We have 623 guests and no members online

ကျိုင်းတုံ အောက်တိုဘာ - ၁၇

121
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ နှင့်တာဝန်ရှိသူတို့သည် အောက်တိုဘာ(၁၆)ရက် နံနက်(၇)နာရီက ကျိုင်းတုံမြို့ သီလဓမ္မကုန်းသာတောရကျောင်း ဝစိပိတ်ဆရာတော်အား ဖူးမျှော်ကန်တော့၍ အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူတို့သည် ကျိုင်းတုံတက္ကသိုလ်ဝင်းအတွင်း စံပါရမီကုမ္ပဏီမှ ကိုဗစ်ကျန်းမာရေးအတွက် အောက်စီဂျင် အခမဲ့ပေးဝေရေး စက်ရုံအား သွားရောက်ကြည့်ရှုကာ စက်ရုံများအား အမွေးနံ့သာရည်များ ပက်ဖျန်းပေးကြပြီး ကျောင်းဝင်းအတွင်း အလှဆင်နိုင်ရန် ကျောက်များအား ကြည့်ရှုကာ ကျိုင်းတုံတက္ကသိုလ်အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်မည့် VlROSHIELD အား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက ပေးအပ်ရာ ကျိုင်းတုံတက္ကသိုလ် ပါမောက္ခချုပ်မှ လက်ခံရယူသည်။
ထို့နောက် ပြည်နယ်ဝန်ကြီး၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိဘုရားအား ဖူးမျှော်၍ ပန်း၊ ရေချမ်း၊ ဆီမီး ဆက်ကပ်လှူဒါန်းကာ ဘုရားအတွက် အလှူငွေ(၁၀)သိန်း ပေးအပ်လှူဒါန်းရာ ဘုရားဂေါပက တာဝန်ရှိသူတစ်ဦးမှ လက်ခံရယူပြီး မဟာမြတ်မုနိဘုရားရွှေထီးတော်တင်နှင့် ဗုဒ္ဓဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနား လျာထားအကွက်ချ ပုံစံများကို ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဥက္ကဋ္ဌဦးရဲနိုင်မှ ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းမှ လိုအပ်သည်များ မှာကြားပြီး ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးကာ မဟာမြတ်မုနိ ဘုရားအား ရွှေသင်္ကန်းဆက်ကပ်ပေးကြကြောင်း သိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် နောင်တုံကန်ပတ်လမ်းအား သွားရောက်ကြည့်ရှု၍ ဟော်နန်း တည်ဆောက် မည့်နေရာအား ကြည့်ရှုကာ ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာနမှ ဆောင်ရွက်ပြီးစီးခဲ့သည့် မှတ်တမ်းဓါတ်ပုံ များအား ရှင်းလင်း၍ ကျိုင်းတုံစည်ပင်သာယာရေးဌာန အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်ကုသရေးအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများကို ဆန်ထောက်ပံ့ခြင်း အခမ်းအနားတက်ရောက်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ကိုဗစ်-၁၉ ရောဂါ နှင့်ပတ်သက်၍ ကျိုင်းတုံမြို့ဒေသမှ ပြည်သူများ အပြင်ထွက်ရှိမှု အရမ်းများပြားနေသောကြောင့် ခဏလေး ထိန်းပေးစေလိုကြောင်း၊ အထွက်များပါက ကိုဗစ်-၁၉ ရောဂါ ပြန်လည်ကူးစက်မှု ရှိလာမည်ဖြစ်ကြောင်းနှင့် ရောဂါ သည်ကူးစက်မှုမြန်ပြီး ထိန်းချုပ်ရန်ခက်ခဲပါကြောင်း၊ ရောဂါသည် မြန်မာနိုင်ငံသာမက နိုင်ငံခြားပါ ဖြစ်နေ သောကြောင့် စီးပွားရေးနှင့် လူများဆုံးရှုံးရမည်ဖြစ်၍ ကာကွယ်ဆေးများကို ထိုးပေးကြရန်နှင့် ဘာရောဂါ ဖြစ်ဖြစ် ကာကွယ်ဆေးထိုးထားပါက ဖြစ်ပွားမည့်ရောဂါကို အဟန့်အတားဖြစ်စေပါကြောင်း၊ ယနေ့တက်ရောက်လာသည့် ရပ်မိရပ်ဖများက လက်ဆင့်စကား ပြောကြားပေးရန်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက် ပြောကြားရင်း အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်က ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား များ၊ (ဆန်)နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေးအတွက် ထောက်ပံ့ငွေကျပ်(၁၀)သိန်းနှင့် ကာကွယ်ရေးသုံးပစွည်းများ ထောက်ပံ့ပေးခြင်းနှင့် တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းက အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးမှ ပစ္စည်းအသီးသီး တို့ကို လက်ခံရယူပြီး ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများကိုယ်စား မြို့မိ၊ မြို့ဖ ဦးစိုင်းနွဲ့မှ ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ ကျိုင်းတုံမြို့ စည်ပင်သာယာရေးဌာနမှ ဆောင်ရွက်ပြီးစီးခဲ့သော သစ်တစ်ပင်ထောင်လမ်း အဝင်နှင့် ပတ်လမ်းကွန်ကရစ်လမ်း၊ ပန်းခြံနှင့် ရေတံခွန်တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါသစ်တစ်ပင်ထောင်သည် ကျိုင်းတုံမြို့ အမှတ်(၁)ရပ်ကွက်တွင် တည်ရှိပြီး သစ်တစ်ပင်လမ်း ကွန်ကရစ်ခင်းခြင်းမှာ လုပ်ငန်းအတိုင်းအတာ ၂၆၀ပေ×၁၈ပေ×၆"ရှိပြီး ခွင့်ပြုရန်ပုံငွေ(၁၆၁၇.၇)သိန်းဖြင့် လုပ်ငန်းကို ၂၀၂၁ခုနှစ် ဇူလိုင်လ(၁၀)ရက် စတင်ကာ ၂၀၂၁ ခုနှစ် သြဂုတ်လ(၁၃)ရက်တွင် ပြီးစီးကြောင်း သိရှိရသည်။
မောင်မောင်သန်း (တောင်ကြီး)
09-250132943