We have 34 guests and no members online

တောင်ကြီး မေ - ၁၇

56

ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သောကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး “ပန်းခင်း” စီမံချက်ဖြင့် ဆောင်ရွက်မည့် အစီအမံအား ရှင်းလင်းတင်ပြခြင်းကို မေ(၁၇)ရက် မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဒေါက်တာကျော်ထွန်းက ယနေ့ကမ္ဘာပေါ်ရှိ လွတ်လပ်သည့် အချုပ်အခြာအာဏပိုင် နိုင်ငံအသီသီးသည် မိမိနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် နိုင်ငံသားများကို မိမိနိုင်ငံ၏ နိုင်ငံသားဖြစ်ကြောင်း အသိအမှတ်ပြုကတ်ပြားတစ်မျိုးမျိုးကို ထုတ်ပေးရပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မိမိနိုင်ငံ အတွင်းနေထိုင်သည့် နိုင်ငံသားများကို မြန်မာနိုင်ငံအတွင်း နေထိုင်ကြောင်း မြန်မာနိုင်ငံသားဖြစ်ကြောင်း အသိအမှတ် ပြုနိုင်ရန်ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးကို လျှောက်ထားရယူ ကိုင်ဆောင်စေလျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများကို ဥပဒေနှင့်အညီ အိမ်ထောင်စု၊ လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့်ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး “ပန်းခင်း” စီမံချက်ဖြင့် စစ်ဆင်ရေး တစ်ရပ်အသွင် ဆောင်ရွက်ထုတ်ပေးရန်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌကြီးက လမ်းညွှန်မှာကြား ခဲ့သည့်အတွက် “ပန်းခင်း” စီမံချက်ကို ၂၀၂၁ခုနှစ်၊ မေလ(၃)ရက်နေ့ မှ နိုဝင်ဘာလ(၃)ရက်နေ့အထိ (၁၈)လကြာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ရှမ်းပြည်နယ်ဦးစီးမှူးရုံးက ကြီးကြပ်ပြီး ဆောင်ရွက်ပေးသွားမှာ ဖြစ်ပြီး ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း လိုအပ်ချက်များကိုကူညီဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာ ဖြစ် ကြောင်းနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ သက်ဆိုင်ရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသကြီးများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များကလည်း လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးကြရန် ပြောကြားသွားသည်။
ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးမှူးရုံး၊ ပြည်နယ်ဦးစီးမှူးဦး အောင်မြင့် မှ ဆွေးနွေးတင်ပြ၍ တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ အထွေထွေ ဆွေးနွေးတင်ပြကြပြီး ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက နိဂုံးချုပ် စကားပြောကြားခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ

တောင်ကြီး မေ - ၁၆

nameless
၂၀၂၁ခုနှစ်၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မေ(၁၆)ရက် မွန်းလွဲ (၂)နာရီက တောင်ကြီးမြို့၊ ပြည်နယ် အားကစားကွင်း၌ ကျင်းပသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ယခင်နှစ်တွင် မြို့နယ်အလိုက်၊ ခရိုင်အလိုက် ပြိုင်ပွဲများသာ ကျင်းပခဲ့သော်လည်း ပြည်နယ်တွင်း နေထိုင်ကြသည့် တိုင်းရင်းသားများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရှိစေရေး၊ အားကစားဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်နယ်ကိုယ်စားပြု ထူးချွန်အားကစားသမားများ ပိုမိုရှာဖွေရရှိနိုင်ရေးတို့ကို ရည်ရွယ်ပြီး ယခုနှစ်ကစ၍ `ဝ´ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုးကန့်၊ ပအိုဝ်း၊ ဓနု၊ ပလောင် အစရှိသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပါ ခရိုင် အလိုက် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ကြားထားပြီး ကိုးကန်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် လတ်တလော COVID-19 ရောဂါ အခြေအနေကြောင့်ပါဝင်ယှဉ် ပြိုင်နိုင်ခြင်း မရှိသော်လည်း ကျန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသများပါဝင် လာသည်ကို တွေ့ရသည့်အတွက် များစွာဂုဏ်ယူမိပြီး အနာဂါတ် ရှမ်းပြည်နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အားတက် ကျေနပ်မိပါကြောင်း၊ ယခုယှဉ်ပြိုင်ကစားကြမည့် ဘောလုံးပြိုင်ပွဲတွင် အားကစားသမားများ အနေဖြင့် အားကစား စိတ်ဓါတ်ကို အရင်းခံပြီး ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်များကို နာခံကြကာ ပြိုင်ပွဲကြီးကြပ်မည့် ဒိုင်လူကြီးများ အနေဖြင့် ဘက်လိုက်မှု ကင်းရှင်းပြီး ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများအတိုင်း တရားမျှတမှန်ကန်စွာ တိတိကျကျ ဆုံးဖြတ်ဆောင်ရွက်ပေး ကြရန်၊ သတ်မှတ်ထားသော ဥပဒေဘောင်စည်းမျဉ်းများအရ သန့်ရှင်းစွာ ယှဉ်ပြိုင်ကစားသွားကြရန်နှင့် ခရိုင်အဆင့်မှ ပြည်နယ်၊ ပြည်နယ်အဆင့်မှ နိုင်ငံ့လက်ရွေးစင်အဖြစ် တက်လှမ်းနိုင်ရေး ရည်မှန်းချက်ထားပြီး အားသွန်ခွန်စိုက် ယှဉ်ပြိုင်ကစားသွားကြရန် ပြောကြားသွားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ပြိုင်ပွဲကို ဖွင့်လှစ်ပေးလိုက်ပြီး ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆို၍ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် တာဝန် ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက်ကြသည်။ ထို့နောက် ပြိုင်ပွဲပထမနေ့ပွဲစဉ်အဖြစ် လားရှိုးခရိုင် အသင်းနှင့် မူဆယ်ခရိုင်အသင်းယှဉ်ပြိုင်ကစားနေမှုကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက ကြည့်ရှုအားပေးကြသည်။
အဆိုပါ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသနှင့် ခရိုင်အလိုက်အသက် (၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်၊ လင်းခေးခရိုင်၊ လားရှိုးခရိုင်၊ ကျောက်မဲခရိုင်၊ မူဆယ်ခရိုင်၊ မိုးမိတ်ခရိုင်၊ ကျိုင်းတုံခရိုင်၊ တာချီလိတ်ခရိုင်၊ မိုင်းဆတ်ခရိုင်၊ `ဝ´ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ပအိုဝ်း/ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအသင်းများ ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲကို မေ (၁၆)ရက် မှ (၃၀)ရက်ထိနှင့် (၁)ရက်ကို (၂)ပွဲနှုန်းဖြင့် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ

လားရှိုး မေ - ၁၂

54
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် မေ(၁၁)ရက် နံနက်(၉)နာရီက လားရှိုးမြို့ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် တိုင်းရင်းသားစာပေ ယဥ်ကျေးမှုအဖွဲ့နှင့် တွေ့ဆုံသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက နိုင်ငံတော်၏ လမ်းညွှန်ချက်နှင့်အညီ ယနေ့ နိုင်ငံတော်သွားနေသည့် လမ်းကြောင်းများကို ချပြသွားမည်ဖြစ်ကြောင်း စာပေယဥ်ကျေးမှုအဖွဲ့များ မည်ကဲ့သို့ဆောင်ရွက်နေမှု နှင့်စာပေယဥ်ကျေးမှု မကွယ်ပျောက်အောင် မည်ကဲ့သို့ပူးပေါင်း ဆောင်ရွက်ကြမည်နည်း၊ ရှမ်းပြည်နယ်သည် တိုင်းရင်းသား ပေါင်းစုံများစွာနေထိုင်ပြီး မြေပြင်ပကတိအနေအထားသည် သွားရေးလာရေးခက်ခဲပြီး မြို့နယ်များကို သွားလာရေးမှာလည်း ခက်ခဲကြောင်း၊ မိမိတို့အဖွဲ့သည် ရှမ်းအလယ်ပိုင်းဖြစ်သည့် ကွန်ဟိန်း၊ ခိုလမ်သို့ကို သွားရောက်ကာ ပြည်သူ့စစ်အဖွဲ့နှင့် တွေ့ဆုံကာ ဘုန်းတော်ကြီးကျောင်းများကို ဆွမ်းဆန်တော်များ လှူဒါန်းပေးကြောင်း၊ ဌာနဆိုင်ရာ၊ မြို့မိမြို့ဖများနှင့်လည်း တွေ့ဆုံကာ ဒေသလိုအပ်ချက်များ တင်ပြမှုကို သိရှိရပါကြောင်း၊ ရှမ်းမြောက်သည် တိုင်းရင်းသားပေါင်းစုံရှိပါကြောင်း၊ စာပေ ယဥ်ကျေးမှုအဖွဲ့သည် ကိုယ်စီကိုယ်ငှာ ဥက္ကဋ္ဌနှင့် အဖွဲ့စည်းများရှိပြီး ပညာရှိသူဖြစ်ရမည်၊ လူရိုသေရှင်ရိုသေဖြစ်ရမည်၊ ရှမ်းပြည်နယ်တွင် (၉)မြို့နယ်ကို ညမထွက်ရ အမိန့်ထုတ်ထားခဲ့ရာမှ ယခုဆိုလျှင် (၃)မြို့နယ်ကို ည(၁၀)မနက်(၄)အထိ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး လားရှိုးကိုလည်း ရရှိအောင် ညှိနှိုင်းတိုင်ပင် ကြိုးပမ်းဆောင်ရွက်ပေးနေကြောင်း၊ ဒေသန္တရအမိန့်ကို နောက်ဆုတ်နိုင်ရန် ကြိုးပမ်းနေချိန်တွင် စာပေနှင့်ယဥ်ကျေးမှု အဖွဲ့ကလည်း ပူးပေါင်းပါဝင်ပေးကြရန် ယနေ့နိုင်ငံတော် သွားနေသည့် လမ်းကြောင်းမှာ ကျေးလက်နှင့်မြို့ပြ ဆင်းရဲချမ်းသာ ကွာဟမှုမရှိစေရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဆောင်ရွက်နေပါကြောင်း၊ ဒေသန္တရဖွံ့ဖြိုးရေးကို အစွမ်းကုန်ကြိုးစားနေချိန်တွင် စာပေယဥ်ကျေးမှုအဖွဲ့မှ ဝိုင်းဝန်းဆောင်ရွက် ပေးကြရန်၊ မကျန်ခဲ့အောင်လည်း ကြိုးစားပေးကြရန်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ မှာကြားချက်တွင် လျှပ်စစ်ကဏ္ဍ၊ လမ်းပန်း၊ ဆက်သွယ်ရေး၊ လူသားစွမ်းအားဖွံ့ဖြိုးတိုးတက်ရေး စသည်တို့ကို ဆောင်ရွက်ပေးရန်နှင့် စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေး ကဏ္ဍကိုလည်း ဦးစားပေးလုပ်ပေးရမည်ဖြစ်ကြောင်း၊ ယနေ့တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန် မှာကြားချက်များကို ရှင်းလင်း၍ စာပေယဥ်ကျေးမှုအဖွဲ့ကလည်း မိမိတို့စာပေမြှင့်တင်ပေးရန်နှင့် ကျောင်းဖွင့်ကာလတွင် တိုင်းရင်းသားဘာသာအလိုက် စာပေများကို သင်ကြားပေးနိုင်ရန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မိမိတို့၏မျိုးနွယ်စုကို ထိန်းသိမ်းရင်း နိုင်ငံ၏မျိုးဆက်အနာဂတ်ကို ဝိုင်းဝန်းထိန်းသိမ်းရန် မှာကြားပြောကြားသွားကြောင်း သိရသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ရှမ်းစာပေနှင့်ယဥ်ကျေးမှုအဖွဲ့၊ တအောင်း(ပလောင်) စာပေနှင့်ယဥ်ကျေးမှု၊ ၀ စာပေနှင့်ယဥ်ကျေးမှု၊ ကိုးကန့်စာပေနှင့်ယဥ်ကျေးမှု၊ လီဆူစာပေနှင့်ယဥ်ကျေးမှု၊ လားဟူစာပေနှင့်ယဥ်ကျေးမှု၊ ကချင်စာပေနှင့် ယဥ်ကျေးမှု၊ မြောင်ဇီးစာပေနှင့်ယဥ်ကျေးမှုအဖွဲ့တို့မှ အိမ်ထောင်စုဇယား၊ မွေးစာရင်း၊ နိုင်ငံသားစိစစ်ရေးကဒ်ပြား၊ လယ်ယာမြေ ကိစ္စရပ်များကို အသီးသီးတင်ပြကြပြီး တင်ပြတောင်းဆိုမှုအပေါ် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်းက ပြန်လည်ဖြေကြား၍ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့် အဖွဲ့သည် လားရှိုးတက္ကသိုလ် သွားရောက်ကာ ဘွဲ့နှင်းသဘင်ခန်းမ တည်ဆောက်နေမှုအား သွားရောက်ကြည်ရှု့ပြီး ဆရာ၊ ဆရာမများ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ အဖွင့်အမှာစကားပြောကြားပြီး လားရှိုးတက္ကသိုလ် ပါမောက္ခချုပ်ဆရာကြီး ဒေါက်တာနေဝင်းဦးက ဆွေးနွေးတင်ပြ ကာ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့် အဖွဲ့ဝင်များသည် လားရှိုးတက္ကသိုလ်ဆရာ၊ ဆရာမ များနှင့် ဝန်ထမ်းများကို ကြက်ဥ၊ ဆီ၊ ယူနီဖောင်းဝတ်စုံတို့ကို ထောက်ပံ့ပေးအပ်ရာ ပါမောက္ခချုပ်ဆရာကြီး ဒေါက်တာ နေ၀င်းဦးနှင့် တာဝန်ရှိသူတစ်ဦးက လက်ခံရယူကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ

တောင်ကြီး မေ - ၁၂

55
နိုင်ငံပိုင် ရုပ်ရှင်ရုံ၊ တောင်ကြီး(မြသုခ) လားရှိုး(အောင်သီရိ)တို့၏ တာဝန်နှင့်ဝတ္တရား လွှဲပြောင်းခြင်းစာချုပ် ချုပ်ဆိုခြင်းကို မေ ၁၂ ရက် မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက နိုင်ငံပိုင်ရုပ်ရှင်ရုံများနှင့်ပတ်သက်ပြီး ပြန်ကြားရေး ဝန်ကြီးဌာန အနေဖြင့် ရှမ်းပြည်နယ်အတွင်းရှိ နိုင်ငံပိုင် ရုပ်ရှင်ရုံ(၂)ရုံနှင့် ပုဂ္ဂလိဂကို အပြီးအပိုင် ရောင်းချခဲ့သည့် ရုပ်ရှင်ရုံများ၏ ပြသခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန် စည်းကမ်းသတ်မှတ်ချက်(Condition)ပါ ရုပ်ရှင်ရုံ (၁၂) ရုံတို့ကို ကြီးကြပ်ခြင်း၊ စီမံခန့်ခွဲခြင်း လုပ်ငန်းများကို ယခင်ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့တွင် လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း၊ ယခု တစ်ကြိမ်မှာ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အကြံပြုချက်အရ နိုင်ငံပိုင်ရုပ်ရှင်ရုံများနှင့်ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီး ဌာန၏ တာဝန်ဝတ္တရားများနှင့် တိုင်းဒေသကြီး/ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီများ၏ တာဝန်ဝတ္တရားများကို ဖြည့်စွက် သတ်မှတ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနမှ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီသို့ နိုင်ငံပိုင်ရုပ်ရှင်ရုံများ၏ တာဝန်နှင့်ဝတ္တရား များကို ထပ်မံလွှဲပြောင်းစာချုပ် ချုပ်ဆိုခြင်းဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာန အနေဖြင့် နှစ်ရှည် ငှားရမ်းလုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် နိုင်ငံပိုင်ရုပ်ရှင်ရုံများဖြစ်သော တောင်ကြီးမြို့ (မြသုခ)နှင့် လားရှိုးမြို့(အောင်သီရိ) ရုပ်ရှင်ရုံတို့မှာ Digital စနစ်သို့ အဆင့်မြှင့်တင်ပြီး ပြသခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်နယ်အတွင်း နိုင်ငံပိုင် ရုပ်ရှင်ရုံများမှ ပုဂ္ဂလိဂကို အပြီးရောင်းချသည့် ရုပ်ရှင်ရုံ (၁၂)ရုံအနက် လားရှိုးမြို့မှ သိန်းထိုက်ရုပ်ရှင်ရုံနှင့် သီတာအေး ရုပ်ရှင်ရုံ တို့မှာ အလားတူ Digital စနစ်သို့ အဆင့်မြှင့်တင်ပြီး ပြသခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရုပ်ရှင် ပြသခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ခြင်း မရှိသေးသည့် တောင်ကြီးမြို့(မြို့မ)ရုပ်ရှင်ရုံ၊ (ဗန္ဓုလ)ရုပ်ရှင်ရုံ၊ ကလောမြို့တွင် မြို့ဂုဏ်ရောင် ရုပ်ရှင်ရုံ၊ အောင်ပန်းမြို့တွင် ‌ငွေဗိမာန် ရုပ်ရှင်ရုံ၊ ကျိုင်းတုံမြို့တွင် ကျိုင်းတုံရုပ်ရှင်ရုံ၊ ခေမာရဋ် ရုပ်ရှင်ရုံ၊ တာချီလိတ်မြို့တွင် စံပြရုပ်ရှင်ရုံ၊ သီပေါမြို့တွင် စိန်မေတ္တာ ရုပ်ရှင်ရုံ၊ ကျောက်မဲမြို့တွင် မင်္ဂလာရုပ်ရှင်ရုံ၊ စိန်အောင်ဝင်း ရုပ်ရှင်ရုံ အဆိုပါ ရုပ်ရှင်ရုံ (၁၀)ရုံတို့အနက် အချို့ရုပ်ရှင်ရုံများမှာ ရုပ်ရှင်ပြသခြင်းလုပ်ငန်းအတွက် Digital စနစ်သို့ ပြောင်းလဲဆောင်ရွက်နိုင်ခြင်း မရှိသေးပါကြောင်း စိစစ် တွေ့ရှိရပြီး အချို့ရုပ်ရှင်ရုံများမှာ ရုပ်ရှင်ပြခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းမရှိဘဲ အခြားလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း စိစစ်တွေ့ရှိရပြီး အဆိုပါ ရုပ်ရှင်ရုံ (၁၀)ရုံနှင့်စပ်လျဉ်း၍ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အမှတ်စဉ်(၁၂/၂၀၂၁)အစည်းအဝေးဆုံးဖြတ်ချက် အပိုဒ်(၆)(ဟ)အရ ယင်းရုပ်ရှင်ရုံများနှင့်ပတ်သက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာနတို့မှ စိစစ်၍ ပြန်လည်တင်ပြရန် ဆုံးဖြတ်ခဲ့ပြီး အဆိုပါဌာနများကို ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့တွင် အကြောင်းကြားထားပြီး ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း ရုပ်ရှင် ပြသခြင်းလုပ်ငန်းဆောင်ရွက်ရန် စည်းကမ်းသတ်မှတ်ချက်(Condition)ပါ ရုပ်ရှင်ရုံ (၁၀) ရုံနှင့်ပတ်သက်ပြီး ရှမ်းပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီက သက်ဆိုင်ရာရုပ်ရှင်ရုံများအား ပုဂ္ဂလိဂပိုင်အဖြစ် ဝယ်ယူထားရှိသူများအနေဖြင့် သတ်မှတ်စည်းကမ်းချက် များနှင့်အညီ ရောင်းချစဉ်၊ ဝယ်ယူစဉ်ကပါရှိသည့် စာချုပ်ပါအတိုင်း ရုပ်ရှင်ပြသခြင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်ခြင်းမရှိပါက ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ စိစစ်ပြီး အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊ နိုင်ငံပိုင်ရုပ်ရှင်ရုံများ ဖြစ် သည့် တောင်ကြီးမြို့(မြသုခ)နှင့် လားရှိုးမြို့(အောင်သီရိ)ရုပ်ရှင်ရုံ၊ ပုဂ္ဂလိဂကို အပြီးရောင်းချပြီးသည့် လားရှိုးမြို့(သိန်းထိုက်) ရုပ်ရှင်ရုံနှင့် (သီတာအေး)ရုပ်ရှင်ရုံ (၄)ရုံတို့ကိုလည်း ခေတ်နှင့်အညီ ရုပ်ရှင်ပြသခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကြီးကြပ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ရုပ်ရှင်ပြသခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ခြင်း မရှိသေးသည့် ရုပ်ရှင်ရုံ (၁၀)ရုံကို စိစစ်ပြီး ရုပ်ရှင် ပြသခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေး ကြီးကြပ်ဆောင်ရွက်ခြင်း၊ ရုပ်ရှင်ပြသခြင်းလုပ်ငန်း မဆောင်ရွက်နိုင်သည့် ရုပ်ရှင်ရုံ များကိုလည်း စိစစ်အရေးယူဆောင်ရွက်ခြင်းလုပ်ငန်းများကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ကြီးကြပ်ဆောင်ရွက် သွားမည်ဖြစ်သည့်အတွက် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပူးပေါင်း ဆောင်ရွက်ပေးကြရန် ပြောကြားသွားသည်။
ဆက်လက်၍ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်က ပြန်ကြားရေးဝန်ကြီးဌာနမှ နိုင်ငံပိုင် ရုပ်ရှင်ရုံ (၂၇)ရုံ ၏ မြေနှင့်အဆောက်အဦ ပိုင်ဆိုင်မှုကို ဆက်လက်ထိန်းသိမ်းနိုင်ရေးအတွက် တာဝန်နှင့်ဝတ္တရားများကို တိုင်းဒေသကြီး/ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ဆောင်ရွက်ရမည့် တာဝန်နှင့်ဝတ္တရားများကို ဖြည့်စွက်သတ်မှတ်ခဲ့ပါကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှ ထုတ်ပြန်ထားသည့်အမိန့်အရ ပြန်ကြားရေးဝန်ကြီးဌာနသည် နိုင်ငံပိုင်ရုပ်ရှင်ရုံ (၂၇)ရုံနှင့် စပ်လျဉ်း၍ မြေ နှင့်အဆောက်အဦ ပိုင်ဆိုင်မှုကို ဆက်လက်ထိန်းသိမ်းနိုင်ရေးအတွက် တာဝန်နှင့်ဝတ္တရားများကို ဆောင်ရွက်ရန်အတွက် ၁၉၉၆ ခုနှစ်၊ ရုပ်ရှင်ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ရုပ်ရှင်လုပ်ငန်းလိုင်စင်နှင့် ရုပ်ရှင်ရုံလိုင်စင်ထုတ်ပေးခြင်း၊ ရုပ်ရှင်ရုံများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့်အညီ ပြသလျက်ရှိပြီး စစ်ဆေးဆောင်ရွက် ခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီသို့ လွှဲပြောင်းပေးအပ်ထားသော နိုင်ငံပိုင်ရုပ်ရှင်ရုံများ၏ မြေနှင့် အဆောက်အဦများကို ထိန်းသိမ်းဆောင်ရွက်ခြင်း၊ ရုပ်ရှင်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းဒေသကြီး/ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်း တာဝန် (၄)ရပ် ချမှတ်ထားပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံပိုင်ရုပ်ရှင်ရုံနှင့်စပ်လျဉ်း၍ တာဝန်နှင့်ဝတ္တရားများ ဆောင်ရွက်ရန်အတွက် နိုင်ငံပိုင်ရုပ်ရှင်ရုံများကို စနစ်တကျ ငှားရမ်းဆောင်ရွက်ရေး၊ ငှားရမ်းခရသည့် ရုပ်ရှင်ရုံလိုင်စင်ကြေးများကို တိုင်းဒေသကြီး/ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဘဏ္ဍာရေးရန်ပုံငွေတွင် ရယူပေးသွင်းရေး၊ ယခင်က ငှားရမ်းစာချုပ် ချုပ်ဆိုထားသည့် နိုင်ငံပိုင်ရုပ်ရှင်ရုံနှင့်ပတ်သက်၍ ငှားရမ်း စာချုပ်ပါ စည်းကမ်းသတ်မှတ်ချက်နှင့်အညီ ကြီးကြပ်ဆောင်ရွက်ခြင်း၊ ငှားရမ်းစာချုပ် ပျက်ပြယ်သောရုပ်ရှင်ရုံများ၊ ငှားရမ်းပြည့် မြောက်သော နိုင်ငံပိုင်ရုပ်ရှင်ရုံများ စနစ်တကျ ငှားရမ်းဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်ခြင်း၊ နိုင်ငံပိုင်ရုပ်ရှင်ရုံများ၏ ငှားရမ်းခ နှုန်းထားများကို ကာလဒေသပေါက်ဈေး နှုန်းထားနှင့်အညီ ငှားရမ်းဆောင်ရွက်ခြင်း၊ နိုင်ငံပိုင်ရုပ်ရှင်ရုံများကို စနစ်တကျ ပြသနို င်ရေးအတွက် ဆောင်ရွက်နိုင်ရန် လိုအပ်သည့် အမိန့်နှင့်ညွှန်ကြားချက်များ ထုတ်ပြန်၍ စီမံခန့်ခွဲကြီးကြပ်ပေးခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ(CC)နှင့် ချုပ်ဆိုထားသော နိုင်ငံပိုင်ရုပ်ရှင်ရုံများ ငှားရမ်းသည့် စာချုပ်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ မိတ္တူတစ်စုံပေးပို့ခြင်း ပြန်ကြားရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး/ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီကို တာဝန်ခွဲဝေပေးထားသည့်အတိုင်း ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသွားသည်။
ထို့နောက် နိုင်ငံပိုင်ရုပ်ရှင်ရုံ တောင်ကြီး(မြသုခ)၊ လားရှိုး(အောင်သီရိ)တို့နှင့်ပတ်သက်၍ သဘောတူညီချက် စာချုပ် လက်မှတ်ရေးထိုးရာ နိုင်ငံပိုင်ရုပ်ရှင်ရုံ လွှဲပြောင်း/ပေးအပ် စာချုပ်တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်နှင့် ညွှန်ကြားရေးမှူး ဦးရဲလင်းမြင့်တို့က လက်မှတ်ရေးထိုးခြင်း၊ နိုင်ငံပိုင် ရုပ်ရှင်ရုံ တောင်ကြီး(မြသုခ) တင်ဒါအောင်မြင်သူ ဦးမောင်မောင်သန်း၊ ဦးမြတ်လင်းနှင့် အသိသက်သေအဖြစ် ဒေါ်ခင်ချိုသက် တို့က စာချုပ်တွင် လက်မှတ်ရေးထိုးခြင်း၊ လားရှိုးမြို့(အောင်သီရိ)တင်ဒါအောင်မြင်သူ ဦးထွန်းနိုင်(ခ)ကျန်‌ယောင်းနှင့် အသိသက်သေ အဖြစ် ဦးမင်းခန့်တို့မှ စာချုပ်တွင် လက်မှတ်ရေးထိုးကြပြီး နိုင်ငံပိုင်ရုပ်ရှင်ရုံ တောင်ကြီး(မြသုခ)၊ လားရှိုး(အောင်သီရိ)တို့နှင့် ပတ်သတ်၍ စာချုပ်ကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ် က ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးနေလင်းထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ

လားရှိုး မေ - ၁၀

53
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့သည် မေ(၁၀)ရက် နံနက်(၁၁)နာရီခွဲက လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်(၅)ရှိ ခိုင်ရွှေဝါလမ်းမှ အဝေရာလမ်း (မြို့ပတ်လမ်း)အထိ အပိုင်းလိုက် လမ်းသားတိုးချဲ့ပြုပြင်ခြင်းနှင့် ကတ္တရာထပ် ပိုးလွှာခင်းခြင်းလုပ်ငန်းနှင့် လမ်းဖြတ်တံတားများ ဘုရားလမ်း လမ်းသားတိုးချဲ့ခြင်းလုပ်ငန်းနှင့် AC လမ်းခင်းခြင်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ လားရှိုးမြို့နယ် အမှုဆောင် အရာရှိ ဦးကျော်ဇင်နှင့် အင်ဂျင်နီယာမှူး ဦးလှမျိုးတို့မှ လုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်သက်၍ ရှင်းလင်းကာ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ လားရှိုးမြို့နယ် စည်ပင်သာယာရေးအဖွဲ့များ စုဆောင်းငွေမှ ပိုလျှံငွေဖြင့် ဝယ်ယူထားသော AC Plant နှင့် ဆက်စပ်ယန္တရားများ လည်ပတ်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ

နောက်ထပ်သတင်းများဖတ်မည်