ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အကျဥ်းသား၊ အကျဥ်းသူများအား စားနပ်ရိက္ခာထောက်ပံ့
တောင်ကြီး ဒီဇင်ဘာ - ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ် တောင်လေးလုံး ကျေးရွာအုပ်စု၊ တောင်လေးလုံး အကျဥ်းထောင်ရှိ အကျဥ်းသား၊ အကျဥ်းသူ၊ အချုပ်သား၊ အချုပ်သူ၊ ရဲဘက် လုပ်အားရှင်များအား ဒီဇင်ဘာ(၁၁)ရက် နံနက်(၁၀)နာရီက အဆိုပါ အကျဥ်းထောင်၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်အတွင်းရှိ အကျဥ်းထောင်၊ အချုပ်ထောင်၊ အချုပ်စခန်းများရှိ ပြစ်ဒဏ်ကျခံနေရသူများ၏ မိသားစုဝင်များနှင့် COVID-19 ရောဂါကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ခရီးသွားလာမှုအခက်အခဲများကြောင့် အကျဥ်းကျခံနေ သော အကျဥ်းသား၊ အကျဥ်းသူများထံသို့ စားနပ်ရိက္ခာ သော်လည်းကောင်း၊ အသုံးအဆောင်ပစ္စည်း သော်လည်းကောင်း လာရောက်ထောက်ပံ့ ပေးအပ်နိုင်ရေး အခက်အခဲရှိသည့် အချိန်ကာလတွင် မွန်းကြပ်မှုတွေ ပြေလျော့သွားစေရန် လာရောက် တွေ့ဆုံအားပေးရင်း တောင်လေးလုံး အကျဥ်းထောင်ရှိ အကျဥ်းသား၊ အကျဥ်းသူ၊ အချုပ်သား၊ အချုပ်သူ၊ ရဲဘက် လုပ်အားရှင် များသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ယခုလို စားနပ်ရိက္ခာများ လာရောက်ထောက်ပံ့ ပေးအပ်ရခြင်းဖြစ်ကြောင်း၊ တောင်လေးလုံး အကျဥ်းထောင်ရှိ အကျဥ်းသား၊ အကျဥ်းသူ၊ အချုပ်သား၊ အချုပ်သူ ၊ရဲဘက်လုပ်အားရှင်များအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးသော စားနပ်ရိက္ခာများသည် တစ်ဦးတစ်ယောက်ချင်းစီအတွက် တန်ဖိုးများပြားမှုမရှိသော်လည်း အကျဥ်းသား၊ အကျဥ်းသူ၊ အချုပ်သား၊ အချုပ်သူ၊ ရဲဘက်လုပ်အားရှင်များသည် ပြည်သူများသာ ဖြစ်သောကြောင့် အစိုးရမှ ပြည်သူများကို အထောက်အပံ့တစ်ခုအနေဖြင့် ထောက်ပံ့ပေးခြင်းဖြစ်ပြီး ယနေ့ထောက်ပံ့မှုအနေဖြင့် ရှမ်းပြည်နယ်အတွင်းရှိ အကျဥ်းထောင်၊ အချုပ်ထောင်၊ စခန်းများမှ အကျဥ်းသား၊ အကျဥ်းသူ၊ အချုပ်သား၊ အချုပ်သူ၊ ရဲဘက်လုပ်အားရှင် ဦးရေစုစုပေါင်း (၁၂၇၉၁)ဦး အတွက် တန်ဖိုးငွေမှာ (၂၅၅)သိန်းကျော်ဖြစ်ကြောင်း ပြောကြားလိုကြောင်း၊ အလားတူCOVID-19 ကာလအတွင်း ရှမ်းပြည်နယ် အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု တစ်သိန်းတစ်သောင်းကျော်အား အခြေခံစားကုန်အမယ်(၅)မျိုး ထောက်ပံ့ပေးနိုင်ခဲ့ပြီး ငွေကြေးထောက်ပံ့မှုအနေဖြင့် တစ်အိမ်ထောင်လျှင် (၂၀၀၀၀)ကျပ်နှုန်းဖြင့် အိမ်ထောင်စုပေါင်း တစ်သိန်း ခုနှစ်သောင်းကျော်ကို ယနေ့အချိန်အထိ စုစုပေါင်း(၄)ကြိမ် ထောက်ပံ့ပေးနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ COVID-19 ရောဂါနှင့် စပ်လျဥ်း ပြီးကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ အကျဥ်းထောင်မှ ချမှတ်ထားသော စည်းမျဥ်း စည်းကမ်းများကို တစ်ဦးတစ်ယောက်ချင်းစီအလိုက် တစ်သွေမသိမ်း လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် ပြစ်ဒဏ်အသီးသီးမှ အမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေကြောင်း ပြောကြားသွားသည်။
ဆက်လက်၍ ညောင်ရွှေအကျဥ်းထောင် တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်လွင်မှ Power Point ဖြင့်ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူ များက အကျဥ်းထောင်၊ အချုပ်ထောင်နှင့် အလုပ်စခန်းများအတွက် စားနပ်ရိက္ခာနှင့် ကလေးသူငယ်များအတွက် ပုံဆွဲစာအုပ်၊ သုတရသစာအုပ်များ ပေးအပ်ရာ ညောင်ရွှေအကျဥ်းထောင် တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်လွင်မှ လက်ခံရယူ ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)
09-250132943