We have 151 guests and no members online

Feature

တောင်ကြီး အောက်တိုဘာ - ၂၀

new 12

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း၌ HPV ကာကွယ်ဆေး စတင်ထည့်သွင်း ထိုးနှံခြင်းကို အောက်တိုဘာ ၂၀ မွန်းလွဲ ၁ နာရီက MICC-II (နေပြည်တော်)၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်မိန့်ခွန်းပြောကြားရာ Video Conferencing စနစ်ဖြင့် တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်း၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူဇာချစ်တင်၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူး ဦးကျော်သိန်း၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဦး၊ ‌တောင်ကြီးခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

သားအိမ်ခေါင်းကင်ဆာသည် ကမ္ဘာတစ်ဝန်းတွင် အမျိုးသမီးများ၌ စတုတ္ထမြောက်အဖြစ်အများဆုံးကင်ဆာဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများမှ အမျိုးသမီးများတွင် ဒုတိယမြောက်အဖြစ်အများဆုံးကင်ဆာဖြစ်၍ ၂၀၁၈ ခုနှစ်စာရင်းများအရ ကမ္ဘာတစ်ဝန်းလုံး၌ နှစ်စဉ်အမျိုးသမီး (၆)သိန်းခန့်တွင် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားခဲ့၍ ၎င်းတို့အနက် (၃)သိန်းကျော် သေဆုံးခဲ့ရပြီး၊ သားအိမ်ခေါင်းကင်ဆာသည် မြန်မာနိုင်ငံ၌ အမျိုးသမီးများ အသက်အရွယ်အားလုံးတွင် ဖြစ်လေ့ရှိသော ကင်ဆာအားလုံး၏ (၂၃.၅)ရာခိုင်နှုန်း ရှိကြောင်းနှင့် သားအိမ်ခေါင်းကင်ဆာသည် အသက်(၁၅)နှစ်မှ (၄၄)နှစ်ကြားအမျိုးသမီး များတွင် အဖြစ်အများဆုံးကင်ဆာဖြစ်သည့်အပြင် ကင်ဆာကြောင့်သေဆုံးရခြင်း၏အဓိကအကြောင်းအရင်းဖြစ်ပါသည်။

HPV ကာကွယ်ဆေးသည် ကင်ဆာရောဂါကိုကာကွယ်နိုင်သည့် ကာကွယ်ဆေးတစ်မျိုးဖြစ်ပြီး၊ Human Papillomavirus ဟုခေါ်သည့် HPV ပိုးကြောင့်ဖြစ်သော သားအိမ်ခေါင်းကင်ဆာနှင့် မျိုးပွားလမ်းကြောင်းတွင် ဖြစ်ပွားတတ်သည့် ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်သည့်အပြင် သားအိမ်ခေါင်းကင်ဆာအားလုံးနီးပါးသည် HPV ပိုးကြောင့်ဖြစ်ပွားရခြင်း ဖြစ်ကြောင်း၊ ၎င်းHPV ပိုးသည် လိင်ဆက်ဆံခြင်း၊ အရေပြားချင်းထိတွေ့ခြင်းမှတစ်ဆင့် ကူးစက်တတ်ပြီး ကူးစက်ခံရသူ အများစုမှာ ရောဂါလက္ခဏာမပြဘဲ ရှိနေတတ်သောကြောင့် မည်သူမဆို အချိန်မရွေးရောဂါပိုးကူးစက်နိုင်ပါကြောင်း၊ မြန်မာနိုင်ငံတွင် HPV ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်၌ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် စတင်ထည့်သွင်းသွားမည်ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးအပြည့်အဝရရှိရန် (၂)ကြိမ်ထိုးနှံရန်လိုပါကြောင်း၊ အသက် ၉နှစ်မှ ၁၀ နှစ်အရွယ်မိန်းကလေးများ တစ်နည်းအားဖြင့် ၂၀၁၀ခုနှစ် စက်တင်ဘာလ(၁)ရက်မှ ၂၀၁၁ ခုနှစ် သြဂုတ်လ(၃၁)ရက်အတွင်း မွေးဖွားသောမိန်းကလေးများအားလုံးကို ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ပြီး ပထမအကြိမ်ထိုးနှံပြီး(၁၂)လခြားကာ ဒုတိယ အကြိမ် ထိုးနှံပေးမည်ဖြစ်ကြောင်းသိရသည်။ ၎င်းကာကွယ်ဆေးထိုးနှံခြင်းအတွက် ကုန်ကျစရိတ်မှာ မိန်းကလေးတစ်ဦးအတွက် ကာကွယ်ဆေးတစ်ကြိမ်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၄.၅)ဒေါ်လာတန်ဖိုးရှိပြီး၊ နိုင်ငံတော်ဘဏ္ဍာ‌ငွေမှ (၁၀) ရာခိုင်နှုန်းနှင့် Gavi,the vaccine alliance မှ (၉၀)ရာခိုင်နှုန်း ကုန်ကျခံ၍ အခမဲ့ထိုးသွင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ HPV ကာကွယ်ဆေးထည့်သွင်းထိုးနှံခြင်းအခမ်းအနားတွင် အသက် ၉ နှစ်အရွယ်အမျိုးသမီး (၃)ဦးအား ကာကွယ်ဆေးထိုးနှံနေမှုကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် တာဝန်ရှိသူ များက ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09250132943

Feature

တောင်ကြီး  အောက်တိုဘာ  -  ၁၅

new 13

ရှမ်းပြည်နယ်အတွင်း (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြု နိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံသို့ အောက်တိုဘာ ၁၅ ရက် နံနက် ၁၀ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ အလှူရှင်များမှ လာရောက်လှူဒါန်းကြောင်း သိရသည်။

အဆိုပါလှူဒါန်းပွဲတွင် ရှမ်းပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ထမ်းများမှ အလှူငွေကျပ်(၃၄.၅၈)သိန်းအား လှူဒါန်းပေးကြရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်ဝန်ကြီးများက လက်ခံရယူပြီး ရှမ်းပြည်နယ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်မှ ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

Feature

ဆိုက်ခေါင် အောက်တိုဘာ   -   ၉

new 16

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် လင်းခေးခရိုင်နယ်စပ်ရှိ တံတားဦးစီးဌာနမှ ဆောင်ရွက် သည့် ကျွန်းတောင်-ကျောက်တစ်လုံးကြီး နောင်ယာဆိုင်း-ဆိုက်ခေါင်-ပွန်ချောင်း-မောက်မယ်လမ်းပေါ်ရှိ တံတား အမှတ်(၉/၄၅) ပွန်ချောင်းတံတားဖွင့်လှစ်ခြင်းကို အောက်တိုဘာ(၉)ရက် နံနက်(၁၀)နာရီက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် လင်းခေးခရိုင် နယ်စပ်၌ ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စတင်တာဝန် ယူခဲ့သည့် ၂၀၁၆ ခုနှစ်မှစ၍ ယနေ့အချိန်ထိ ရှမ်းပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွင် တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ခဲ့ရာတွင် ကတ္တရာကွန်ကရစ် AC လမ်းမိုင်ပေါင်း(၂၀၀)ခန့်၊ ကွန်ကရစ်လမ်းမိုင်(၈၀)ခန့်၊ ကတ္တရာလမ်းသစ်ခင်းခြင်း မိုင်(၆၀၀)ကျော်၊ (၁၈)ပေအကျယ်၊ ကတ္တရာ “လမ်းချဲ့”ခင်းခြင်း မိုင်(၆၀၀)ခန့်၊ တံတားနှင့် ရေထုတ်ပြွန် အစင်းပေါင်း (၄၀၀၀)ခန့် တို့ကို ပြည်ထောင်စု၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေများဖြင့်လည်းကောင်း၊ တိုင်းရင်းသားလုပ်ငန်းရှင် ကုမ္ပဏီများ၏ B.O.T စနစ်ဖြင့် လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ယနေ့ဖွင့်လှစ်လိုက်သည့် ပွန်ချောင်းတံတားသစ်ကြီး သည် ရှမ်းပြည်နယ်အတွက် အလွန်အရေးပါသော တံတား(၁)စင်းဖြစ်ပါကြောင်း၊ တံတားတည်နေရာသည် ရှမ်းပြည်နယ် တောင်ကြီးခရိုင်နှင့် လင်းခေးခရိုင်နယ်စပ်တွင်ဖြစ်ပြီး အဓိက National High way လမ်းမကြီးဖြစ်သည့် တောင်ငူ-လိပ်သို-ယာဒို-လွိုင်ကော်-ဟိုပုံးလမ်း NH21 နှင့် နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ်လမ်း NH23 တို့ကို ကွန်ယက်ဆက်ပေးသည့် လမ်းပေါ်က သဘာဝအတားအဆီးကြီးဖြစ်သည့် ပွန်ချောင်းကို ဖြတ်ကျော်တည်ဆောက်ထားပါကြောင်း၊ ယနေ့တည်ဆောက်ဖွင့်လှစ်လိုက် သည့် သံကူကွန်ကရစ်တံတားသစ်ကြီး ခံနိုင်ဝန်မှာ ယာဥ်(၁)စီးချင်း ခွင့်ပြုတန်ချိန်(၆၀)အထိ သွားလာနိုင်မည်ဖြစ်ပြီး ကုန်စည် စီးဆင်းမှုတွင် ပိုမိုလွယ်ကူလျင်မြန် လာတော့မည်ဖြစ်ကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ)ဦးသူရဇော်မှ လမ်းတံတားဆိုင်ရာ အချက်အလက်များ ရှင်းလင်း ပြောကြားရာ ပွန်ချောင်းတံတားသည် စုစုပေါင်းပေရှည်(၁၉၀)ပေရှိပြီး တံတားအကျယ်မှာ (၃၀)ပေစီနှင့် သံမဏိ သံပေါင်ယက်မ၊ သံကူကွန်ကရစ် ကြမ်းခင်းအမျိုးအစားဖြစ်ပြီး စီမံကိန်း တန်ဖိုးအားဖြင့် ကျပ်(၉၇၄.၅၀၀)သန်းကို ပြည်နယ်ရန်ပုံငွေဖြင့် ကျခံ၍ တံတားအထူးအဖွဲ့(၁၂)မှ တာဝန်ယူတည်ဆောက်ထားခြင်း ဖြစ်ပါကြောင်း၊ ယခုဖွင့်လှစ်လိုက်သည့် ပွန်ချောင်းတံတားသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နှင့် လင်းခေးခရိုင်တို့ကို ဆက်သွယ်ထားသည့် လမ်းပေါ်တွင်တည်ရှိပြီး တံတားကြီး တည်ဆောက်ပေးလိုက်သည့်အတွက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဆက်သွယ်သွားလာရေးကို အဆင့်မြှင့်တင်ပေး လိုက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ဒေသခံဦးခွန်လှထွန်းမှ ကျေးဇူးတင်စကားပြောကြားပြီး ပွန်ချောင်းတံတားအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ ဆီဆိုင်မြို့နယ်နှင့် မောက်မယ်မြို့နယ်တို့မှ ပြည်သူ့လွှတ်ကိုယ်စားလှယ်တို့မှ အသီးသီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကမ္ဗည်းကျောက်စာအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြကာ လမ်းတံတားအား လှည့်လည်စစ်ဆေး ကြည့်ရှုကြကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

Feature

တောင်ကြီး အောက်တိုဘာ   -  ၈

new 21

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရှမ်းပြည်နယ်(တောင်ပိုင်း) ကြက်ခြေနီကြီးကြပ်ရေးကော်မတီသို့ ထောက်ပံ့ငွေပေးအပ်ခြင်းကို အောက်တိုဘာ(၈)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်၍ ထောက်ပံ့ငွေပေးအပ်ခြင်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူးတို့မှ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ်(၂၅)သိန်း ပေးအပ်ရာ ရှမ်းပြည်နယ်(တောင်ပိုင်း) ကြက်ခြေနီကြီးကြပ်ရေး ကော်မတီဒုတိယဥက္ကဋ္ဌ ဒေါ်အယ်နန်းခမ်းက လက်ခံ ရယူကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉-၂၅၀၁၃၂၉၄၃

နောက်ထပ်သတင်းများဖတ်မည်