသော ခမ်းဓနကုမ္ပဏီ၏ ပြောင်းအခြောက်ခံ သန့်စင်ထုတ်လုပ်ခြင်း လုပ်ငန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ခမ်းဓနကုမ္ပဏီမှ အတည်ပြုမိန့်လျှောက်ထားသည့် ပြောင်းအခြောက်ခံ သန့်စင်ထုတ်လုပ်ခြင်း လုပ်ငန်းနှင့်စပ်လျဉ်း၍ Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြ၍ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များမှ ပါဝင်ဆွေးနွေးကြသည်။
ထို့နောက် ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်းက နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ