We have 586 guests and no members online

တောင်ကြီး အောက်တိုဘာ - ၂၈

127
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တောင်ကြီးမြို့ပေါ်ရှိ မြို့မိ၊ မြို့ဖများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အောက်တိုဘာ(၂၈)ရက် မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ် တောင်ကြီးမြို့ သာယာလှပရေးအတွက် တွေ့ဆုံကြောင်း သိရသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိုင်ငံတော်အနေဖြင့် ရှေ့လုပ်ငန်းစဥ်(၅)ချက်ဖြင့် ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအနေဖြင့် အဓိကကျသည့် နေရာမှနေ၍ အကောင်အထည်ဖော် ဆောင်ရွက်နေသူများလည်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်သည် ရှမ်းပြည်နယ် တောင်ကြီးမြို့၊ ညောင်ရွှေမြို့၊ ကလောမြို့သို့ လာရောက်ခဲ့သည့် ခရီးစဥ်တွင် တောင်ကြီးမြို့နှင့် ပတ်သက်၍ မြို့သာယာလှပရေး အားနည်းခြင်း၊ ချောင်းမြောင်းများအတွင်း အမှိုက်သရိုက်များသွန်ခြင်း၊ လမ်းဘေးဝဲယာတွင် အမှိုက်များခြင်း၊ တောင်ကြီးမှ အေးသာယာ၊ ရွှေညောင်ထိ ချောင်းပေါက်များ ရေစီးရေလာကောင်းမွန်အောင် ရှင်းလင်းဆောင်ရွက်ရန် လိုအပ်ခြင်းများကို လမ်းညွှန်မှာကြား ခဲ့ပါကြောင်း၊ ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်သည့် တောင်ကြီးမြို့သည် ယခင်အစိုးရအဆက်ဆက် မြို့သာယာလှပရေးဆု၊ စံပြ မြို့နယ်ဆုများ မကြာခဏ ရရှိခဲ့ပါကြောင်း၊ ယခုချိန်တွင် မြို့သန့်ရှင်းသာယာလှပရေး အားနည်းလာသည်ကို တွေ့ရှိရပါကြောင်း၊ ချောင်းမြောင်းများအတွင်းသို့ အမှိုက်စွန့်ပစ်ခြင်း၊ လမ်းဘေးဝဲ၊ ယာစည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများရှိပြီး ပြည်သူလူထုက စည်းကမ်းမဲ့ အမှိုက်များစွန့်ပစ်ခြင်း၊ သိမ်းဆည်းရသည့် စည်ပင်သာယာရေးဌာနနှင့် ပုဂ္ဂလိက အမှိုက်သိမ်းကုမ္ပဏီတို့ကလည်း နိုင်နင်းအောင် သိမ်းဆည်းနိုင်မှု မရှိသည်ကိုတွေ့ရပါကြောင်း၊ မြို့တစ်မြို့၏ သန့်ရှင်းသာယာလှပရေးသည် စည်ပင်သာယာရေး ဌာနနှင့် သက်ဆိုင်ရာ အမှိုက်သိမ်းဆည်းရေးကုမ္ပဏီတို့ တာဝန်ရှိသော်လည်း ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုသည် အရေးကြီး ပါကြောင်း၊ ပြည်သူလူထုမပါဝင်ဘဲ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်နေခြင်းသည် မြို့သာယာလှပမည် မဟုတ်ကြောင်း၊ ပြည်သူလူထုမှ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုမရှိစေရေး ပူးပေါင်းပါဝင်လာအောင် စည်းရုံး၊ ထိန်းသိမ်းဆောင်ရွက်သည့်နေရာတွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက အဓိကအရေးပါကြောင်း၊ အမှိုက်ကိစ္စအပြင် ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ရပ်ရွာအေးချမ်း သာယာရေးကိစ္စများတွင်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် အဓိကပုဂ္ဂိုလ်များအဖြစ် ပါဝင်နေပါကြောင်း၊ တောင်ကြီးမြို့ သည် သာယာလှပ၍ စည်းကမ်းကောင်းမွန်ပြီး စည်းလုံးညီညွှတ်မှုနှင့် ဘာသာတရား ကိုင်းရှိုင်းကြသူများဖြစ်ကြောင်း ကြားသိရ ပါကြောင်း၊ သို့ဖြစ်ပါ၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့မိ၊ မြို့ဖများအနေဖြင့် စည်းကမ်းမဲ့သူများ မရှိစေရေး၊ မြို့ကြီး သန့်ရှင်း သာယာလှပရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာန၊ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးစိုးသန်းမှ တောင်ကြီးမြို့ ရေစီး ရေလာကောင်းမွန်ရေး ပညာရှင်များနှင့် ကွင်းဆင်းတိုင်းတာ ဆောင်ရွက်ထားမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြပြီး တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးနေလင်းမှ တောင်ကြီးမြို့ မြို့သန့်ရှင်းသာယာလှပရေးနှင့် အမှိုက်သိမ်းဆည်းမှု အခြေအနေများအား ရှင်းလင်းတင်ပြ၍ အခမ်းအနား တက်ရောက်လာသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိ၊ မြို့ဖများမှ ဆွေးနွေးတင်ပြပြီး ဆွေးနွေးတင်ပြချက်အပေါ်  ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက လိုအပ်သည်များ ဖြည့်စွက်ပြောကြား၍ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)
09-250132943