We have 456 guests and no members online

တောင်ကြီး အောက်တိုဘာ - ၂၅

124
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရှမ်းပြည်နယ်သို့ လာရောက်ခဲ့သည့် ခရီးစဥ်များအတွင်း လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည်ဖော်လိုက်နာ ဆောင်ရွက်နိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာ(၂၅)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းပြောကြားရာ ရှမ်းပြည်နယ်သည် မြေသြဇာ ကောင်းမွန်သည့် မြေသယံဇာတများစွာရှိပြီး ရေခံမြေခံကောင်းသည့် ဒေသဖြစ်သဖြင့် ရှမ်းပြည်နယ်အတွင်း နေထိုင်သူအများစု မှာလည်း စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက်ကြသူများဖြစ်သည့်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးကို ယခုထက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပါက ဝင်ငွေတိုးတက်လာမှာဖြစ်ကြောင်း၊ သက်ဆိုင်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက မိမိတို့စီမံခန့်ခွဲရသည့် နယ်မြေအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးများကို စနစ်တကျ စိုက်ပျိုးမွေးမြူရေးအတွက် အာရုံစိုက်၍ ကြီးကြပ်ကွပ်ကဲပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးရန် မှာကြားလိုကြောင်း၊ ဒေသဝမ်းစာဖူလုံရေး၊ သီးနှံအထွက်နှုန်း ကောင်းမွန်အောင် ဆောင်ရွက်ရေး၊ သဘာဝမြေသြဇာများ ပိုမိုအသုံးပြုရေး ဆောင်ရွက်သွားရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရရှိရေးသည် အဓိကလိုအပ်ချက်ဖြစ်သည့်အတွက် ဘက်ပေါင်းစုံမှ ဆောင်ရွက်ရန်နှင့် ကြက်၊ ဝက်၊ နွားမွေးမြူရေးလုပ်ငန်းများကို စနစ်တကျမွေးမြူပြီး ကြက်ဥနှင့် အသားထုတ်လုပ်ရေးအပြင် ဇီဝဓါတ်မြေသြဇာ ရရှိရေးကိုလည်း ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ စပါးစိုက်ပျိုးရာတွင် မြေဧရိယာတိုးချဲ့စိုက်ပျိုးခြင်းထက် အရည်အသွေး ကောင်းပြီး အထွက်နှုန်းကောင်းမွန်သည့် စပါးများကို စိုက်ပျိုးရန်လိုအပ်ပါကြောင်း၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ ကဏ္ဍများကို အဓိကထားစဥ်းစားဆောင်ရွက်ရန်နှင့် မြို့ကွက်များ တိုးချဲ့တည်ဆောက်ရာတွင် ရေလုံဘောက်မှုမရှိဘဲ ဆောင်ရွက်ခြင်းမပြုရန်၊ ရေလုံလောက်စွာရရှိရေးကို အထောက်အကူဖြစ်စေရန်အတွက် သစ်ပင်များစိုက်ပျိုးရန်နှင့် သစ်တော များပြုန်းတီးမှုမရှိစေရေး၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဆောင်ရွက်သွားရန် ပြောကြားလိုကြောင်း၊ မြို့နယ်တိုင်းတွင် လူငယ်ကျန်းမာကြံ့ခိုင်ရေးအတွက် ဘောလုံးကွင်းရှိရေးနှင့် အားကစားရုံများရှိစေရေး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း လမ်းညွှန်ခဲ့သဖြင့် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များကို သိရှိနားလည်သဘောပေါက်ပြီး သက်ဆိုင်ရာ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ ဥက္ကဋ္ဌများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများအနေဖြင့် လက်တွေ့အကောင်အထည်ဖော်၍ ကြိုးစားဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ ရှမ်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် တင်းကြပ် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှုကို ရှမ်းပြည်နယ်အတွင်း ကျောင်းဖွင့်ရာသီမတိုင်မီ (၅)ရာခိုင်နှုန်းကျဆင်းအောင် စီမံချက်ချမှတ် ဆောင်ရွက်လျက်ရှိသဖြင့် ဖိဖိစီးစီးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စာသင်ကျောင်းများ ဥပဓိရုပ် ကောင်းမွန်စေရေး ကြိုတင်ဆောင်ရွက်သွားရန် ပြောကြားလို ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ရှမ်းပြည်နယ်(မြောက်ပိုင်း၊တောင်ပိုင်း)ခရီးစဥ် အတွင်း လမ်းညွှန်ချက်များသည် မိမိတို့ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ်ဆောင်ရွက်ရန် လိုအပ်သော လမ်းညွှန်ချက်များ ဖြစ်သည့်အတွက် မိမိတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့များ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် ဌာနဆိုင်ရာ၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး လမ်းညွှန်ချက်များကို စနစ်တကျအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်း ပြည်နယ်အစိုးရအဖွဲ့သို့ အပတ်စဥ်၊ လစဥ်တင်ပြရန်လိုအပ်ပါကြောင်း၊ မိမိတို့ပြည်နယ်အစိုးရအဖွဲ့ မှလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ ပြန်လည်တင်ပြပေး မည်ဖြစ်သည့်အတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ် ညှိနှိုင်းပြီး နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအပေါ် အလေးထားဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များဖြစ်သည့် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးမှ လုံခြုံရေးနှင့်နယ်စပ်ရေးရာကိစ္စရပ်များ ဆွေးနွေး၍လည်းကောင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်မှ လာမည့် ၂၀၂၂ - ၂၀၂၃ ခုနှစ် စီမံကိန်းကိစ္စရပ်များနှင့် ဘဏ္ဍာရေးကိစ္စရပ်များ ဆွေးနွေး၍လည်းကောင်း၊ ပြည်နယ်သယံဇာတရေးရာ ဝန်ကြီးဦးစိုင်းလိတ်မှ သစ်တောကဏ္ဍ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စရပ်များ ဆွေးနွေး၍လည်းကောင်း၊ ပြည်နယ် လူမှုရေး ဝန်ကြီးဦးအောင်မြင့်မှ ပညာရေးကဏ္ဍနှင့် ပတ်သက်ပြီး ဆွေးနွေး၍လည်းကောင်း၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းမှ တိုင်းရင်းသားရေးရာ အခန်းကဏ္ဍများ ဆွေးနွေး၍လည်းကောင်း၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံမှ လုပ်ငန်းနှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းများ၊ ဥပဒေ၊ နည်းဥပဒေ ကိစ္စရပ်များ ဆွေးနွေး၍လည်းကောင်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းမှ ခရီးစဥ်၏ လမ်းညွှန်ချက်များ၊ အစည်းအဝေး၏ ညွှန်ကြားချက်ကိစ္စရပ်များနှင့် လုပ်ငန်း ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းဆွေးနွေးကြကြောင်း သိရသည်။
ထို့နောက် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးမှ လုပ်ငန်းဆောင်ရွက်ချက် များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများမှ အထွေထွေဆွေးနွေး တင်ပြကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိဂုံးချုပ်စကား ပြောကြားကြောင်း သိရှိရ သည်။
မောင်မောင်သန်း(တောင်ကြီး)
09-250132943