We have 93 guests and no members online

တောင်ကြီး  မေ  -  ၂၃

new 703

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဒေါက်တာ မျိုးထွန်းက ၂၀၁၉ခုနှစ်တိုင်းဒေသကြီးနှင့်ပြည်နယ်အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ်အမျိုးသား၊ အမျိုးသမီး ဘော်လီဘောအသင်းအား အောင်နိုင်ရေး အလံပေးအပ်ပွဲအခမ်းအနားကို မေလ ၁၇ ရက် နံနက် ၁၁ နာရီခွဲက တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ ပြည်နယ်လေ့ကျင့် ရေးသုံးထပ်ဆောင်ခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင်ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌဒေါက်တာမျိုး ထွန်း က ရှမ်းပြည်နယ်သူနယ်သားများအားကျန်းမာကြံ့ခိုင်ရေး၊ ရှမ်းပြည်နယ်ရဲ့အားကစားအဆင့်အတန်းမြင့်ရေး၊ အစဉ်အမြဲကြိုးစား ဆောင်ရွက်လျက်ရှိရာဘဏ္ဍငွေရရှိမှုအပေါ်မူတည်၍ အားကစားကွင်း၊ အားကစားရုံတိုးတတ်အောင်ဆောင်ရွက်ပေးခြင်း၊ တိုးချဲ့ ဆောက်လုပ်ပေးခြင်း၊တောင်ကြီးမြို့တွင်ဘောလုံးကွင်း၊ ကြက်တောင်နှင့်ဘတ်စကက်ဘောရုံ၊ လေ့ကျင့်ရေးအားကစားရုံ၊သုံးထပ် လေ့ကျင့်ရေးအားကစားရုံခန်းမ၊ တင်းနစ်အားကစားကွင်းနှင့် ဝန်ထမ်းအိမ်ရာ၊ အားကစားသမားများတည်းခိုဆောင်တို့ကို တစ်စုတစ်စည်းတည်း တည်ဆောက်ပေးထားခဲ့ပြီးဖြစ်ပါကြောင်း၊ ဒီကွင်း၊ ရုံတွေမှာ မြို့နယ်ပေါင်းစုံပြိုင်ပွဲနှင့်ခရိုင်ပေါင်းစုံ ပြိုင်ပွဲ တွေကိုလက်ခံကျင်းပပေးနိုင်ခဲ့ပါကြောင်း၊ တဆင့်တက်ပြီးတိုင်းဒေသကြီးနှင့်ပြည်နယ်ပြိုင်ပွဲကိုပါ လက်ခံကျင်းပပေး တော့မှာဖြစ်ပါကြောင်း၊ အားကစားသမားများအနေဖြင့် အနိုင်ရရှိရေးအတွက်ကြိုးစားအားထုတ်သွားရန်နှင့် ရှမ်းပြည်နယ်ရဲ့ ဂုဏ်ကိုမြှင့်တင် ပေးနိုင်ကြတဲ့သားကောင်း၊ သမီးကောင်းတွေဖြစ်ကြပါစေလိုဆန္ဒပြု လိုက်ပါကြောင်းပြောကြားသည်။

ဆက်လက်၍ အမျိုးသား၊ အမျိုးသမီးဘော်လီဘောအသင်းမှ နည်းပြချုပ်နှင့်အုပ်ချုပ်သူများက အသင်းဖွဲ့စည်း လေ့ကျင့်မှုဆိုင်ရာများကိုတင်ပြကြသည်။ ဆက်လက်၍ ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌဒေါက်တာမျိုးထွန်းက အောင်နိုင်ရေးအလံအားပေးအပ်ပြီး အမျိုးသားဘော် လီဘောအသင်းနှင့်အမျိုးသမီး ဘော်လီဘောအသင်းတို့ကို ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌဒေါက်တာ မျိုးထွန်းက တစ်သင်းလျှင်ငွေကျပ်(၃)သိန်းစီဖြင့် ငွေကျပ်(၆)သိန်းနှင့် ရှမ်းပြည်နယ်ဘော်လီဘော ဆပ်ကော်မတီဥက္ကဋ္ဌ ဦးအောင်သန်းကျော်က တစ်သင်းလျှင်ငွေကျပ်( ၁ )သိန်းခွဲစီဖြင့် ငွေကျပ်(၃)သိန်းတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားသို့ ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဒေါက်တာ မျိုးထွန်း၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ ဒုတိယညွန်ကြားရေးမှူး ဦးတင်ထွန်း နှင့်လက်ထောက်ညွန်ကြားရေးမှူးများ၊ ဝန်ထမ်းများ၊ ရှမ်းပြည်နယ်ဘော်လီဘောဆပ်ကော်မတီဥက္ကဋ္ဌ ဦးအောင်သန်းကျော် နှင့်နည်းပြချုပ်၊ အသင်းအုပ်ချုပ်သူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြပြီး နေ့လယ်စာအတူတကွသုံးဆောင် ခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဒေါက်တာမျိုးထွန်း၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူး ဦးကျော်ကျော်သိန်းနှင့်အဖွဲ့ဝင်များသည် မေလ ၂၂ ရက်နေ့မှ ၃၁ရက်နေ့အထိကျင်းပပြုလုပ်မည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား၊အမျိုးသမီးဘော်လီဘောပြိုင်ပွဲသို့ဝင်ရောက်ယှဉ် ပြိုင်မည့် နည်းပြချုပ်၊အသင်းအုပ်ချုပ်သူများ၊အားကစားသမားများတည်ခိုမည့်အဆောင်များအား ရေ၊ မီး၊ နားနေဆောင်၊ သန့်စင်ခန်း၊ စားသောက်ဆောင်နှင့်အားကစားရုံတို့ကိုလှည့်လည်ကြည့်ရှုကာ လိုအပ်သည်များမှာကြားခဲ့ကြောင်းသိရသည်။

အစရ(ရှမ်း)

 

တောင်ကြီး မေ  -  ၂၂

new 704

၂၀၁၉ခုနှစ်၊ အသက်(၂၅)နှစ်အောက် တိုင်းဒေသကြီးနှင့်ပြည်နယ်အမျိုးသားအမျိုးသမီးဘော်လီဘောပြိုင်ပွဲ၊ ဖွင့်ပွဲကို မေ(၂၂)ရက် နံနက်(၈) နာရီခွဲက တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားတွင်ဖျော်ဖြေရေးအစီအစဉ်ဖြင့်တင်ဆက်ရာ ကိန္နရီကန္နရာ၊တိုးနယား ရှမ်းကြီးသိုင်းအကဖြင့် ဖျော်ဖြေ တင်ဆက်ပြီးတောင်ကြီးပညာရေးကောလိပ်မှဆရာ၊ဆရာမများက ထာဝရသစ္စာတေးသီချင်းဖြင့် တိုင်းရင်းသားတိုင်းရင်းသူများ စုပေါင်းအကဖြင့်ဖျော်ဖြေတင်ဆက်ကြသည်။

ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများကွင်းအတွင်းနေရာယူ၍ ပြည်နယ်ဝန်ကြီးချုပ်အားအလေးပြုကြပြီး၊ ရှမ်း ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က တိုင်းဒေသကြီးနှင့် ပြည်နယ်ဘော်လီဘောပြိုင်ပွဲကို ကျင်းပ ပြုလုပ်ပေးရခြင်း၏ရည်ရွယ်ချက်မှာ မိမိနိုင်ငံတော်ကို ကိုယ်စားပြုနိုင်မည့် ထူးချွန်ထက်မြက်သော ဘော်လီဘောမျိုးဆက်သစ် လူငယ်အားကစားသမားများပေါ်ထွက်လာစေရေး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ဘော်လီဘောအားကစားသမားများ အချင်းချင်းစုစည်းတွေ့ဆုံ၍ ချစ်ခင်ရင်းနှီးမှုရရှိကြပြီး ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်လာစေရေးနှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူပြုစေရေးတို့အတွက်ဖြစ်ပါကြောင်း မြန်မာ့ဘော်လီဘောအားကစားအဆင့်အတန်း ပြန်လည်တိုးတက်အောင်မြင်လာစေရန်နှင့် မျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာစေရေးတို့အတွက် မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်၊ တိုင်းဒေသကြီး/ပြည်နယ်အားလုံးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများအားလုံးက အထူးအာရုံစိုက်ပြီး ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရန်၊ ပြိုင်ပွဲတွင်ပါဝင်မည့် ဒိုင်လူကြီးများကလည်း ဘက်လိုက်မှုကင်းပြီး ပြိုင်ပွဲဥပဒေ စည်းမျဉ်း/စည်းကမ်းများအတိုင်း တရားမျှတမှန်ကန်စွာဆုံးဖြတ်ဆောင်ရွက်ပေးကြရန်၊ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစား သမားများကလည်း မိမိတို့၏အစွမ်းအစအရည်အသွေးများကို အစွမ်းကုန်ဖော်ထုတ်ပြသပြီး အားကစားစိတ်ဓာတ် အပြည့်အဝနှင့် အကောင်းဆုံးပါဝင်ယှဉ်ပြိုင်ကစားကြရန်၊ နိုင်ငံတော်ကအားထားရမည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမား ကောင်းများဖြစ်လာအောင် ကြိုးစားသွားကြရန်ပြောကြားသည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်(၄)ချက်ရွတ်ဆိုကြပြီး၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းက ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုဆုငွေပေးအပ်ကာ ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့က တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲဝင်အမျိုးသား အမျိုးသမီးအားကစားသမားများအား လိုက်လံနှုတ်ဆက်ကြ၍ ပြိုင်ပွဲဝင်အားကစားသမားများက ကွင်းအတွင်းမှပြန်လည် ထွက်ခွာကြကြောင်းသိရသည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့သည် ပြိုင်ပွဲပထမပွဲစဉ်အဖြစ် အမျိုးသား ပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းနှင့်မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကိုကြည့်ရှုအားပေးကြသည်။ အဆိုပါအသက် (၂၅)နှစ်အောက် တိုင်းဒေသကြီးနှင့်ပြည်နယ်အမျိုးသားအမျိုးသမီးဘော်လီဘောပြိုင်ပွဲကို အုပ်စု(၄)စုခွဲ၍ ယှဉ်ပြိုင်ကြပြီး၊ အမျိုးသားအသင်း(၁၅)သင်း၊ အမျိုးသမီး(၁၃)သင်းပါဝင်ယှဉ်ပြိုင်ကြကာ ပြိုင်ပွဲကိုမေလ(၂၂)ရက်နေ့မှ (၃၁)ရက်နေ့အထိ နေ့စဉ်အမျိုးသားအမျိုးသမီး တစ်ရက်လျှင်(၆)ပွဲ ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

တောင်ကြီး  မေ  −  ၁၉

new 708

၂၀၁၉ခုနှစ်၊ (၇၁)နှစ်မြောက် ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနားကို မေ(၁၉)ရက် နံနက်(၈)နာရီခွဲက တောင်ကြီးမြို့ မြန်မာနိုင်ငံဆရာဝန်များအသင်းရုံး၌ ကျင်းပကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနားများကိုကျင်းပ ရာ နှစ်စဉ်ဆောင်ပုဒ်များသတ်မှတ်ပြီး လှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုနှစ်အတွက်ဆောင်ပုဒ်မှာ LOVE ချစ်ခြင်းမေတ္တာဖြစ်ပြီး စေတနာလုပ်အားရှင်များနှင့် ပြည်သူများအတွက်သော်လည်းကောင်း၊ စေတနာလုပ်အားရှင်များအချင်း ချင်းတွင်သော်လည်းကောင်း၊ ချစ်ခြင်းမေတ္တာအပြည့်ထားရှိဆောင်ရွက်ရင်း ပြည်သူများဆင်းရဲဒုက္ခနည်းပါးသက်သာစေရန်ဆို သည့်မြန်မာနိုင်ငံကြက်ခြေနီအသင်းကြီး၏ရည်မှန်းချက်ကို အကောင်အထည်ဖော်ကြမည့် အဓိပ္ပာယ်ဖြစ်ပြီး ယနေ့လိုအပ်နေ သော ငြိမ်းချမ်းသည့်ကမ္ဘာကြီးဖြစ်စေရန်လည်း တစ်စိတ်တစ်ဒေသပါဝင်ကူညီကြရန် ရည်ညွန်းပါကြောင်း၊ လူသားချင်းစာနာ ထောက်ထားမှုကို အရင်းခံကာ ဖွဲ့စည်းခဲ့သည့် ကြက်ခြေနီတပ်ဖွဲ့ဝင် အသင်းဝင်မောင်မယ်များသည် ပြည်သူတို့ကို ဘေးဒုက္ခ ကြံ့ကြံ့ခံရင်ဆိုင်နိုင်အောင် ကူညီဆောင်ရွက်ပေးကြရန်နှင့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် တတ်နိုင်သည့်ဖက်က ပါဝင်ကူညီပေးကြရန် ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာလှအေးမှ သဝဏ်လွှာဖတ်ကြားပြီး၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးရုံးခွဲ ဒုတိယတာဝန်ခံ မာဆာရှီ ဆူဒါကာမှ နှုတ်ခွန်းဆက်စကားပြောကြားကာ ဆုရရှိသည့်ကြက်ခြေနီမောင်မယ်များနှင့် စေတနာလုပ်အားရှင်များအား ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ရှမ်းပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌဒေါက်တာလှအေး၊ လားရှိုးရုံးခွဲ ဒုတိယတာဝန်ခံ မာဆာရှီ ဆူဒါကာတို့မှအသီးသီး ဂုဏ်ပြုဆုချီးမြှင့်ကြပြီး ကြက်ခြေနီ မောင်မယ်များမှ ရှေးဦးပြုစုခြင်းသရုပ်ပြသ၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူတို့က ခန်းမအတွင်းခင်းကျင်းပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှုကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

 

တောင်ကြီး မေ  −  ၂၁

new 705

ရှမ်းပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၃/၂၀၁၉)နှင့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးလုပ်ငန်း ကော်မတီအစည်းအဝေး အမှတ်စဉ်(၃/၂၀၁၉)ကို မေ(၂၁)ရက် နံနက်(၉)နာရီခွဲက တောင်ကြီး မြို့ရှမ်းပြည်နယ်အစိုးရရုံးအစည်းအဝေးခန်းမ၌ကျင်းပသည်။

ရှမ်းပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းစီမံခန့်ခွဲရေးကော်မတီများသည် လုပ်ငန်းဆောင်ရွက်လာခဲ့သည်မှာ(၃)နှစ်ပြည့်ပြီးဖြစ်ကြောင်း၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကိုဗဟိုဆုံးဖြတ်ချက်များအရ ဦးစားပေးဆောင်ရွက်ပေးရန်မှာကြားခဲ့ကြောင်း တိုင်းဒေသကြီး/ ပြည်နယ် အဆင့်များတွင် အလိုက်သင့်ပြောင်းလဲစီမံဆောင်ရွက်ပေးကြရန်ပြောကြားသည်။

ဆက်လက်၍ လယ်ယာမြေစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့အစည်းအဝေးအမှတ်စဉ်(၂/၂၀၁၉)ဆုံးဖြတ်ချက်နှင့်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးလုပ်ငန်းကော်မတီအစည်းအဝေးအမှတ်စဉ်(၂/၂၀၁၉)ဆုံးဖြတ်ချက်များအားရှမ်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီအတွင်းရေးမှူး၊ လယ်ယာမြေစီမံခန့်ခွဲမှုနှင့်စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးသိန်းဦးက ဆုံးဖြတ်ချက်များအား ဖတ်ကြားအတည်ပြု ရယူပြီး၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၃/၂၁၀၉)တင်ပြချက်များအား ဆွေးနွေးဆုံးဖြတ်၍ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးလုပ်ငန်းကော်မတီအစည်းအဝေး အမှတ်စဉ်(၃/၂၀၁၉) တင်ပြချက် များအား ဆွေးနွေးဆုံးဖြတ်ကာတက်ရောက်လာသူများမှ အထွေထွေဆွေးနွေးကြပြီး၊ ရှမ်းပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်မှ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉−၂၅၀၁၃၂၉၄၃

တောင်ကြီး မေ- ၂၀

new 707

ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် မြန်မာနိုင်ငံကွန်ပျူတာရှင်အသင်း MCPA, ICT Tour (Digitai Transformation) နယ်လှည့် နည်းပညာဟောပြောပွဲကိုမေ(၂၀)ရက်မွန်းလွဲ(၁)နာရီကတောင်ကြီးမြို့ရှမ်း ပြည်နယ်အစိုးရရုံးအစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က Government စနစ်ကို အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်နိုင်ဖို့ ICT လူ့စွမ်းအားအရင်းအဖြစ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရည်အသွေးပြည့်ဝတဲ့ ICT ကျွမ်းကျင်ဝန်ထမ်းများ မဖြစ်မနေလိုအပ်လာမှာဖြစ်ပါကြောင်း၊ ဝန်ထမ်းကောင်းမှ "နိုင်ငံကောင်းမယ်" ဆိုသည့် စကားပုံ အတိုင်း ဝန်ထမ်းများ အဖက်ဖက်မှ အရည်အချင်းတိုးတက်လာမှသာ နိုင်ငံတော်အတွက် အားထားရသည့်ဝန်ထမ်းကောင်း တွေကို မွေးထုတ်ပေးနိုင်မှာဖြစ်ပါကြောင်း၊ ICT ဟာကမ္ဘာတစ်ဝှမ်းမှာ နေရာတိုင်းလိုလိုတွင် မရှိမဖြစ်ပါဝင်လာပြီးဖြစ်လို့ မိမိတို့တိုင်းဒေသကြီးများတွင် ICTတိုးတက်ဖို့ရန် တစ်တပ်တစ်အားပါဝင်ဆောင်ရွက်သွားကြရမှာဖြစ်ပါကြောင်း ပြောကြား သည်။

ဆက်လက်၍ တက်ရောက်လာသည့်ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် မြန်မာ နိုင်ငံကွန်ပျူတာရှင်အသင်းမှ ဒုတိယဥက္ကဌနှင့် အဖွဲ့ဝင်များ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။

ထို့နောက် မြန်မာနိုင်ငံကွန်ပျူတာရှင်အသင်း ဒုတိယဥက္ကဌ ဦးမင်းဦး၊ အတွင်းရေးမှူး ဦးဇော်ဝင်းထွန်းနှင့် အလုပ်အမှု ဆောင်များက "Cyber Security "၊ "Building Capacity And Readiness for e- Government Transformation"၊ "Current Trends ln Digital Economy" အကြောင်းတို့ကို powerpoint ဖြင့်ရှင်းလင်းဟောပြောပြီး တက်ရောက်လာသည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများက သိလိုသည်များမေးမြန်းရာ မြန်မာနိုင်ငံကွန်ပျူတာရှင်အသင်း ဒုတိယဥက္ကဋ္ဌ တာဝန်ရှိသူတို့က ကဏ္ဍအလိုက်ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09− 250132943

နောက်ထပ်သတင်းများဖတ်မည်