We have 510 guests and no members online

ကွတ်ခိုင် ဒီဇင်ဘာ   -   ၁၇

new 845

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်၊ မူဆယ်မြို့ဝင်၊ မြို့ထွက်တွင် ဖွင့်လှစ်ထားသော Covid-19 ရောဂါ စစ်ဆေးရေးဂိတ်တွင် တာဝန်ကျနေသော ဝန်ထမ်းများအား ဒီဇင်ဘာ(၁၆)ရက် ညနေပိုင်းက ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှ စားစရာနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူ တို့က ခေါက်ဆွဲခြောက်၊ သောက်ရေသန့်၊ ကြက်ဥ၊ ကျန်းမာရေးသုံးပစ္စည်းများနှင့် ငွေကျပ်(၁၀)သိန်းစီ ထောက်ပံ့ ပေးအပ်ခဲ့ကြပြီး မူဆယ်မြို့၊ မြို့တော်ခန်းမ ပြန်လည်ပြင်ဆင် ဆောက်လုပ်မည့် အခြေအနေများကို မူဆယ်မြို့နယ် စည်ပင်သာယာရေးမှ တာဝန်ရှိသူများက ရှင်းလင်းကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

လားရှိုး ဒီဇင်ဘာ   -   ၁၆

new 844

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် မန်းပွဲကျေးရွာအုပ်စုအတွင်းရှိ ပြည်သူ(၂၅၇)ဦးအား လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ပေးအပ်ခြင်းကို ဒီဇင်ဘာ(၁၆)ရက် မွန်းတည့်(၁၂)နာရီက မန်းပွဲကျေးရွာအုပ်စု ရှဲန်ခိုက်ဘုရားကျောင်း၌ ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က လားရှိုးမြို့နယ်အတွင်း လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ထုတ်ပေးခြင်းလုပ်ငန်းကို ရပ်ကွက်/ကျေးရွာ အုပ်စုပေါင်း(၇၅)အုပ်စု၊ ကွင်းပေါင်း (၂၉၈)ကွင်း၊ တောင်သူပေါင်း(၁၀၁၆၁)ဦး၊ ဦးပိုင်ပေါင်း(၁၂၈၇၀)နှင့် ဧရိယာပေါင်း (၄၂၁၁၆)ဧကကို လျာထားလျက် ရှိရာ ယနေ့အချိန်ထိ တောင်သူပေါင်း(၉၉၆၆)ဦး၊ ဦးပိုင်ပေါင်း(၁၂၅၇၉)နှင့် ဧရိယာပေါင်း(၃၉၁၀၀)ဧက ထုတ်ပေးပြီး ဖြစ်သည့်အတွက် ရာနှုန်းပြည့်နီးပါး ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနားတွင် လားရှိုးမြို့နယ်ရှိ မန်းပွဲကျေးရွာအုပ်စု၊ အိမ်ခြေ(၅၅၁)ခု၊ အိမ်ထောင်စု(၅၁၅)စု၊ လူဦးရေ(၂၉၅၂)ဦးမှ တောင်သူပေါင်း(၂၅၇)ဦး၊ ဦးပိုင် ပေါင်း(၃၉၂)ခုကို လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)များ ပေးအပ်သွားမှာဖြစ်ကြောင်း ပြောကြားသွား သည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က မန်းပွဲကျေးရွာအုပ်စုအတွင်းရှိ ပြည်သူ(၂၅၇)ဦးအား လယ်ယာမြေ လုပ်ပိုင် ခွင့်ပြုလက်မှတ် (ပုံစံ-၇)များ ပေးအပ်ကြပြီး ဒေသခံပြည်သူ ဦးထွန်းဆာမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြား ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

လားရှိုး ဒီဇင်ဘာ   -   ၁၆

new 842

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် မန်းပွဲကျေးရွာရှိ တောင်သူဦးစိုင်းထွန်းလှိုင်၏ ကြက်သွန်ဖြူသီးနှံ ( GAP and Water Management) စံပြစိုက်ခင်းသို့ ဒီဇင်ဘာ(၁၆)ရက် နံနက်(၉)နာရီခွဲက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့မှ သွားရောက်ကွင်းဆင်း ကြည့်ရှုကြကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်သည် ဟင်းသီးဟင်းရွက် သစ်သီးဝလံ အမျိုးအမည်စုံလင်စွာ စိုက်ပျိုးထုတ်လုပ်သည့် ပြည်နယ်ကြီးတစ်ခုဖြစ်သဖြင့် တစ်နိုင်ငံလုံးရှိ တိုင်းရင်းသား ပြည်သူ များသည် ရှမ်းပြည်နယ်မှ ထွက်ရှိသော သီးနှံများကို စားသုံးရပြီး ပြည်သူတစ်ရပ်လုံး၏ အစားအစာ ဘေးကင်းလုံခြုံရေးအတွက် အရေးကြီးသည့် ပြည်နယ်လည်းဖြစ်ကြောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ၂၀၁၆-၂၀၁၇ ခုနှစ်မှစ၍ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ လိုက်နာကျင့်သုံးစိုက်ပျိုးခြင်းကို စတင်ဆောင်ရွက်လာခဲ့သည်မှာ (၄)နှစ်တာကာလအတွင်း သီးနှံ ပေါင်း(၂၀)မျိုးကို အသိအမှတ်ပြု လက်မှတ်များရရှိအောင် ပညာပေးဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ လိုက်နာကျင့်သုံးခြင်းကို ပညာပေးလုပ်ငန်းများမှတစ်ဆင့် ယခုအချိန်တွင် ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်သော GAP အထူးဇုန်ကြီးများ ဖော်ဆောင်စိုက်ပျိုး ထုတ်လုပ်သွားရန် လိုအပ်သဖြင့် လက်ဖက်၊ နာနတ်၊ အာလူး၊ ငရုတ်၊ ကြက်သွန်ဖြူ၊ မက္ကဒေးမီးယားစသည့် သီးနှံများကို ဧကထောင်ချီစိုက်ပျိုးသော GAP အထူးဇုန်ကြီးများအဖြစ် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ဟု သိရပါကြောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)အနေဖြင့် ယခုနှစ်ဆောင်းသီးနှံအဖြစ် ကြက်သွန်ဖြူဧက (၁၀၀၀၅)ဧကစိုက်ပျိုးရန် လျာထားသည့်အနက် လားရှိုးမြို့နယ်တွင် (၁၅၉၅)ဧက စိုက်ပျိုးသွားမည်ဟုသိရပြီး ယခင်နှစ်ကလည်း သိန်းနီမြို့နယ်တွင် ကြက်သွန်ဖြူဧက(၂၀၀) GAP စနစ်ဖြင့် ထုတ်လုပ်နိုင်ခဲ့သည်ကို သိရှိရပါကြောင်း၊ ယနေ့တက်ရောက်လာသည့် တောင်သူများအနေဖြင့် စိုက်ပျိုးရေး ဆိုင်ရာ အလေ့အကျင့်ကောင်းများ လိုက်နာကျင့်သုံး စိုက်ပျိုးထုတ်လုပ်ပြီး ထုတ်လုပ်သူ စားသုံးသူများအားလုံး ဘေးကင်း လုံခြုံရေးကို ဆောင်ရွက်ကြသည့်အတွက် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန် ရှိသူများမှ လားရှိုးမြို့နယ် ကြက်သွန်ဖြူ GAP စိုက်ပျိုးတောင်သူများအား သဘာဝမြေသြဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး တောင်သူများကိုယ်စား တောင်သူဦးစိုင်းထွန်းလှိုင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် လားရှိုးမြို့နယ်၊ မန်းပွဲလုံကျေးရွာအုပ်စု၊ မန်းပွဲကျေးရွာတောင်သူ ဦးစိုင်းထွန်းလှိုင်၏ ကြက်သွန်ဖြူ GAP စိုက်ခင်းတွင် ရေစုဆောင်းထားခြင်းနှင့် ရေချွေတာသုံးစွဲမှု (Water Management) ဆောင်ရွက်ထားရှိမှုနှင့် ကွင်းသရုပ်ပြသမှုတို့ကို ကြည့်ရှုအားပေးကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

လားရှိုး ဒီဇင်ဘာ   -   ၁၆

new 843

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် မန်ဆန်ရေကျကျေးရွာရှိ ဒေသခံပြည်သူများနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့ တွေ့ဆုံခြင်းကို ဒီဇင်ဘာ(၁၆)ရက် နံနက်(၁၁)နာရီက မန်ဆန်ရေကျ ဘုန်းတော်ကြီးကျောင်း သဉ္ဇဝတီဆောင်၌ ကျင်းပသည်။

ထိုသို့တွေ့ဆုံရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က မန်ဆန်ရေကျ ကျေးရွာရှိ ဒေသခံပြည်သူများ၏ လိုအပ်ချက်များ ဆောင်ရွက်ပေးရန်နှင့် အစိုးရအဖွဲ့၏ သက်တမ်း(၃)လ ကျန်နေ သေးသည့်အချိန်အတွင်း ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို အစိုးရအဖွဲ့မှ တက်ညီလက်ညီ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းနှင့် လိုအပ်သည်များရှိပါက တင်ပြကြရန် ပြောကြားပြီး ပြည်နယ်ဝန်ကြီးများနှင့် မိတ်ဆက်ပေး ကြောင်းသိရသည်။

ဆက်လက်၍ ဒေသခံပြည်သူတစ်ဦးမှ မန်ဆန်ရေကျကျေးရွာတွင် ဝန်ထမ်းများသဖြင့် အငြိမ်းစားပင်စင် ယူသည့်အခါ နေထိုင်ရန်အတွက် ရွာမြေများ သတ်မှတ်ပေးရန် ရွာအဝင်လမ်းများ ကောင်းမွန်ရေး ဆောင်ရွက်ပေးရန် တင်ပြရာ ပြည်နယ်ဝန်ကြီးနှင့် သက်ဆိုင်ရာဌာနများက ပြန်လည်ဖြေကြားကြကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ဒေသခံပြည်သူများ၏ တောင်းဆိုချက်များ ဖြစ်သည့် လမ်း၊ ဆက်သွယ်ရေး၊ လျှပ်စစ်မီး မြေကိစ္စများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် မန်ဆန်ရေကျ ကျေးရွာ တွင်ကုမ္ပဏီများ ရှိသောကြောင့် သဟဇာတဖြစ်အောင် နေထိုင်သွားကြရန် နိဂုံးချုပ်စကား ပြောကြားသွားကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

နောက်ထပ်သတင်းများဖတ်မည်