We have 184 guests and no members online

ရွာငံ ဇွန်   −   ၄

new 690

ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ တောင်ကြီးခရိုင်၏ တစ်ခရိုင်(၂)ရွာဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြစိုက်ခင်း ကြီးများအတွက် စိုက်ပျိုးရေးသုံးသွင်းအားစုပစ္စည်းထောက်ပံ့ပေးအပ်ပွဲကို ဇွန်(၄)ရက် နံနက်(၉)နာရီက ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် ကျောက်မြောင်းကျေးရွာအုပ်စု ကဇက်ကျေးရွာဘုန်းတော်ကြီးကျောင်း၌ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ၂၀၁၇−၂၀၁၈ ခုနှစ်စိုက်ပျိုးရာသီမှစ၍ ခရိုင်အလိုက် ကျေးရွာတစ်ရွာအား စနစ်တကျရွေးချယ်ကာ ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြ ကျေးရွာအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၈−၂၀၁၉ခုနှစ်တွင် (၁)ခရိုင်(၂)ရွာ ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကျေးရွာများအပြင် (၁)မြို့နယ်(၁)ရွာရွေးချယ်၍ ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာများအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၂၀၁၉ခုနှစ် မိုးရာသီတွင်စတင်၍ (၁)ခရိုင်(၂)ရွာ (၁)မြို့နယ်(၁)ရွာရွေးချယ်ကာ ဘက်စုံ အဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာများအဖြစ် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟုသိရှိရပါကြောင်း၊ ဘက်စုံပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် တောင်သူများအတွက် အကျိုးအမြတ်ရရှိရေးကို ဦးတည်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဘက်စုံအဆင့်မြင့်နည်းပညာသုံးစိုက်ခင်းကြီးများဆောင်ရွက်ရန်အတွက် စိုက်ပျိုးရေးသုံးသွင်းအားစုပစ္စည်းများ ထောက်ပံ့ပေးအပ်သွားမှာဖြစ်ပြီး တောင်သူကြီးများအနေဖြင့်လည်း စိုက်ပျိုးရေးသုံးသွင်းအားစုများကို စနစ်တကျသုံးစွဲ၍ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်း (GAP)နည်းစနစ်များကို စိုက်ပျိုးရေးဦးစီးဌာန၏ ပညာပေးလမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ကြကာ မိမိဒေသတွင်လိုအပ်သော မျိုးကောင်းမျိုးသန့်များကို မိမိတို့ကိုယ်တိုင်ထုတ်လုပ်ပြီး စိုက်ပျိုးသွား စေလိုကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကိုမှ မြန်မာနိုင်ငံအတွင်းဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကျေးရွာ ဆောင်ရွက်နေမှုများအားရှင်းလင်းတင်ပြပြီး၊ ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင်ဦးကြိုင်မှ စိုက်ပျိုးရေးသုံးသွင်းအားစုပစ္စည်းများ ထောက်ပံ့ပေးအပ်ရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြကာ စိုက်ပျိုးရေးသုံးသွင်းအားစုပစ္စည်းများကိုရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌဦးအာကာလင်း၊ ပြည်နယ်စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဦးစိုင်းစွံဆိုင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကိုနှင့် တာဝန်ရှိသူတို့က တောင်သူများအား စိုက်ပျိုးရေးသုံးသွင်းအားစုပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ဘက်စုံအဆင့်မြင့် နည်းပညာသုံးစိုက်ခင်း ကြီးများဖြစ်သည့် ပန်းမုန်လာခြံစိုက်ပျိုးထားရှိမှုကို ကွင်းဆင်းကြည့်ရှုကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

ရွာငံ ဇွန်    −    ၄

new 689

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရွာငံမြို့နယ်တွင် မိုးသီးကြွေကျမှုကြောင့် သီးနှံထိခိုက်ဧကများအတွက် တောင်သူ လယ်သမားအခွင့်အရေး၊ ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးအစီအစဉ်အရ စိုက်ပျိုးရေးသုံးသွင်းအားစုပစ္စည်း ပေးအပ်ပွဲကို ဇွန်(၄)ရက် နံနက်(၁၀)နာရီက ရွာငံမြို့ ဗထူးခန်းမ၌ကျင်းပကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က နိုင်ငံတော်မှ ကျေးလက်နေပြည်သူများ၏ လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ဘက်ပေါင်းစုံမှကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကြိုးပမ်းဆောင်ရွက်နေသည့်ကြားတွင် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာသောအခါ ရှောင်လွဲမရသောကြောင့် သီးနှံများထိခိုက်ပျက်စီးမှုကို ခံစားကြရ ပါကြောင်း၊ ၂၀၁၉ခုနှစ် ဧပြီလအတွင်း ရွာငံမြို့နယ်တွင် လေပြင်းတိုက်ခတ်ပြီး မိုးသီးများကြွေကြမှုကြောင့် ကော်ဖီ၊ လက်ဖက်၊ ထောပတ်၊ သံပုရာ၊ ဒညင်း၊ လိမ္မော်၊ ကမ္ဗလာ၊ သရက်နှင့် ဟင်းသီးဟင်းရွက်စိုက်ခင်းများတွင် အဖူး၊ အပွင့်၊ အသီးများ ကြွေကျခြင်း၊ အကိုင်းများကျိုးကျဒဏ်ရာရခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးများနှင့်အတူ ကိုယ်တိုင်လာရောက်ကြည့်ရှုကာ မိုးသီးဒဏ်ကြောင့် ထိခိုက်မှုအခြေအနေများ မှန်ကန်စေရေး၊ စနစ်တကျစာရင်းပြုစု စေခဲ့ပါကြောင်း၊ တောင်သူလယ်သမားအခွင့်အရေး၊ ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေ ရည်ရွယ်ချက်များမှာ သဘာဝဘေးအန္တရာယ်ကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးမှုများရှိပါက ထောက်ပံ့ကူညီရန်ဟူသော အချက်တစ်ချက်ပါရှိရာ ထိခိုက်နစ်နာခဲ့သောတောင်သူများကို ယခုကဲ့သို့ထောက်ပံ့ပေးအပ်မှုများပံ့ပိုးပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ရာသီသီးနှံထိခိုက်မှုများ အတွက်မျိုးစပါးများနှင့် နှစ်ရှည်သီးနှံ ထိခိုက်မှုများအတွက် ပေါင်းစည်းလယ်ယာသဘာဝမြေသြဇာများအပြင် ဆေးဖြန်းပုံးများကိုပါ ပံ့ပိုးပေးသွားမည်ဖြစ်ပြီး ပံ့ပိုးမှုကြောင့်တောင်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းတွင်အထိုက်လျောက် အထောက်အကူဖြစ်မည်ဟုမျှော်လင့်ပါကြောင်း၊ တောင်သူများအနေဖြင့်လည်း ကြုံတွေ့လာရသောရှောင်လွှဲလို့မရသည့် သဘာဝဘေးအန္တရာယ်များကို စိတ်ပျက်အားငယ်မနေဘဲ နိုးကြားတက်ကြွစွာ ပြန်လည်နိုးထကြိုးစားသွားရန် ပြောကြား သွားသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးအေးကိုကိုမှ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးအစီအစဉ်အရ သဘာဝဘေးအန္တရာယ်ကျရောက်မှုကြောင့် သီးနှံထိခိုက်ပျက်စီး ဧကများအတွက် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဆောင်ရွက်နေမှုများအားရှင်းလင်းတင်ပြပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌဦးအာကာလင်း၊ ပြည်နယ် စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးစိုင်းလုံကျော်၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဦးစိုင်းစွံဆိုင်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဦးအေးကိုကိုတို့မှ တောင်သူများအား ရွှေရင်အေးစပါးမျိုး၊ ဆေးဖြန်းပုံး၊ ပေါင်းစည်းလယ်ယာသဘာဝ မြေသြဇာတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

တောင်ကြီး ဇွန် - ၃

new 691

အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်း ဖွင့်လှစ်
PrintEmail
တောင်ကြီး ဇွန် - ၃အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အားကစားနှင့်ပညာရေး ပေါင်းစပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၁ ရက် နံနက် ၉ နာရီခွဲ တောင်ကြီးမြို့နယ် အေးသာယာမြို့ ရပ်ကွက် ၁ သစ်ပင်ထောင်ကျေးရွာအနီး တောင်ကြီးအားကစားနှင့်ကာယပညာသိပ္ပံကျောင်းရှိ အားကစား ခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်က အဖွင့် အမှာစကား ပြောကြားရာတွင် အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူ များအား ပညာရေးနှင့် လေ့ကျင့်ရေးသာမက ကွန်ပျူတာနှင့်အင်္ဂလိပ်စာဘာသာရပ်များ၊ သင်ကြားပေးခြင်း၊ လူ့ကျင့်ဝတ်ဝတ် (ဗိတ္ကဗလ) ဘာသာစကား၊ ဂျန်ပန်၊ ကိုရီးယားများကို Time Line ထားပြီး သင်ကြား ပေးရန်လိုအပ်ပါကြောင်း၊ အားကစားနည်း အကြောင်းအရာများ သင်ကြားရာမှာ SEA Gemaes၊ ASEAN Games၊ O1ympic Games စသည့်ဖြင့် ခွဲခြားလေ့ကျင့်သင်ကြားရန် လိုအပ်ပါကြောင်း၊ Sports Science ဘာသာရပ်နှင့် Sports Psycho1ogy များပါ သင်ကြားပေးရန် လိုအပ်ပြီး၊ ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ အသိအမှတ်ပြုဘွဲ့လက်မှတ်များပေးနိုင်ရေး၊ နည်းပြဒီပလိုမာသင်တန်းများ ဆက်လက် ဖွင့်လှစ် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြောကြားသွားသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၂၃ ခု ငွေတံဆိပ် ၂၀ ကြေးတံဆိပ် ၃၁ ခု စုစုပေါင်း ၇၄ ခုရရှိခဲ့သည့်အတွက် ဂုဏ်ယူပါကြောင်း၊ ၂၀၁၈ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများတွင် ရှမ်းပြည်နယ်ကိုယ်စားပြု ဘော်လီဘော (အမျိုးသမီး) အသင်းလိုက် အသက် ၁၉ နှစ်အောက်ပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆုများရရှိခဲ့သည့်အပြင် ၁၀ ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲ၊ ပြေးခုန်ပစ်တွင် အမျိုးသား မီတာ ၅၀၀၀ လမ်းလျှောက်တွင် ရွှေတံဆိပ်ဆုနှင့် အမျိုးသမီး မီတာ ၃၀၀၀ လမ်းလျှောက် ပြိုင်ပွဲမှာရွှေတံဆိပ်ဆုများရရှိခဲ့ပါကြောင်း၊ အားကစားနှင့် ပညာရေပေါင်းစပ်သင်တန်းမှ သင်တန်းသား/ သင်တန်းသူများ အားကစားတွင် ယခုကဲ့သို့အောင်မြင်မှုတွေရှိသလို ပညာရေးဘက်မှာလည်း တစ်နှစ်ထက်တစ်နှစ် အောင်ချက် မြင့်မားလာ သည်မှာလည်း အားကစားနှင့် ကာယပညာ(တောင်ကြီး) တာဝန်ရှိသူများ၊ နည်းပြများ၊ ပညာရေး ဆရာမများ၊ သင်တန်းသား/ သင်တန်းသူများအားလုံးသည် မိမိကျရာ အခန်းကဏ္ဍအသီးသီးမှ မိမိတို့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ပြီး မိမိကျောင်း၏ဂုဏ်သိက္စာ မြင့်မားအောင်အားကစားနှင့် ပညာရေးကို စနစ်တကျ ပေါင်းစပ်ပြီး ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပါကြောင်းပြောကြားသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကျောင်းသုံးဖလာစာအုပ် ဒါဇင် ၂၀၀ ကို ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာ မျိုးထွန်းက ပေးလှူဒါန်းရာ ကျောင်းအုပ်ကြီး ဦးသက်လွင်က လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။ ဆက်လက်၍ ပြည်ထောင်စုဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ကျောင်းအုပ်ကြီးနှင့် အဖွဲ့ဝင်များက အားကစားနည်းအလိုက် ခင်းကျင်းပြသထားသည့် အားကစားအထောက်အကူပြုပစ္စည်းများအား လှည့်လည်ကြည့်ရှုကာ အားကစား သမားများကို ရင်းရင်းနှီးနှီး လိုက်လံနုတ်ဆက်ခဲ့ကြောင်းသိရသည်။

မောင်မောင်သန်း (တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

ကေလာ ဇွန် - ၄

new 688

မြန်မာဆယ်မားအူးလ်အွန်ဒုံ စီမံကိန်းမှ စီမံကိန်း တတိယနှစ်၏ဆောင်ရွက်ချက်များအပေါ် ထူးချွန်သည့်ကျေးရွာ များသို့ ထပ်ဆောင်းဆုကြေးငွေများပေးအပ်ပွဲကို ကလောမြို့နယ်၊ လက်ပံပင်(SMU) ခန်းမ၌ ဇွန်လ (၄) ရက် မွန်းလွဲ (၁)နာရီ (၂၀)မိနစ်က ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားကို နိုင်ငံတော်သီချင်းသီဆို၍ ဖွင့်လှစ်ကာ၊ ရှမ်းပြည်နယ်အတွင်း မြန်မာဆယ်မားအူလ်အွန်ဒုံကျေးရွာသစ် စီမံကိန်း ဆောင်ရွက်မှု ဗွီဒီယို ပြသပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က မြန်မာဆယ်မားအူးလ်အွန်ဒုံ ကျေးရွာသစ်စီမံကိန်းကို ရှမ်းပြည်နယ်တွင် တောင်ကြီးမြို့နယ်ရှိ လူရိုးတောင်၊ ဘုရားမဲ၊ ဘန်းကန် (ရွာမ)၊ ကျောက်စု၊ ညောင်စဉ်ကျေးရွာနဲ့ ကလောမြို့နယ်မှာ လက်ပံပင်၊ နောင်လွယ်၊ ဥဿကံ၊ သာမိုင်းခမ်း၊ ပုန်းအင်းကျေးရွာ စုစုပေါင်း ကျေးရွာ(၁၀)ရွာတွင် ၂၀၁၆ ခုနှစ်မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုဆိုလျှင် စတုတ္ထနှစ်ကို ရောက်ရှိလာပြီဖြစ်ကြောင်း၊ ကလောမြို့နယ်၊ လက်ပံပင်ကျေးရွာတွင် မြန်မာဆယ်မားအူးလ်အွန်ဒုံ စီမံကိန်းရဲ့ စိတ်ဓါတ် ဖြစ်သည့် ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးခြင်း၊ ကြိုးစားအားထုတ်ခြင်း၊ စုပေါင်းညီညာစွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကျေးရွာတွင်း ကျောက်ချောလမ်းခင်းနိုင်ခြင်း၊ ကွန်ကရစ်တံတားများခင်းနိုင်ခြင်း၊ စုဝေးခန်းမဆောင်လုပ်ပြီးစီးခြင်း၊ ဆွမ်းစား ကျောင်းဆောင်ဆောက်လုပ်ပြီးစီးခြင်း၊ ကျေးရွာစာသင်ကျောင်း အုတ်တံတိုင်းဆောက်လုပ်ပြီးစီးခြင်း၊ ရေသန့်စက်များ ထူထောင်ခြင်း၊ ရေလွှဲပြွန်များ ကောင်းမွန်လာခြင်းစသည့် တိုးတက်မှုများကို တွေ့ရပါကြောင်း၊ မြန်မာဆယ်မာအူးလ်အွန်ဒုံ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာတွင် ကျေးရွာခေါင်းဆောင်များရွေးချယ်ခြင်း၊ လုပ်ငန်းစီမံချက် ရေးဆွဲခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းလုပ်ငန်းတို့ကို ကျေးရွာသူကျေးရွာသားများမှ စုပေါင်းဆွေးနွေးတိုင်ပင် ဆောင်ရွက်ကြပြီး စီမံကိန်းတစ်နှစ်ပြီးပါက စီမံကိန်းမန်နေဂျာ၊ စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှတာဝန်ရှိသူများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးတို့မှ ပြည်နယ်ဦးစီးမှူးများနှင့် မြန်မာဆယ်မားအူးလ်အွန်ဒုံ စီမံကိန်းတာဝန်ယူဆောင်ရွက်သူများမှ လုပ်ငန်း ဆောင်ရွက်မှုများကို အကဲဖြတ်အမှတ်ပေး၍ (A/B/C)အဆင့်သတ်မှတ်ပြီး ယခုနှစ် တတိယနှစ်အတွက်ဆုအဖြစ် Aအဆင့် ဒေါ်လာ(၁၅၀၀၀)၊ Bအဆင့်ဒေါ်လာ(၁၀၀၀၀)နှင့် Cအဆင့်ဒေါ်လာ(၅၀၀၀)ချီးမြှင့်သွားမည်ကိုသိရပါကြောင်း၊ ရှမ်းပြည်နယ် အနေဖြင့် ၂၀၁၆ခုနှစ်တွင် Aအဆင့်ကျေးရွာ(၄)ရွာ၊ Bအဆင့်ကျေးရွာ(၄)ရွာ၊ ၂၀၁၇ခုနှစ်တွင် Aအဆင့်ကျေးရွာ(၂)ရွာ၊ Bအဆင့် ကျေးရွာ(၆)ရွာနှင့် ၂၀၁၈ခုနှစ် တတိယနှစ်တွင် Aအဆင့်ကျေးရွာ(၂)ရွာ၊ Bအဆင့်ကျေးရွာ(၆)ရွာနှင့် Cအဆင့် ကျေးရွာ (၂)ရွာရရှိခဲ့သည့်အတွက် ယခုထပ်ဆောင်းဆုကြေးငွေကျပ်သိန်း(၁၅၀၀)ကျော်ကို သက်ဆိုင်ရာအဆင့်လိုက်ဂုဏ်ပြုပေးအပ် သွားမှာဖြစ်ကြောင်း၊ ၂၀၁၉ခုနှစ် စတုတ္ထနှစ်တွင်လည်း ကျေးရွာအားလုံးသည် Aအဆင့်ရရှိအောင်ဆောင်ရွက်ခဲ့သည့် ကျေးရွာများကို အတုယူအားကျပြီး အရှိန်အဟုန်နှင့် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကျေးရွာသူကျေးရွာသား အားလုံးပူးပေါင်းပြီး စည်းလုံးညီညွတ်စွာကြိုးပမ်းဆောင်ရွက်သွားကြရန်ပြောကြားသွားသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာ(SMU)စီမံကိန်း ဒါရိုက်တာ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကိုမှ စံပြကျေးရွာများ၏ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် အစီအစဉ်များအား ရှင်းလင်းတင်ပြပြီး၊ ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်ဦးကြိုင်မှ ရှမ်းပြည်နယ်အတွင်း စီမံကိန်းကျေးရွာများတွင် ဆောင်ရွက်ထားမှုအခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် အခြေအနေများအား ရှင်းလင်းတင်ပြကာ ထူးချွန်သည့် ကျေးရွာများသို့ ထပ်ဆောင်းဆုကြေးငွေများပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌဦးအာကာလင်း၊ ပြည်နယ်စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးစိုင်းလုံကျော်၊ ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးဦးစိုင်းစွံဆိုင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးအေးကိုကိုတို့မှ ထပ်ဆောင်းဆုကြေးငွေများ ပေးအပ်ရာ တာဝန်ရှိသူအသီးသီးကလက်ခံရယူပြီး ကျေးရွာငွေတိုက်စနစ် (SMG) ထူထောင်ရန် ကလောမြို့နယ်၊ လက်ပံပင်ကျေးရွာ မြန်မာဆယ်မားအူလ်ရဂွန်ဂို ကျေးရွာငွေတိုက်အတွက် မီးခံသေတ္တာကို ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကိုမှပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူ၍ မြန်မာဆယ်မားအူးလ်အွန်ဒုံ ကျေးရွာသစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကျေးရွာများမှ ကျေးရွာခေါင်းဆောင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

တောင်ကြီး ဇွန် - ၁

new 693

၂၀၁၉ ခုနှစ်၊ တိုင်းဒေကြီး/ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို မေ ၃၁ ရက် မွန်းလွဲ ၁ နာရီက တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေး အားကစားရုံ၌ ကျင်းပကြောင်း သိရသည်။

အမျိုးသမီး နောက်ဆုံးဗိုလ်လုပွဲအဖြစ် ရှမ်းပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ရန်ကုန်တိုင်းအသင်းမှ ၃ ပွဲ ၂ ပွဲဖြင့် အနိုင်ရဗိုလ်စွဲပြီး အမျိုးသားပွဲစဉ်အဖြစ် ရှမ်းပြည်နယ် အသင်းနှင့် မန္တလေးတိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မန္တလေးတိုင်းအသင်းမှ ၃ ပွဲအပြတ်ဖြင့် အနိုင်ရ ဗိုလ်စွဲသွားကြောင်းနှင့် အဆိုပါပြိုင်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ တာဝန်ရှိသူများက ကြည့်ရှု အားပေးကြကြောင်း သိရသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသော တနင်္သာရီတိုင်းအသင်းနှင့် မန္တလေးတိုင်းအသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားကျပ် (၅)သိန်းစီ ကို ပြည်နယ်စာရင်းစစ်ချုပ် ဒေါ်နန်းဝိုဟိန်းမှ ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ အမျိုးသမီးအသင်းလိုက် ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော ရှမ်းပြည်နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားကျပ် (၇)သိန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ (၇)သိန်းကို ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီနပ်မှ ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ အမျိုးသမီးအသင်းလိုက် ပြိုင်ပွဲတွင် ပထမဆုရရှိသော ရန်ကုန်တိုင်းအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားကျပ် (၁၀)သိန်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ အမျိုးသားအသင်းလိုက်ပြိုင်ပွဲတွင် ပူးတွဲတတိယဆု ရရှိသော ပဲခူးတိုင်းအသင်းနှင့် ရန်ကုန်တိုင်းအသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားကျပ် (၅)သိန်းစီကို အားကစားနှင့် ကာယပညာဦးစီးဌာန (ရုံးချုပ်)မှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းမှ ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ အမျိုးသားအသင်းလိုက် ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော ရှမ်းပြည်နယ် အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားကျပ် (၇)သိန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ (၇)သိန်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်မှ ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ အမျိုးသားအသင်းလိုက် ပြိုင်ပွဲတွင် ပထမဆုရရှိသော မန္တလေးတိုင်း အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားကျပ် (၁၀)သိန်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်မှ ဆုချီးမြှင့် ပေး၍ လည်းကောင်း၊ အမျိုးသမီးအကောင်းဆုံး အားကစားဆုချီးမြှင့်ရာ အကောင်းဆုံးစပေးဘောဆုရ ရှမ်းပြည်နယ်အသင်းမှ မကြူကြူလေး၊ အကောင်းဆုံး ဆယ်မဆုရ ရန်ကုန်တိုင်းအသင်းမှ မစပယ်တင်၊ အကောင်းဆုံး ပိတ်ဆို့ဆုရ ရှမ်းပြည်နယ်အသင်းမှ မသူဇာအောင်၊ အကောင်းဆုံး ရိုက်ခုတ်ဆုရ ရှမ်းပြည်နယ်အသင်းမှ မခိုင်သဇင်ထွေး၊ အကောင်းဆုံး ပင့်ထောင်ဆုရ ရန်ကုန်တိုင်းအသင်းမှ မခင်ကောင်းထက်၊ အကောင်းဆုံးအားကစားသမားဆုရ ရန်ကုန်တိုင်းအသင်းမှ မနန်းစန္ဒာမိုးတို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံစိုင်းမှ ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ အမျိုးသားအကောင်းဆုံး အားကစားဆုချီးမြှင့်ရာ အကောင်းဆုံးစပေးဘောဆုရ မန္တလေးတိုင်းအသင်း အကောင်းဆုံး ဆယ်မဆုရ ရန်ကုန်တိုင်းအသင်း၊ အကောင်းဆုံး ပိတ်ဆို့ဆုရ ရှမ်းပြည်နယ်အသင်း၊ အကောင်းဆုံး ရိုက်ခုတ်ဆုရ ရှမ်းပြည်နယ်အသင်း၊ အကောင်းဆုံး ပင့်ထောင်ဆုရ မန္တလေးတိုင်းအသင်း၊ အကောင်းဆုံးအားကစားသမားဆုရ မန္တလေးတိုင်းအသင်းမှ အားကစားသမားတို့ကို ပြည်နယ်ဥပဒေချုပ် ဦးတင်ဦးမှ ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ တံခွန်စိုက်ဆုဖလားရရှိသော အမျိုးသမီး ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် အမျိုးသားမန္တလေးတိုင်းဒေသကြီးတို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ တံခွန်စိုက်ဆုဖလားအား ချီးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

နောက်ထပ်သတင်းများဖတ်မည်