We have 425 guests and no members online

တောင်ကြီး မတ် - ၁၇

15
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား စားနပ် ရိက္ခာထောက်ပံ့ပေးအပ်ခြင်းကို မတ်(၁၇)ရက် မွန်းလွဲ(၂)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ်အထွေထွေ အုပ်ချုပ်‌ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ယနေ့ကျင်းပသည့် အခမ်းအနားတွင် ဝန်ထမ်း အားလုံးပေါင်း (၃၀၀)ကျော်ကို ထောက်ပံ့ပစ္စည်းပေးအပ်သွားမည်ဖြစ်ကြောင်း၊ ပစ္စည်းနည်းသော်လည်း တစ်စုံတစ်ခု အတိုင်းအတာဖြင့် အထောက်အကူပြုမည်ဖြစ်ကြောင်း၊ ယနေ့ တက်ရောက်လာကြသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများလည်း ပုံမှန်ရုံးတက်ပေးကြရန်နှင့် အခမ်းအနားတွင် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အဖွဲ့ဝင်များနှင့် တက်ရောက်ပေးကြသည့် ဝန်ထမ်း များကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသွားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ အဖွဲ့ဝင်များ ဖြစ်သော ဗိုလ်မှူးကြီး လှဦး၊ ဦးခွန်သိန်းမောင်၊ ဦးစိုင်းလိတ်၊ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးမှူးရုံး ပြည်နယ်ဦးစီးမှူး ဦးအောင်မြင့်၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးနေလင်းတို့မှ ဆန်၊ ဆီ၊ ကြက်ဥများ ထောက်ပံ့ပေးအပ် ခဲ့ကြသည်။
အဆိုပါ ထောက်ပံ့ပေးအပ်မှုတွင် ရှမ်းပြည်နယ်စီမံအုပ်ချုပ်‌ရေးကောင်စီရုံးတွင် တာဝန်ထမ်းဆောင် နေသော ဝန်ထမ်း (၃၃၁)ဦးအား ဆန်(၁၆၆)အိတ်နှင့် ဆီ၊ ကြက်ဥ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အာလူး၊ ခရမ်းချဉ်သီး၊ သကြားများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး) ၀၉-၂၅၀၁၃၂၉၄၃

တောင်ကြီး မတ် - ၁၆

14
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ် (၁၆) ရက်၊ နံနက်(၁၀)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ယခုလက်ရှိတွင် covid-19 ရောဂါ ကာကွယ်ဆေးများ ထိုးပေးနေကြောင်း၊ တောင်ကြီးမြို့ပေါ်တွင် ထိုးနှံရမည့် ဦးရေမှာ (၁၈၀၀၀)ဖြစ်ပြီး ယခုလက်ရှိ တွင် (၁၂၀၀၀) ထိုးနှံပြီးဖြစ်ကြောင်းနှင့် (၆၀၀၀) ကျန်ရှိနေပါသေးကြောင်း၊ စဝ်စံထွန်းဆေးရုံတွင် နေ့စဉ် ဖွင့်လှစ် ထားပေးပါကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် မထိုးရေသေးပါက သွားရောက်ထိုးပေးကြရန် မှာကြားလိုကြောင်း၊ ယခုလက်ရှိတွင် နိုင်ငံတော်၏ အခြေအနေကို အားလုံးအသိဖြစ်၍ ရှမ်းပြည်နယ်တွင် အခြေအနေပိုမိုကောင်း လာပါကြောင်း၊ ယနေ့အချိန်တွင် စဝ်စံထွန်းဆေးရုံ၌ ဆရာ/ဆရာမနှင့် အခြားဝန်ထမ်း (၁၂၅)ဦး ပြန်လည် တက်ရောက်နေပြီဖြစ်ကြောင်း၊ အမျိုးသမီးနှင့်ကလေးဆေးရုံကိုလည်း ပြန်လည်ဖွင့်လှစ်နိုင်ရန် ညှိနှိုင်းဆောင်ရွက် ပြီးဖြစ်ကြောင်း၊ အချို့ဝန်ထမ်းများ CDMလုပ်ဆောင်နေမှုအား ချက်ချင်းအမိန့်ထုတ်၍ CDM လုပ်မည်ဆိုပါက လက်ရှိဝန်ထမ်းအင်အားမှ စွန့်လွတ်ပေးရန် မှာကြားခဲ့ကြောင်း၊ အချို့ဝန်ထမ်းများမှာ ပြတ်ပြတ်သားသား ထွက်ခွာ သွားပြီး တစ်ချို့ဝန်ထမ်းများသည် ခြိမ်းခြောက်မှုခံနေရပြီး ကြောက်စိတ်ဖြင့် လုပ်ဆောင်နေရကြောင်း၊ ရုံးမထွက် လိုကြောင်းနှင့် ပြန်လည်တက်ရောက်လိုကြောင်းကို မိမိအား ဆက်သွယ်မှုများ ရှိခဲ့ပါကြောင်း၊ ယနေ့ ဌာနဆိုင်ရာ များကို ခေါ်ယူညှိနှိုင်းအစည်းအဝေး ပြုလုပ်ရခြင်းမှာ ရုံးဝန်ထမ်းများ ခြိမ်းခြောက်မှုခံရပြီး မှားယွင်းမှုများရှိခဲ့ သော်လည်း လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်မည်ဆိုပါက ဌာနဆိုင်ရာများအနေဖြင့် ပြန်လည်လက်ခံပေးရန် မှာကြားလိုကြောင်း၊ ဝန်ထမ်းငယ်များသည် နေစရာကိုယ်ပိုင်အိမ်မရှိသောကြောင့် ဝန်ထမ်းအိမ်ရာ၌သာ မှီခို နေထိုင်ရကြောင်း၊ အချို့ဝန်ထမ်းများသည် အသိတရားဖြင့် ပြန်လည်ဝင်ရောက်လာပြီး တာဝန်ထမ်းဆောင်လိုပါက ဌာနဆိုင်ရာအကြီးအကဲအနေဖြင့် ပြန်လည်လက်ခံပေးနိုင်ရန်နှင့် အခြားဝန်ထမ်း များသည် မိမိခံစားချက်ဖြင့် CDM တွင် ပါဝင်နေပါက မိမိအနေဖြင့် ခွင့်လွတ်ပေးမည်မဟုတ်ကြောင်း၊ အားလုံးသည် အမှားနှင့်မကင်းနိုင်ကြောင်း၊ ခွင့်လွှတ်နိုင်သည့်အမှားနှင့် မခွင့်လွှတ်နိုင်သည့်အမှားများရှိပါကြောင်း၊ CDM တွင် ပါဝင်လာအောင် နည်းအမျိုးမျိုး ဖြင့် မဲဆွယ်သောကြောင့် ဝန်ထမ်းငယ်များပါလာကြောင်း၊ အချို့ဝန်ထမ်းငယ်များသည် ယနေ့စဝ်စံထွန်းဆေးရုံတွင် ပြန်လည်တက်ရောက်နေပြီဖြစ်ကြောင်း၊ ကမ္ဘောဇဘဏ်ဝန်ထမ်းများလည်း ပြန်လည်၍ လုပ်ငန်းများဆောင်ရွက် နေပြီဖြစ်ကြောင်း၊ မိမိတို့သည် အရပ်သားအုပ်ချုပ်ရေးဖြစ်သောကြောင့် အားလုံးကို ငြင်သာစွာဖြင့် ဌာနဆိုင်ရာ များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ CDM တွင်ပါဝင်နေသော ဝန်ထမ်းများအား အမှုဖွင့်လှစ်အရေးယူ ဆောင်ရွက်ပြီး ဝရမ်းပြေးအမိန့်ထုတ်ထားပါက တရားဥပဒေနှင့်အညီ ပိုင်ဆိုင်မှုပစ္စည်းများကို သိမ်းဆည်းသွားမည် ဖြစ်ကြောင်း၊ ဟိုတယ်ပိုင်ရှင်များလည်း ဟိုတယ်မဖွင့်ဘဲ CDM ဆောင်ရွက်နေပါက ၎င်း ဟိုတယ်အား ချိတ်ပိတ် သွားမည်ဖြစ်ကြောင်း၊ ပွင့်လင်းရာသီ ရောက်လာပြီဖြစ်၍ မီးသတ်ဦးစီးဌာနကို မှာကြားလိုသည်မှာ ရုံး၊ ရပ်ကွက် ပတ်ဝန်းကျင်တို့ကို ဂရုစိုက်ကာ မီးဘေးအန္တရာယ်ကို ကြိုးပမ်းဆောင်ရွက်ပေးစေလိုကြောင်း၊ မကြာခင် သင်္ကြန် ကာလ နီးလာပြီဖြစ်သောကြောင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းများကို ဆောင်ရွက်ပေးကြရန် ယာဉ်ထိန်းရဲများ ကို မှာကြားထားပြီးဖြစ်ကြောင်း ပြောကြားသွားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး လှဦး၊ အဖွဲ့ဝင်(၂) ဦးခွန်သိန်းမောင်နှင့် တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများအသီးသီးမှ ဆွေးနွေးတင်ပြကြပြီး ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။


မောင်မောင်သန်း(တောင်ကြီး)
၀၉-၂၅၀၁၃၂၉၄၃

တောင်ကြီး မတ် - ၁၁

12
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် COVID-19 ရောဂါကာကွယ်တားဆီးနိုင်ရေးအတွက် မြို့ပေါ်ရှိ ဒေသခံ ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးမှုကို မတ်လ(၁၀)ရက်က စတင်ထိုးပေးလျက်ရှိကြောင်းသိရသည်။
ဆက်လက်၍ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့်အဖွဲ့ဝင်များ၊ အတွင်းရေးမှူး ဦးနေလင်း၊ သက်ဆိုင်ရာဌာနများနှင့်အတူ မတ်(၁၁)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံ၌ ဒေသခံပြည်သူများ COVID-19 ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံနေမှုကို သွားရောက်ကြည့်ရှု၍လည်းကောင်း၊ တောင်ကြီးမြို့ မြို့တော်ခန်းမတွင် COVID-19 ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံနေသည့် ဒေသခံပြည်သူများ၊ ဝန်ထမ်းများအား ကြည့်ရှုကာ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများမှ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ အောက်ဆီဂျင်ပမာဏပါဝင်မှု တိုင်းတာပေးခြင်း၊ မူလရောဂါအခံရှိမရှိ စမ်းသပ်ဆောင်ရွက်ပေး ကြသည်။
အဆိုပါ COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံမှုများကို Center (၅)ခုဖြစ်သည့် တောင်ကြီးမြို့ မြို့တော်ခန်းမ၊ အေးသာယာ၊ ဟဲကယ်၊ နောင်ကား၊ စဝ်စံထွန်းဆေးရုံကြီးတို့တွင် ဖွင့်လှစ်ထားပြီး ဆရာတော် သံဃာတော်ကြီးများ၊ အသက် (၆၅)နှစ်အထက် အဖိုးအဖွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ဒေသခံပြည်သူများ၊ လူမျိုးမရွေး ဘာသာမရွေး ကာကွယ်ဆေးထိုးနှံပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်ဆေးရုံအသီးသီးမှ ပါရဂူများနှင့် ဝန်ထမ်းများမှ ပါဝင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)
၀၉-၂၅၀၁၃၂၉၄၃

တောင်ကြီး မတ် - ၁၃

13
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ပေါ်ရှိ ပုဂ္ဂလိကအထွေထွေရောဂါကုဆေးရုံ လုပ်ငန်းရှင်ကြီးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်(၁၃)ရက် ညနေ(၃)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တောင်ကြီးမြို့ပေါ်ရှိ ပုဂ္ဂလိကအထွေထွေရောဂါကုဆေးရုံအုပ်ကြီးများမှ တစ်ဦးချင်း မိတ်ဆက်ကြပြီး ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက နှစ်ဦးနှစ်ဘက်ပူးပေါင်း၍ ပြည်သူများအား ဆေးကုသပေးနိုင်ရေးနှင့် ပွင့်ပွင့်လင်းလင်း ညှိနှိုင်းဆွေးနွေးပေးကြရန် ပြောကြားသွားသည်။
ဆက်လက်၍ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်လာကြ သည့် အထွေထွေရောဂါကုဆေးရုံများဖြစ်သည့် ထွန်းဆေးရုံ၊ ပတ္တမြားဆေးရုံ၊ မိုးသုခဆေးရုံ၊ မြတ်တော်ဝင်ဆေးရုံ၊ ပန်းလှိုင်ဆေးရုံ၊ ခိုင်မေတ္တာဆေးရုံမှ ဆေးရုံအုပ်ကြီးများက အထွေထွေဆွေးနွေးတင်ပြကြပြီး ရှမ်းပြည်နယ် စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းမှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)
09-250132943

တောင်ကြီး မတ် ၁၀

11
ရှမ်းပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ပြည်နယ်အတွင်းရှိ မြို့နယ်များအသီးသီးတွင် ဒေသခံပြည်သူများအား မတ်လ ၁၀ ရက်နေ့၊ နံနက်ပိုင်းမှစတင်၍ ကိုရိုနာဗိုင်းရပ်စ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
တောင်ကြီးမြို့၊ မြို့တော်ခန်းမစုရပ်တွင် ကိုရိုနာဗိုင်းရပ်စ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံဆောင်ရွက်နေမှု အခြေအနေအား ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်နှင့် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များက ကာကွယ်ဆေး လာရောက်ထိုးနှံသည့် ဒေသခံပြည်သူများအား ကြည့်ရှု အားပေးခဲ့ကြသည်။
ထိုမှတဆင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တိုင်းမှူးနှင့် အဖွဲ့သည် မူလမင်းကွန်းကျောင်းတိုက် သို့ သွားရောက်၍ ဆရာတော်၊ သံဃာတော်များအား ကိုရိုနာဗိုင်းရပ်စ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကြည့်ရှုပြီး ဆရာတော်ထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။
ယင်းသို့ ကိုရိုနာဗိုင်းရပ်စ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းနှင့် သွေးအတွင်း အောက်ဆီဂျင်ပမာဏပါဝင်မှု တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးကာ ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အတွင်း ပထမအကြိမ်အဖြစ် လူဦးရေ(၂)သိန်းအတွက် ကိုရိုနာဗိုင်းရပ်စ်-၁၉ ရောဂါ ကာကွယ်ဆေးရရှိပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် လူဦးရေ (၈)သောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင် လူဦးရေ (၄)သောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် လူဦးရေ (၈)သောင်းတို့အား ထိုးနှံဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် ယနေ့တွင် မြို့နယ်(၂၇)မြို့နယ်၌ စတင်ထိုးနှံဆောင်ရွက်ပေးလျက်ရှိပြီး ကျန်မြို့နယ်များတွင် ဆက်လက်ထိုးနှံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများအပြင် တပ်မတော်ဆေးရုံအသီးသီးမှ ပါရဂူများနှင့် ဝန်ထမ်းများက ပါဝင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်း ရရှိသည်။
ပြည်နယ်(ပြန်/ဆက်)

နောက်ထပ်သတင်းများဖတ်မည်