We have 253 guests and no members online

တောင်ကြီး ဇူလိုင် - ၂၆

95

ရှမ်းပြည်နယ် Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင် (၂၆)ရက်၊ မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ယနေ့ကျင်းပသည့် ရှမ်းပြည်နယ် ကိုဗစ်-၁၉ ရောဂါ လုပ်ငန်းကို အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရန်နှင့် ယနေ့နံနက်(၁၀)နာရီက zoom meeting ဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းသွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ကြီးက ယနေ့မှစ၍ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးများကို စတင်ဖြန့်ဝေပေးနေပါကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး(၈)သောင်း၊ ရှမ်းမြောက်အတွက် (၆)သောင်း (၈)ထောင်၊ ရှမ်းရှေ့အတွက် (၃)သောင်း (၂)ထောင်အရေအတွက် ရရှိမည်ဖြစ်ကြောင်း၊ ဇွန်လ(၁)ရက်နေ့မှစ၍ ဇူလိုင်လ(၂၅)ရက်နေ့အထိ စာရင်းအရ ရှမ်းပြည်နယ်တွင် ရောဂါပိုး ကူးစက်ပြန့်ပွားမှုမှာ (၁၃၁၂၁)ဦးရှိပြီး ရောဂါပိုး ပြန်လည်ကင်းစင်သူ (၆၅၀၀၉)ယောက်၊ သေဆုံးသူ(၃၁၂)ဦး၊ ကျန်ရှိရောဂါပိုးတွေ့ရှိ အတည်ပြု(၆၀၃၂)ဦးတို့သည် သက်ဆိုင်ရာမြို့နယ် ပြည်သူ့ဆေးရုံတွင် အသီးသီး ဆေးကုသလျက်ရှိပါကြောင်း၊ တတိယလှိုင်းကာလတွင် ၂၀၂၁ ခုနှစ် ဇူလိုင်လ(၂၁)ရက် စာရင်းအရ တတိယလှိုင်းတွင် ရောဂါဖြစ်ပွားသူ (၁၂၁၁၉)ဦး၊ ဇူလိုင်လ(၂၅)ရက်နေ့တွင်(၁၃၈၂၂)ဦး၊ ရောဂါဖြစ်ပွားသူ အနည်းငယ်တိုးလာပေမဲ့ ရောဂါပိုး ကင်းစင်သူမှာ (၂၁)ရက်နေ့တွင် (၅၅၀၈)ဦး၊ (၂၅)ရက်နေ့အထိ ရောဂါပိုးကင်းစင်သူ (၇၀၁၈)ဦးဖြစ်ပြီး ရောဂါပိုးကင်းစင်သူများ တိုးတက်လာမှုကို တွေ့ရပါကြောင်း၊ ဇူလိုင်လ(၂၅)ရက်နေ့အထိ တောင်ကြီးမြို့နယ်တွင် ရောဂါပိုးတွေ့သူ(၉၄)ဦး၊ သေဆုံးသူ (၆)ဦး၊ ညောင်ရွှေမြို့နယ်တွင် ရောဂါပိုးတွေ့သူ(၇၀)ဦး၊ သေဆုံးသူ(၅)ဦး၊ ကလောမြို့တွင် ပိုးတွေ့သူ(၃၉)ဦး၊ လောက်ကိုင်မြို့ တွင် ပိုးတွေ့သူ(၇၁)ဦး၊ လားရှိုးမြို့တွင် ပိုးတွေ့သူ(၅၉)ဦး၊ သေဆုံးသူ(၄)ဦး၊ ကျောက်မဲမြို့နယ်တွင် ပိုးတွေ့သူ(၃၅)ဦး၊ နောင် ချိုမြို့နယ်တွင်(၄၂)ဦး၊ သေဆုံးသူ(၁)ဦး၊ မူဆယ်မြို့နယ်တွင် ပိုးတွေ့သူ(၂၂)ဦး၊ သေဆုံးသူ(၃)ဦး၊ တာချီလိတ်မြို့နယ်တွင် ပိုးတွေ့သူ(၄၆)ဦး၊ သေဆုံးသူ(၂)ဦး အသီးသီးတွေ့ရှိရသဖြင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုနှုန်း လျော့နည်းကျဆင်းရန်အတွက် နည်းလမ်းရှာဖွေနိုင်ရန် ယနေ့အစည်းအဝေးကို ထပ်မံခေါ်ယူကျင်းပရခြင်းဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ လောက်ကိုင်၊ လားရှိုး၊ မူဆယ်၊ တာချီလိတ်၊ နောင်ချို၊ သီပေါမြို့နယ်များကို stay at home အစီအစဥ်ဖြင့် ထုတ်ပြန်ကြေညာထားပြီး ဖြစ်ကြောင်း၊ တောင်ကြီး၊ ညောင်ရွှေ၊ ရပ်စောက်မြို့များကို ရောဂါပိုး ကူးစက်ပြန့်နှံ့မှု ကာကွယ်ထိန်းချုပ်နိုင်ရန် stay at home အကျုံးဝင်ပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဇူလိုင်လ(၂၅)ရက်နေ့က ထပ်မံကြေညာထားပြီး ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း ရောဂါပိုးတွေ့ရှိပြီး ပြင်းထန်နေသည့် လူနာများကို အောက်စီဂျင်သုံး၍ ကျန်းမာရေးစောင့်ရှောက်မှု ပေးရာတွင် ကျန်းမာရေးနှင့်ပတ်သက်သည့် ဆရာဝန်များ၏ ညွှန်ကြားမှုဖြင့် သုံးစွဲရန် မှာကြားလိုပါကြောင်း၊ အောက်စီဂျင် လိုအပ်ချက်ဖြင့် ဒေသအလိုက် ရှမ်းပြည်နယ်အတွင်း အောက်စီဂျင်များကို ဝိုင်းဝန်းပူးပေါင်း ဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊ လူဦးရေထူထပ်သည့် မြို့ကြီးများတွင် အောက်စီဂျင်လိုအပ်မှုမရှိစေရေး ဖြည့်ဆည်းပေးနိုင်ရေးလုပ်ငန်း ကြိုတင်ပြင်ဆင်နိုင်ရေး ဝိုင်းဝန်းပူးပေါင်းပေးကြရန် လိုပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်အရ တိုင်းဒေသကြီး၊ ပြည်နယ် မြို့တော်အပြင် လူနေထူထပ်သည့် မြို့ကြီးများကို ဂရုစိုက်ပေးရန် လိုအပ်ပါကြောင်း၊ ဥပမာ ညောင်ရွှေမြို့သည် မြို့တော်မဟုတ်ပေမယ့် ဂရုစိုက်ပေးရန် မှာကြားလိုက်ပါကြောင်း၊ အောက်စီဂျင်လိုအပ်ချက်သည် တိုင်းပြည် တစ်ပြည်လုံး (၁)ရက်ကို (၁၇၀၀)ရှိပါကြောင်း၊ အားလုံး လိုအပ်ချက်များကို သြဂုတ်လတွင် ပြည့်မီသွားမည်ဖြစ်ကြောင်း မှာကြားပါကြောင်း၊ ကာကွယ်ဆေးတွင်လည်း ဝါတွင်းကာလဖြစ်သည့်အတွက် ဘုန်းတော်ကြီးကျောင်း၊ စာသင်တိုက်၊ သီလရှင်ကျောင်း၊ ဘိုးဘွားရိပ်သာ၊ ပုဂ္ဂလိကဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်တို့ကို ဦးစားပေးထိုးပေးရန် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌမှ မှာကြားပါကြောင်း၊ ယနေ့တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများကလည်း မိမိကိုယ်ကို ကျန်းမာရေးဂရုစိုက်ကြရန်နှင့် ရှေ့ဆက်လုပ်ငန်းများလုပ်ကိုင်ရန်နှင့် ယနေ့အစည်းအဝေးတွင်လည်း ဝိုင်းဝန်း ပူးပေါင်းဆွေးနွေးပေးကြရန် ပြောကြားသွားသည်။
ဆက်လက်၍ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် နီလင်းအောင်မှ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးရရှိမှုနှင့် ဆေးထိုးနှံမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရှမ်းပြည်နယ် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးလှဦး၊ တွဲဖက်အတွင်းရေးမှူး ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ အတွင်းရေးမှူး ဦးနေလင်းတို့မှ ဆွေးနွေးတင်ပြ၍ အစည်းအဝေးတက်ရောက်လာသူများမှ ဆွေးနွေးတင်ပြကြကာ အထွေထွေဆွေးနွေးကြပြီး ရှမ်းပြည်နယ်(တောင်ပိုင်း) လမ်းဦးစီးဌာန၊ ကာယဉာဏလုပ်သားများမှ လှူဒါန်းသည့် ကိုဗစ် - ၁၉ ကာကွယ်ရေးပစ္စည်းများကို တောင်ကြီးမြို့ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသူရဇော်နှင့် လူမှုဝန်ထမ်းနှင့်ပြန်လည်နေရာ ချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးတို့မှ ပေးအပ်ရာ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ