We have 553 guests and no members online

တောင်ကြီး မတ် - ၂၇

20
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက်၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်း(ဒဲဥ်သီးဗွေကွင်း)၌ မတ်(၂၇)ရက် နံနက်(၈)နာရီက ပအိုဝ်းအမျိုးသားနေ့ ကျင်းပကြောင်း သိရသည်။ အခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် ပအိုဝ်းအမျိုးသားအလံတော်ကို အလေးပြုကြပြီး ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များ အားအလေးပြုကြသည်။
ဆက်လက်၍ ပအိုဝ်းအမျိုးသားနေ့ပွဲတော်ဖြစ်မြောက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဖြားခွန်ဝင်းကိုမှ ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက သဝဏ်လွှာဖတ်ကြားရာ ပအိုဝ်း အမျိုးသားနေ့ကို ပအိုဝ်းတိုင်းရင်းသားအားလုံး ပါဝင်ဆင်နွှဲနိုင်ရန်နှင့် ရိုးရာယဥ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်ရေး၊ လက်ဆင့်ကမ်း အမွေခံယူထိုက်စေရေးနှင့် ပအိုဝ်းတိုင်းရင်းသားများအားလုံး အမျိုးသားနေ့ပွဲတော်ကို အနှစ်သာရရှိရှိ ပျော်ပျော်ရွှင်ရွှင်ဖြင့် အောင်မြင်စွာ ကျင်းပပြုလုပ်သွားနိုင်စေရေး စသည့်ရည်ရွယ်ချက်များနှင့် နှစ်စဥ်ကျင်းပ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသည်ကို သိရှိရပါကြောင်း၊ ပအိုဝ်းအမျိုးသားနေ့သည် ပအိုဝ်းအမျိုးသားအားလုံးအတွက် ထူးခြားသည့် ဂုဏ်ထူးဝိသေသများဖြင့် ပြည့်စုံသည့် နေ့ထူးနေ့မြတ်ပင်ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် အမျိုးသားနေ့ဟူသည် မိမိတို့လူမျိုးကို ပြန်လည်မှတ်တမ်းတင် ခြင်းပင်ဖြစ်ပြီး အမျိုးသားနေ့သည် ဇာတိသွေး၊ ဇာတိမာန် စိတ်ဓါတ်များ၊ အမျိုးသားရေး စိတ်ဓါတ်များ ကိန်းအောင်းလာစေရေး အတွက် လှုံ့ဆော်ပေးသည့် နေ့တစ်နေ့ ဖြစ်သည့်အတွက် အမျိုးသားနေ့သည် လူမျိုးတိုင်းအတွက် ထူးခြားသော နေ့တစ်နေ့ ဖြစ်ခဲ့ပါကြောင်း၊ ပအိုဝ်းတိုင်းရင်းသားတို့သည် မိမိတို့၏ထူးခြားသည့် သမိုင်းအစဥ်အလာကို အကြောင်းပြုပြီး “ဒဥ်သီးလာဗွေ” (တပေါင်းလပြည့်နေ့)ရောက်တိုင်း “ပအိုဝ်းအမျိုးသားနေ့”ကို နှစ်စဥ်မပျက်ကျင်းပခဲ့ရာ ယခုဆိုလျှင် (၇၂)ကြိမ်မြောက် တိုင်အောင် ကျင်းပနိုင်ခဲ့ပြီဖြစ်၍ ပအိုဝ်းအမျိုးသားနေ့ကို သာမန်ကျင်းပခြင်းမျိုး မဟုတ်တော့ဘဲ ပိုမိုကျယ်ပြန့် သစ်လွင်သည့် အဓိပ္ပါယ်နှင့် အနှစ်သာရကို ဆောင်ယူနိုင်မည့် နေ့ထူးရက်မြတ်အဖြစ် ပြောင်းလဲကျင်းပလာသည်ကို တွေ့ရပါကြောင်း ဖတ်ကြား သွားသည်။
ထို့နောက် ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်စင်ဖာအောင်ခမ်းထီမှ ပေးပို့လာသည့် သဝဏ်လွှာကို တာဝန်ရှိသူ တစ်ဦးမှ ဖတ်ကြားပြီး အလှူငွေများ ပေးအပ်ရာ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့မှ အလှူငွေကျပ် သိန်း(၂၀)ကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းမှ ပေးအပ်ရာ ပွဲတော်ဖြစ်မြောက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဦးခွန်ဝင်းကိုမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)
09-250132943

တောင်ကြီး မတ်-၂၅

19
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့သည် မတ် (၂၅)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့နယ်တွင် ကုန်တင်ယာဥ်ကြီးများ ရပ်နားစခန်း တည်ဆောက်မည့်စီမံကိန်းနှင့် အေးသာယာမြို့အဆင့်မြင့်ဆေးရုံ တည်ဆောက်မည့်စီမံကိန်းတို့ကို ကွင်းဆင်း ကြည့်ရှုရာ ရှမ်းပြည်နယ်စည်ပင်သာယာရေး ညွှန်ကြားရေးမှူးဦးစိုင်းထွန်းထွန်းနှင့် ဂျေယူနိုက်တက်ကုမ္ပဏီ၊ ဓနုမင်းသားကုမ္ပဏီ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်းက လိုအပ်သည့်များ ဖြည့်စွက်မှားကြားခဲ့ ကြောင်းသိရသည်။
ဆက်လက်၍ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်း၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့သည် ရှမ်းရိုးမမွေးမြူရေးဇုန်ရှင်းလင်းဆောင်တို့ ရောက်ရှိလာရာ ညောင်ရွှေမြို့နယ်မွေးမြူရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာအောင်မင်းထွန်းမှ မွေးမြူရေးဇုန်ဆောင်ရွက်မှု အခြေအနေများကို တင်ပြ ရှင်းလင်း ပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဦးစိုင်းလုံ ကြက်ခြံအား လှည့်လည်ကြည့်ရှုကြ ကြောင်းသိရသည်။
ထို့နောက်ပြည်နယ်စီမံအုပ်ချုပ်ကောင်စီ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် အေးသာယာ စက်မှုဇုန် ရှင်းလင်းဆောင်သို့ သွားရောက်ရာ စက်မှုဇုန်ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသော်မှ အေးသာယာစက်မှုဇုန်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက အေးသာယာ စက်မှုဇုန်နှင့်ပတ်သက်၍ ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များကို အမြန်ဆုံးတင်ပြရန်နှင့် မိမိတို့ဘက်မှ လိုအပ်သည် များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး ပြည်နယ်စီမံအာပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အေးသာယာစက်မှုဇုန်ရှိ ပြောင်းသီးနှံအခြောက်ခံစက်ရုံအား လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူမှ ရှင်းလင်း၍ ပတ္တမြားနဂါးသံမဏိစက်ရုံ၌ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တစ်အိမ်သုံးဆိုလာစနစ်နှင့်ပတ်သက်၍ ရှမ်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းမှ ရှင်းလင်းတင်ပြပြီး တောင်ကြီးမြို့၊ မြို့ရှောင်လမ်း ရှင်းလင်းဆောင်၌ ရွှေညောင်-ထီရီး(မွေးမြူရေးဇုန်)-လင်ကွင်း-ညိုမီး-လေးမိုင် ကွေ့လမ်း(မြို့ရှောင်လမ်း) တည်ဆောက်ခြင်း စီမံကိန်းနှင့်ပတ်သက်၍ ပြည်နယ်လမ်းဦးစီးဌာနတာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)
09-250132943

တောင်ကြီး မတ် - ၂၂

17
တာချီလိတ်မြို့နယ်အတွင်းရှိ လယ်ယာမြေများအား လယ်ယာမြေအခြားနည်းအသုံးပြုခွင့်လျှောက်ထားသည့်ကိစ္စနှင့် ပတ်သက်၍ ဆောင်ရွက်မည့်စီမံကိန်းလုပ်ငန်းများကို ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီသို့ လုပ်ငန်းရှင်များမှ လာရောက် ရှင်းလင်းမှုကို မတ်(၂၂)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ဖေဖော်ဝါရီလ(၁)ရက်မှစ၍ အစိုးရအသစ် အပြောင်းအလဲအုပ်ချုပ်မှုကာလတွင် ယခင်အစိုးရလက်ထက်က မပြီးပြတ်သေးသည့် စီမံကိန်းလုပ်ငန်းများ ရှိပါကြောင်း၊ စီမံကိန်းလုပ်ငန်းတွင် အများဆုံးသက်ဆိုင်မှုမှာ မြေယာကိစ္စများဖြစ်သည့် ငှားရမ်းမှု၊ အခြားနည်းသုံးစွဲမှုများပါဝင်သောကြောင့် ယင်းလုပ်ငန်းများအားစုစည်းကာ အချို့လုပ်ငန်းများကိုရှင်းလင်းပြီး Cabinet ကိုတင်ပြ၍ လိုအပ်သည်များကို ရှမ်းပြည်နယ် ကောင်စီအဖွဲ့ဝင်များကဆွေးနွေးကာ အမှုတွဲအားလုံးပြီးပြည့်စုံပါက သက်ဆိုင်ရာအထက်ကို ပြန်လည်ဆက်တင်ပြီး ပြန်ကျလာ ပါက ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်သည့်အတွက် တကယ်လုပ်မည့်လုပ်ငန်းရှင်ကြီးများကိုခေါ်ယူ၍ ရှင်းလင်းတင်ပြခြင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယနေ့အခမ်းအနားတွင် လုပ်ငန်းရှင်များမှ လာရောက်ရှင်းလင်းကြသည့်အတွက် ကျေးဇူး တင်ရှိပါကြောင်း ပြောကြားသွားသည်။
ဆက်လက်၍ စီမံကိန်းလုပ်ငန်းများအား ဆောင်ရွက်မည့်လုပ်ငန်းရှင်(၂)ဦးဖြစ်သော ဦးလော်ဒါး၊ ဒေါ်ဝါဝါနှင့် ဒေါ်မီဒေး ကိုယ်စား တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် သက်ဆိုင်ရာဌာနများမှ ဆွေးနွေးကြကာ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက နိဂုံးချုပ် အမှာစကားပြောကြားကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)
၀၉-၂၅၀၁၃၂၉၄၃

တောင်ကြီး မတ် - ၂၃

18
သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပနိုင်ရေးအတွက် အကြိုလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို မတ်(၂၃)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ ၌ကျင်းပသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ယနေ့ကျင်းပသည့် အခမ်းအနားသည် မတ်လ (၂၇)ရက် တပေါင်းလပြည့်နေ့တွင် ကျင်းပမည့် နိုင်ငံတော်မှ ဆက်ကပ်သော အဘိဓဇ္ဇ မဟာဂုရုဘွဲ့တံဆိပ်တော်များကို နေပြည်တော်တွင် ဆက်ကပ်မည်ဖြစ်ပြီး လူပုဂ္ဂိုလ်နှင့် အဆင့်မြင့်များအတွက် ဘွဲ့တံဆိပ်တော်များကို နေပြည်တော်တွင် သွားရောက်ယူကြမည်ဖြစ်ကြောင်း၊ ကျန်သည့်သံဃာတော်(၄၂)ပါးကို မြို့တော်ခန်းမတွင် ကျင်းပနိုင်ရန် လျာထားပြီး ဖြစ်ကြောင်း၊ မတ်လ(၂၅)ရက်နေ့တွင် ရောက်ရှိလာမည့် ဆရာတော်ကြီးများနှင့် ကပ္ပိယများအတွက် တည်းခိုမည့်နေရာကိစ္စ၊ ဆွမ်းဆက်ကပ်ရေး၊ ကျန်းမာရေးပြုစု စောင့်ရှောက်မှု၊ သယ်ယူပို့ဆောင်ရေးကိစ္စ စသည်တို့ကို လုပ်ဆောင်နိုင်ရန် အကြိုညှိနှိုင်း အစည်းအဝေးတွင် သက်ဆိုင်ရာဌာနများမှ အကြံပြုဆွေးနွေးပေးကြရန် ပြောကြားသွားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၃) ဦးစိုင်းလိတ်၊ အဖွဲ့ဝင်(၂) ဦးခွန်သိန်းမောင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးလှဦး၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးဦးနေလင်းနှင့် တက်ရောက်လာကြသည့် သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ တင်ပြဆွေးနွေးကြပြီး ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)
၀၉-၂၅၀၁၃၂၉၄၃

တောင်ကြီး မတ် - ၂၀

16

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာ​ကျော်ထွန်း၊ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့်အတူ မတ်(၁၉)ရက် နံနက်(၉)နာရီက တောင်ကြီးခရိုင် ရပ်စောက်မြို့ နယ် ပိန္နဲပင်ကျေးရွာတွင် ရှမ်းပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စက်ရေတွင်းတူးဖော်ပြီးစီးမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။

ပိန္နဲပင်ကျေးရွာ စက်ရေတွင်း တူးဖော်ပြီးစီးမှုနှင့်ပတ်သက်၍ ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းမှ ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့် အဖွဲ့ဝင်များသည် ရေထွက်နေမှုအား ကြည့်ရှုကြကာ သဗ္ဗမင်္ဂလာကျောင်းဆောင်၌ ကျောင်းထိုင်ဆရာတော်အား ဖူးမျှော်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ကျောင်းသား၊ ကျောင်းသူ(၇၀)ဦးတို့အား ဗလာစာအုပ်(၁၀၀)ဒါဇင်၊ ဘောပင်(၁၀၀) ဒါဇင်၊ ခဲတံ(၁၀၀)ဒါဇင်နှင့် စားစရာမုန့်၊ အချိုရည်ဗူးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပိန္နဲပင်ကျေးရွာအတွက် နွေရာသီရေလုံလောက်စွာ သုံးစွဲနိုင်ရေးအတွက် ဂါလံ(၁၀၀၀၀)ဆံ့ ရေစုကန်နှင့် အိမ်ခြေ(၁၄၂)အိမ်၊ လူဦးရေ(၇၄၅) ရေပေးဝေနိုင်ပြီး ကုန်ကျငွေ(၂၀.၅၈၀)သန်း ကုန်ကျကြောင်းနှင့် မိုးစက်ကမ္ဘာ ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ပေးကြောင်း သိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့သည် ရပ်စောက်မြို့နယ် နားခဲလေးကျေးရွာ ကုန်ထုတ်လမ်းနှင့် ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးညွန့်ဝင်း လက်ထောက်ညွှန်ကြားရေးမှူး(နည်း)မှ ရှင်းလင်း ကြောင်းနှင့် အဆိုပါနားခဲလေးကျေးရွာ ကုန်ထုတ်လမ်း (၁/၄)မိုင်နှင့် ကွန်ကရစ်တံတား(၁)စင်း တည်ဆောက်ခြင်း (၃၀´×၁၄´×၁၅´)ကို ချမ်းမြေ့ဇမ္ဗူကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ပြီး ခွင့်ပြုငွေကျပ်(၇၆.၃၈၀)သန်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဘန်းကွေးကျေးရွာ မြစိမ်းရောင်စီမံကိန်း ဖြင့်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်နေသော စက်ရေတွင်း တူးဖော်နေမှုကို သွားရောက်ကြည့်ရှုပြီး ဗထူးတပ်ရှိ အမှတ်(၄)တပ်မတော် စစ်ဆေးရုံသို့ သွားရောက်ကာ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး ဆေးရုံအတွက် ငွေပဒေသာပင် ငွေကျပ်သိန်း(၂၀)၊ ဆေးဝယ်ယူရန် ငွေကျပ်သိန်း(၃၀)၊ ဆေးဝန်ထမ်းများအတွက် ငွေကျပ်(၉၅၀၀၀၀)သိန်းနှင့် စားစရာ ခေါက်ဆွဲခြောက်၊ ကြက်ဥတို့ကို ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ပေးအပ်လှူဒါန်းရာ ဗထူးတပ်ဆေးမှူးမှ လက်ခံရယူ၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆေးရုံတက်ရောက်ကုသနေသော လူနာများအား သွားရောက် ကြည့်ရှုကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ထို့နောက် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့သည် ဓနုကိုယ်ပိုင်ခွင့်ရဒေသ ပင်းတယမြို့နယ်၌ မိုးလုံလေလုံအားကစားတည်ဆောက်ခြင်း (၂၀၀´×၁၀၀´) ခွင့်ပြုငွေ(၃၅၂.၉၈)သန်းဖြင့် လျှံထူးအောင် ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုရာ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

၎င်းနောက် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့် အဖွဲ့ဝင်များသည် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တွေ့ဆုံရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တစ်ဦးချင်းမိတ်ဆက်ကြပြီး ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းမှ ဒေသဆိုင်ရာအချက်အလက်များ၊ အုပ်ချုပ်ရေးဆိုင်ရာများ၊ လုံခြုံရေးဆိုင်ရာများ၊ စီးပွားရေးဆိုင်ရာများ၊ လူမှုရေးဆိုင်ရာများ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဒေါက်တာကျော်ထွန်းက တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်ပြောကြားကာ နိဂုံးချုပ်အမှာစကား ပြောကြား ခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

နောက်ထပ်သတင်းများဖတ်မည်