We have 164 guests and no members online

တောင်ကြီး ဇန်နဝါရီ - ၂

new 818

၇၁ နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ ချစ်ကြည်ရေး အားကစား ပွဲတော်ဖွင့်ပွဲကို ဇန်နဝါရီ ၁ ရက် နံနက် ၉ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ဖယ်ခုံ မြို့နယ်၊ မိုးဗြဲမြို့ အားကစားခန်းမ၌ကျင်းပကြောင်းသိရသည်။

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ ချစ်ကြည်ရေး အားကစားပွဲတော်ဖွင့်ပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ကချင်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဦးဇုတ်ဒေါင်၊ အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအာဗေလ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်သန်းသ ဉ္ဇာမျိုး တို့ကဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက် မှာ ပြည်ထောင်စုတိုင်းရင်းသား လူငယ်အားကစားသမားများသည် အချင်းချင်းချစ်ကြည်ပူးပေါင်းမှုရရှိပြီး အားကစားလောက ဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းပါဝင်ဆောင်ရွက်စေရန်ဖြစ်ကြောင်း၊ ၇၁ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ ချစ်ကြည်ရေး အားကစားပွဲတော်တွင် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘော အားကစားနည်း(၃)မျိုးယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်းနှင့် မြန်မာ့အားကစားမှ ကမ္ဘာ့အားကစားသို့ ဟူသောရည်မှန်းချက် များကို အမျိုးသားလှုပ်ရှားမှုအသွင်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် လူငယ်မောင်မယ်များ၏ အခန်းကဏ္ဍသည် အဓိကနေရာက ပါဝင်နေသည်ကို လေးလေးနက်နက် ခံယူထားကြရန် လိုအပ်ပါကြောင်း အားကစားဖြင့် နိုင်ငံနှင့်လူမျိုးကို မြှင့်တင်ပေးနိုင်သလို မျိုးချစ်စိတ်ဓါတ်နှင့် ဇာတိသွေးဇာတိမာန် ရှင်သန်လာမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ ချစ်ကြည်ရေး အားကစားပွဲတော်တွင် အားကစားသမားများအနေဖြင့် အားကစားစိတ်ဓါတ်ကို အရင်းခံပြီး ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်ကို နာခံကြရန်နှင့် ပြိုင်ပွဲကို ကြီးကြပ်မည့် ဒိုင်လူကြီးများအနေဖြင့်လည်း ဘက်လိုက်မှု ကင်းရှင်းပြီး ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအတိုင်းတရားမျှတစွာ တိတိကျကျမှန်မှန်ကန်ကန် ဆုံးဖြတ်ပေးသွားရန် ပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှလှူဒါန်းသော အလှူငွေများကို ပြည်နယ်ဝန်ကြီးချုပ် ကပေးအပ်ရာ တာဝန်ရှိ သူတစ်ဦးမှ လက်ခံရယူပြီး၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ ချစ်ကြည်ရေး အားကစားပွဲတော် ပွဲဖြစ်မြောက်ရေး ကော်မတီ ဥက္ကဌ ကချင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇုတ်ဒေါင်မှ နှုတ်ခွန်းဆက်စကား ပြောကြားကာ၊ ပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ဒုတိယဥက္ကဌ အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအာဗေလမှ ရှင်းလင်းပြောကြား၍၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ ချစ်ကြည်ရေး အားကစားပွဲတော်သို့ ကြွရောက် ချီးမြှင့်သော ဧည့်သည်တော် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဒေါ်နော်သန်းသ ဉ္ဇာမျိုးက အားပေးစကား ပြောကြားကြောင်းနှင့် ကယန်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးခွန်းအေးမောင်မှ အားကစားပွဲတော် အစီအစဉ်များကို ရှင်းလင်း ပြောကြားပြီးရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီးမှ အားကစားပစ္စည်းများကို ထောက်ပံ့ပေးခြင်းနှင့် ကုမ္ပဏီမှ လှူဒါန်းသော အလှူငွေများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က လက်ခံရယူ ပေးခဲ့ကြောင်းသိရသည်။

ထို့နောက် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ ချစ်ကြည်ရေး အားကစားပွဲတော်ဖွင့်ပွဲ အခမ်းအနားတွင် အထက (မိုးဗြဲ)ကျောင်းသားလူငယ်ပန်းပွားအဖွဲ့၊ Fitness dance အဖွဲ့၊ မြန်မာ့သိုင်းအဖွဲ့များမှ ဂုဏ်ပြုတင်ဆက် ဖျော်ဖြေကြပြီး စုပေါင်းအမှတ်တရမှတ်တမ်းဓါတ်ပုံရိုက်ကူးကြကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

ခရိုင် ပြန်/ဆက် ဦးစီးဌာန

09-250132943

 

နောက်ထပ်သတင်းများဖတ်မည်