We have 534 guests and no members online

တောင်ကြီး အောက်တိုဘာ - ၂၅

123
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် အာရှဘောလုံး အဖွဲ့ချုပ်နှင့် ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဖွင့်လှစ်သည့် AFC Futsal Level 1 Coaching Certificate Course (ဖူဆယ်နည်းပြဆရာ သင်တန်း) ကို အောက်တိုဘာ ၂၃ ရက် နံနက် ၁၀ နာရီက တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေး အားကစားရုံ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်၀န်ကြီးချုပ် ဒေါက်တာကျော်ထွန်း တက်ရောက်သည်။
ဖွင့်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် သင်တန်းဆရာ၊ သင်တန်းသား များက တစ်ဦးချင်း မိတ်ဆက်ကြပြီး ပြည်နယ်၀န်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အမှာစကား ပြောကြားရာ တစ်မျိုးသားလုံး ကျန်းမာကြံခိုင်ရေးနှင့် ပညာရည်မြင့်မားရေးကို လူမှုရေးဦးတည်ချက်ထားရှိ ဖော်ဆောင်လျက်ရှိပြီး ကျန်းမာကြံ့ခိုင်ရေးအတွက်လည်း အားကစားကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် အားကစားမြှင့်တင်ခြင်း သည် နိုင်ငံတော်တည်ဆောက်ခြင်းဖြစ်၍ ခံယူပြီး ကြိုးပမ်းဆောင်ရွက်နေကြသည်ကို အားလုံးသိရှိပြီး ဖြစ်ပါကြောင်း၊ ယနေ့ဖွင့်လှစ်သည့် သင်တန်းသည် အာရှဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်တို့ ပူးပေါင်းပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၃ ရက်မှ ၂၈ ရက်နေ့အထိ ၅ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး ရှမ်းပြည်နယ်တွင် ပထမဆုံးအကြိမ် ဖွင့်လှစ်သည့် သင်တန်းဖြစ်ပါကြောင်း၊ သင်တန်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သင်တန်းသားများ အပါအ၀င် ရှမ်းပြည်နယ်အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ/ခရိုင် နှင့် မြို့နယ်များမှ သင်တန်းသား (၁၂)ဦး သင်တန်းသူ (၈)ဦး စုစုပေါင်း (၂၀)ဦး တက်ရောက်ကြပြီး နိုင်ငံတကာ အသိအမှတ်ပြုလိုင်စင်ရ ဖူဆယ်နည်းပြဆရာများ ပေါ်ထွက် လာစေရန် ပြောင်းလဲလာသည့် ဖူဆယ် နည်းဥပဒေသစ်များကို ခေတ်နှင့်အညီ သိရှိနားလည်စေရန်အတွက် ထိုင်းနိုင်ငံမှ နည်းပြဆရာ မစ္စတာဘန်လတ်ချာရာ၀န် (Mr Bunlert Charoenwong)က သင်တန်းလာရောက်ပို့ချခြင်း ဖြစ်ပါ ကြောင်း၊ ရှမ်းပြည်နယ်တွင် ပထမဆုံးအကြိမ် ဖွင့်လှစ်သည့် သင်တန်းဖြစ်သည့်အတွက် နိုင်ငံခြား နည်းပြဆရာ ကိုယ်တိုင်လာရောက်သင်ကြားသော သင်တန်းဖြစ်၍ စိတ်၀င်တစားဖြင့် စာတွေ့ လက်တွေ့ သင်ကြားပြသမှုများကို ကြိုးစားသင်ယူကြပြီး ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ နေထိုင်၍ သင်တန်းကို ပြီးဆုံးသည်အထိ တက်ရောက်ကြရန် ပြောကြားကြောင်း သိရသည်။
ဆက်လက်၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီဥက္ကဋ္ဌ ဒေါက်တာ ရဲမွန်ထွဋ်၊ အာရှဘောလုံးအဖွဲ့ချုပ်မှ သင်တန်းနည်းပြဆရာ မစ္စတာဘန်လတ်ချာရာဝန်တို့က အသီးသီး နှုတ်ဆက် အမှာစကား ပြောကြားကြောင်း သိရသည်။ အဆိုပါ ဖူဆယ်သင်တန်းဖွင့်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်အဆင့် ဌာန ဆိုင်ရာများ၊ သင်တန်းနည်းပြဆရာများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)
09-250132943