We have 231 guests and no members online

တောင်ကြီး ဇွန် - ၁

new 692

တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ အမှတ်(၂၁၂)ဆက်သွယ်ရေးတပ်ရင်းအနောက်ဘက်ရှိ ဂနိုင်ကန်အမှတ်(၃) အား သီဟကုမ္ပဏီမှ Back hole (၂)စီး၊ Dump truck (၁)စီး၊ လျှံထူးအောင်ကုမ္ပဏီမှ Dump truck (၁)စီး၊ ချယ်ရီရိုးမကုမ္ပဏီမှ Dump truck (၁)စီး၊ Histey power ကုမ္ပဏီမှ Dump truck (၁)စီး၊ မြနန္ဒာထွန်းကုမ္ပဏီမှ Dump truck (၁)စီး၊ စည်ပင်သာယာရေးမှ Loderကြီး (၁)စီးနှင့် Dump truck (၁)စီးတို့ဖြင့် ရေကန်အား တူးဖော်နေမှုကို မေ ၃၁ ရက် ညနေ ၅ နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်၊ ပြည်နယ်စည်ပင်သာယာရေးမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တောင်ကြီးမြို့၊ ညောင်ပင်သာရပ်ကွက်၊ နှင်းဆီလမ်းပေါ်ရှိ ရေနုတ်မြောင်းတံတား သည် မိုးရာသီ အချိန်တွင် ရေကြီးရေလျှံဖြစ်ပွားမှုဖြစ်လျက်ရှိရာ လာမည့်မိုးရာသီအချိန်ကာလတွင် ရေကြီးရေလျှံမှု မဖြစ်ပွားစေရန် တံတားအား ကြည့်ရှု၍ လိုအပ်သည်များမှာကြားခဲ့ပြီး ပြည်တော်သာ ရပ်ကွက်၊ ကြံ့ခိုင်ရေး လမ်းပေါ်ရှိ ရေနုတ်မြောင်းတံတားအား သွားရောက်ကြည့်ရှုရာ မိုးရာသီအချိန်တွင် ရေနုတ်မြောင်းပိတ်ဆို့မှုမဖြစ်စေရန်၊ အမှိုက်သရိုက်များ စနစ်တကျစွန့်ပစ်နိုင်ရန်၊ ရေမြောင်းအတွင်း မစွန့်ပစ်ရန်နှင့် တံတားကြံ့ခိုင်မှုရှိစေရန် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

တောင်ကြီး မေ   −   ၃၁

new 694

ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများ၏ အကျိုးဆက်ဖြစ်သည့် ဘေးအန္တရာယ်ဖြစ်ပွားမှုဖြစ်စဉ်များတွင် ရှမ်းပြည်နယ် အပါအဝင် ကမ္ဘာ့နေရာဒေသအသီးသီး၌ သိသိသာသာတွေ့ကြုံရင်ဆိုင်နေရသောကြောင့် ရှမ်းပြည်နယ်သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ (၁/၂၀၁၉)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ(၃၁)ရက် နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။

ရှမ်းပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နွေရာသီကာလတွင် စိမ့်စမ်းရေထွက်များ ခမ်းခြောက်လာမှုနှင့် မြေအောက်ရေ ခမ်းခြောက်လာမှု၊ ရာသီဥတုပူပြင်းမှုများကြောင့် ရေရှားပါးမှု ကြုံတွေ့နေရသည့် ဒေသများပိုမိုကျယ်ပြန့်လာသလို အပူချိန်လွန်ကဲမှု၏ အကျိုး ဆက်ကြောင့်လေပြင်းတိုက်ခတ်မှု ဖြစ်စဉ်များလည်း ပိုမိုများပြားလာသည်ကိုတွေ့ရမှာဖြစ်ကြောင်း၊ သဘာဝဘေးဖြစ်ပွားမှု၏ အဓိကအကြောင်းအရင်းဖြစ်သည့် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု ဖြစ်စေသော အကြောင်း အရင်းများကိုရှာဖွေဖော်ထုတ်ပြီး ဒေသအလိုက်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပြည်သူလူထုတစ်ရပ်လုံး ဟန်ချက်ညီညီပူးပေါင်းပါဝင်ဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်သည့်အတွက် ဖွဲ့စည်းထားရှိပြီး ဖြစ်သော ပြည်နယ်အဆင့် မှမြို့နယ်အဆင့်၊ ရပ်ကွက်/ကျေးရွာများအဆင့်ထိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့များအလိုက် ကြိုတင် ကာကွယ်ရေးမှ ရင်ဆိုင်တုန့်ပြန်ဆောင်ရွက်ရေးအထိ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်အဆင့်ဆင့်ကို စနစ်တကျစီမံခန့်ခွဲ ဆောင်ရွက်သွားရန် လိုအပ်မှာဖြစ်ကြောင်း၊ ဘေးကင်းလုံခြုံသည့် ရှမ်းပြည်နယ်ကြီးဖြစ်လာစေရန် အစည်းအဝေးကို တက်ရောက်လာကြသည့် ပြည်နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များအားလုံးနှင့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ကြီးများအားလုံးမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးစိုးနိုင်မှ ရှမ်းပြည်နယ် အတွင်းဘေးဖြစ်ပွားမှုနှင့် သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ပြည်နယ်မီးသတ်ဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးတင်မင်းမှ ရှမ်းပြည်နယ်အတွင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် မီးဘေး ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ပြည်နယ်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ပြည်နယ် ဦးစီးမှူးဦးကိုချိုမှ ရှမ်းပြည်နယ်အတွင်းမိုးလေဝသနှင့်ဇလဗေဒဆိုင်ရာ တိုင်းတာရရှိမှုအခြေအနေများ၊ ပြည်နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဒေါ်စိန်မမမှ ရာသီဥတုပြောင်းလဲလာမှုအခြေအနေများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆောင်ရွက်ထားမှုအခြေအနေများအား အသီးသီးရှင်းလင်းတင်ပြကြသည်။

ထို့နောက် တက်ရောက်လာသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များမှ အထွေထွေ ဆွေးနွေးတင်ပြကြပြီး၊ ရှမ်းပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်မှ နိဂုံးချုပ်စကားပြောကြားကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

တောင်ကြီး  မေ   −   ၂၇

new 698

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်စိုက်ပျိုးရေးမွေးမြူ ရေးနှင့်ဆည်မြောင်း ဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်၊ ပြည်နယ်လမ်းဦးစီးဌာနနှင့် ကျေးလက်ဒေသဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ မေ(၂၇)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးပြည်နယ်ဝန်ကြီးချုပ်(call)ခန်းမ၌ ရန်ကုန်မြို့ဂျာမနီနိုင်ငံသံရုံးမှ ရှမ်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျာမနီနိုင်ငံမှပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးလိုသောကြောင့် ဂျာမနီ နိုင်ငံမှ Senior Policy Offocer ဖြစ်သူ Mrs.Marina Schmeisser ၊ GIZ ၏ Country Director ဖြစ်သူ Mrs.Petra Schill၊ Kfwe Country Director ဖြစ်သူ Mrs.Eva Schneiderb နှင့်ဂျာမနီသံရုံးမှသံမှူး Dr.Katharina Spiess တို့နှင့်တွေ့ဆုံကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် ဂျာမနီသံရုံးအဖွဲ့မှ ယခုလိုရှမ်းပြည်နယ်အစိုးရအဖွဲ့က မိမိတို့အဖွဲ့အား တွေ့ဆုံခွင့်ပေးသည့် အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့သံအမတ်ကြီးနေမကောင်းပါသဖြင့် ခွင့်လွတ်နားလည်ပေးနိုင်ပါရန်နှင့် ပြီးခဲ့သောကာလက မြန်မာနိုင်ငံနှင့်ဂျာမနီနိုင်ငံပူးပေါင်းဆောင်ရွက်ရန်အတွက်တွေ့ဆုံခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်ပထမ ကဏ္ဍအနေဖြင့် ကြီးပွားတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းကိုဆောင်ရွက်လိုကြောင်း၊ ဒုတိယကဏ္ဍအနေဖြင့် ကျေးလက် ဒေသဖွံဖြိုးရေးအတွက် လမ်းတံတား၊ ရေ၊ လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက်လိုကြောင်း၊ ဂျာမနီအဖွဲ့အနေဖြင့် ရှမ်းပြည်နယ်တွင်လာရောက်ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ ကျေးလက်ဒေသလမ်းများကိုဂျာမနီအနေဖြင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုကိုလက်ခံပေးသည့်အတွက်ကျေးဇူးတင်ရှိပါကြောင်း၊ ရေရှည်ပူးပေါင်း နိုင်ရန်အတွက် ဖောက်လုပ်မည့်လမ်းများကိုရွေးချယ်ရမည်ဖြစ်ကြောင်း၊ လမ်းဖောက်လုပ်သည့်အခါ စံချိန်စံညွှန်းနှင့်ကိုက်ညီ ရမည်ဖြစ်ပြီးစီးပွားရေးအတွက်အဆင်ပြေမည့်လမ်းများကိုရွေးချယ်ရမည်ဖြစ်ကြောင်း၊ လင်းခေးခရိုင်ကိုရွေးချယ်ထားမှုမရှိဘဲ လွိုင်လင်ခရိုင်ကိုသာရွေးချယ်ထားပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍကို ရွေးချယ်ထားသည့် အတွက်အထူးကျေးဇူးတင်ရှိပါကြောင်းဆွေးနွေးသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်က ယခုလိုဂျာမနီအဖွဲ့နှင့်တွေ့ဆုံရသည့်အတွက် ကျေးဇူး တင်ရှိပါကြောင်းနှင့် တက်ရောက်လာသည့်ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများကိုမိတ်ဆက်ပေးပြီး ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးကဆွေးနွေးရာ KFW သည် ရည်ရွယ်ချက်ကောင်းပါကြောင်း ထုတ်ကုန်စီးပွားရေး စျေးကွက်သို့ဝင်ရောက်နေပါသဖြင့် အထူးဘဲကျေးဇူးတင်ရှိပါကြောင်း၊ ရှမ်းပြည်နယ်ကိုရွေး၍ပြုလုပ်ပေးသည့်အတွက် ကျေးဇူး တင်ရှိပါကြောင်းနှင့် တောင်နီ၊ တောင်လေးလုံး၊ သံတဲ လမ်းကိုလမ်းအရှည်အမည်မသတ်မှတ်ဘဲ ဂျာမနီလမ်းဟုခေါ်တွင် ပါကြောင်း၊ နောင်တွင်လည်း လုပ်ငန်းဆောင်ရွက်ရာတွင် များစွာပါဝင်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေး သွားပြီး ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်မှ ဆွေးနွေးရာတွင် ယခုလိုဂျာမနီအဖွဲ့နှင့် တွေ့ဆုံ ရသည့်အတွက်ကျေးဇူးတင်ရှိပါကြောင်း၊ GIZ အဖွဲ့သည် မိမိတို့စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသကို အထောက်အကူပြုနေသော အဖွဲ့ဖြစ်နေသည့်အပြင် နည်းပညာစျေးကွက်များကို ပူးပေါင်းဆောင်ရွက်ပေးနေသည့် အဖွဲ့ဖြစ်သည့်အတွက် အထူးကျေးဇူး တင်ရှိပါကြောင်းဆွေးနွေးသွားသည်။

မောင်မောင်သန်း(တောင်ကြီး)

09−250132943

တောင်ကြီး  မေ  −     ၂၈

new 695

“ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့” ဆိုသည့် ပညာရေးဆောင်ပုဒ်ထားပြီး ဆောင်ရွက်နေသည့်အတိုင်း မေ(၂၈)ရက် နံနက်(၈)နာရီခွဲက တောင်ကြီးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၁၉ −၂၀၂၀ ပညာသင်နှစ် ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ကျင်းပကြောင်းသိရသည်။

၂၀၁၉−၂၀၂၀ ပညာသင်နှစ် ရှမ်းပြည်နယ် (တောင်ပိုင်း) ပြည်နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ဖွင့်ပွဲကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ကျောင်းပြင်ပနှင့်တစ်သက်သာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်း၊ ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးဝင်းမောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ KG တန်းကျောင်းသား/ ကျောင်းသူ လေးများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်းရွှေမြင့်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့က အခမဲ့ဗလာစာအုပ်များပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းသား/ကျောင်းသူလေးများက “ကျောင်းအပ်ဆို့လေ”သီချင်းဖြင့်သီဆိုဖွင့်လှစ်ပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပညာရေးကို KG+5+4+3 ဆိုသည့်စနစ်သစ်နှင့်စတင်အကောင်အထည်ဖော်ခဲ့သည်မှာ ယခုနှစ်ဆိုလျှင် Grade-3 နှင့် အလယ်တန်းအဆင့်တွင် Grade -6 ကို စတင်နေပြီဖြစ်ကြောင်း၊ နွေရာသီပိတ်ရက်များတွင် ဆရာ/ဆရာမများကို ဗဟိုအဆင့်၊ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်စသည်ဖြင့် သင်တန်းများ အဆင့်ဆင့်ပြုလုပ်ပေးခဲ့သည်မှာ အားလုံးအသိ ဖြစ်ပါကြောင်း၊ ယခုလာမည့် ၂၀၁၉−၂၀၂၀ ပညာသင်နှစ်တွင် နိုငငံတော်မှ မူလတန်းအဆင့် KG မပါဘဲကျန်သည့်အတန်းကို ကျောင်းသားတစ်ဦးလျှင် ဗလာစာအုပ်တစ်ဒါဇင်နှင့် ကျောင်းသုံးပြဌာန်းစာအုပ် တစ်စုံစီ ထောက်ပံ့ပေးသွားမှာဖြစ်ပြီး အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်ကို ကျောင်းသုံးပြဌာန်းစာအုပ် တစ်ဦးလျှင်တစ်စုံစီထောက်ပံ့ပေးသွားမှာ ဖြစ်ကြောင်း၊ ကလေးများ၏ ပညာရေးအခြေအနေ စိတ်အခြေအနေတိုးတက်ကောင်းမွန်ရန် မိဘနှင့်ဆရာပူးပေါင်းကြပြီး “မိဘဆရာပူးပေါင်းကလေးပညာကောင်း” ဆိုသည့်အတိုင်း မိဘနှင့်ဆရာတွေ့ထိကြရန်၊ ရင်းနှီးစွာဆွေးနွေးကြရန်၊ နားလည်မှု ယူကြရန်၊ နည်းလမ်းရှာကြံရန် ပြောကြားသွားသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဒေါက်တာ ဇော်ဝင်းက အမှာစကားပြောကြားပြီး၊ ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ ရှမ်းပြည်နယ် ပြည်နယ်ပညာရေးညွှန်ကြားရေးမှူး ဦးဝင်းမောင်က ရှင်းလင်းတင်ပြကာ အလှူရှင်များက အလှူငွေနှင့်ပစ္စည်းများလှူဒါန်းပေးအပ်ရာ ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူးဦးဝင်းမောင်နှင့်တာဝန်ရှိသူတို့က အသီးသီးလက်ခံရယူကြကာ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းသား/ကျောင်းသူများက “ဘက်စုံပညာရည်ဒို့လှမ်းချီ “သီချင်းသီဆို၍ အခမ်းနားကိုရုတ်သိမ်းလိုက်ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉-၂၅၀၁၃၂၉၄၃

ကွမ်းလုံ မေ -    ၂၇

new 697

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ မေ ၂၅ ရက်က ဆေးလိပ်ငွေ့ ကင်းစင်ရှမ်းပြည်တစ်ခွင် ကျောင်းအခြေပြု မီနီမာရသွန်ပြိုင်ပွဲကို ကျင်းပရာ ရှမ်းပြည်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ တာလွှတ်ပေးခဲ့ကြောင်းသိရှိရသည်။

အဆိုပါအခမ်းအနားသို့ ပြည်နယ်လူမှုရေးဝန်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကွမ်းလုံမြို့ အခြေခံပညာကျောင်းပေါင်းစုံမှ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ ဒေသခံပြည်သူ များမှ အားပေးကြည့်ရှုခဲ့ပြီး၊ ၎င်းပြိုင်ပွဲသို့ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၄၅၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဆုရရှိသူများကို ပြည်နယ်လူမှုရေးဝန်ကြီးမှ ဆုများချီးမြှင့်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူတို့သည့် ကွမ်းလုံမြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေး အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ကျောင်းသား/ကျောင်းသူများအတွက် ဗလာစာအုပ်များ၊ အားကစားပစ္စည်းများ၊ စာရေးစားပွဲ ကုလားထိုင်နှင့် ကျေးရွာစာသင်ကျောင်း များအတွက် ဆိုလာမီးများထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

အစရ(ရှမ်း)

နောက်ထပ်သတင်းများဖတ်မည်