We have 50 guests and no members online

တောင်ကြီး   မေ  -  ၁၈

new 711

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ် ပြည်နယ်ဝန်ကြီးများ၊ ဗမာတိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်အဆင့်တာဝန်ရှိသူများနှင့်အတူ မေ(၁၇)ရက် နံနက်(၁၁)နာရီက ကလောမြို့နယ် ဟဲဟိုးမြို့ကျေးရွာ(၄)ရွာဖြစ်သည့် ဘော်နင်းကျေးရွာအုပ်စု ဆူးပန်းအင်း ကျေးရွာ၊ ကျောက်တံခါးကျေးရွာ၊ ဥမင်ပေါက်ကျေးရွာ၊ ပိန္နဲပြားကျေးရွာတို့ကို နွေရာသီအချိန်ရေရှားပါးပြတ်လပ်မှု ဖြစ်နေသည့် အခါတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်၍ သောက်သုံးရန် ရေသန့်၊ အိမ်သုံးရန်ရေများကို လှူဒါန်းပေးကြ ကြောင်းသိရသည်။

အဆိုပါကျေးရွာ(၄)ရွာတွင် အိမ်ပေါင်း(၃၈၀)၊ လူဦးရေပေါင်း(၁၅၀၀)အတွက် သောက်ရေသန့်ဗူးကြီး(၆၅)လုံး၊ အိမ်သုံး ရန်အတွက် မီးသတ်ယာဉ်ရေကား(၃)စီး၊ ကမ္ဘောဇအနာဂတ်အလင်းတန်းမှ ရေကား(၂)စီး၊ ကလောကျေးလက်ဒေသဦးစီးဌာနမှ ရေကား (၁)စီး၊ ဟဲဟိုးမြို့ပေါ်မှ အလှူရှင်ရေကား(၁)စီး၊ ရေဂါလံပေါင်း(၁၄၆၅၀) လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09−250132943

တောင်ကြီး မေ-၁၈

new 710

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ ဗမာတိုင်းရင်းသား လူမျိုး ရေးရာဝန်ကြီး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူ များနှင့်အတူ မေ ၁၇ ရက် နံနက်ပိုင်းက ကလောမြို့နယ် နန်းတိုင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ One Stop Shop ရွေ့လျားဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုကြကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ရွေ့လျားဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်နေသော တိုင်းရင်းဆေးကုသနေမှု၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသခံပြည်သူများအား ပညာပေးသင်တန်းပို့ချနေမှု၊ လျှပ်စစ်မီတာ ဆောင်ရွက်နေမှု၊ မီးသတ်ဦးစီးဌာနမှ လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုအားပေးကြပြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနတို့မှ ရွေ့လျားဝန်ဆောင်မှုလုပ်ငန်းတွင် ဆောင်ရွက်ပြီးစီးသော မြေစာရင်းပုံစံ(၇)နှင့် မွေးစာရင်း၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားများကို ဒေသခံပြည်သူများအား ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်၍ အသက် (၈၅)နှစ်ကျော် အဘိုးနှစ်ဦးကို ထောက်ပံ့ငွေပေးအပ်ကာ ဒေသခံပြည်သူများနှင့်တွေ့ဆုံ ပြည်သူများမှ ဒေသလိုအပ်ချက်ဖြစ်သော ကျန်းမာရေး၊ ပညာရေး၊ လမ်းတံတားကိစ္စရပ်များတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများမှ ဘဏ္ဍာရေးအလိုက် ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင် ရှင်းလင်းပြောကြားသွားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ကလောမြို့နယ် ဆောင်းဘွဲ့ကျေးရွာ တွင် ရေဂါလံ (၁၀၀၀၀)ဆံ့ (23ပေ ၃လက်မ × ၁၄ပေ × ၆ပေ) တည်ဆောက်မည့်နေရာသို့ ရောက်ရှိရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စိမ့်စမ်းရေသွယ်လုပ်ငန်းဆောင်ရွက်မည့် ရေပိုက်များအား ဆောင်ရွက်နေမှုကို ကြည့်ရှု၍ ကလောမြို့နယ် ရပ်ကွက် (၆)တွင် စက်ရေတွင်းတူးဖော်နေမှုကို သွားရောက်ကြည့်ရှုကာ လိုအပ်သည်များကို ဖြည့်စွက်မှာကြားပြီး အောင်ပန်းမြို့ ဗိုလ်မှူးကြီး ဗထူးကျောက်တိုင် ပြန်လည်တည်ဆောက်မည့်နေရာနှင့် လမ်းတိုးချဲ့ဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှုခဲ့ ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး)

09250132943

တောင်ကြီး  မေ  -  ၁၇

new 712

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့ Royal Taunggyi Hotelတွင်မေ(၁၇)ရက် နံနက်(၉)နာရီက သစ်တောနည်း ဥပဒေ(မူကြမ်း)အား အကျိုးသက်ဆိုင်သူများထံ ချပြဆွေးနွေးခြင်းနှင့် အကျိုးသက်ဆိုင်သူများ၏ အကြံပြုချက်များရယူခြင်း ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကျင်းပကြောင်းသိရသည်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ယနေ့ကျင်းပပြုလုပ်သည့်အကျိုးသက်ဆိုင်သူများထံ သစ်တောနည်းဥပဒေ(မူကြမ်း)ချပြခြင်းနှင့် အကြံပြုချက်များရယူရေး ဆိုင်ရာဆွေးနွေးပွဲ၏ အဓိကမျှော်မှန်းရလဒ်မှာ သစ်တောဦးစီးဌာနနှင့် အကျိုးသက်ဆိုင်သူများ ပါဝင်သည့်ပွင့်လင်းမြင်သာမှု ရှိပြီးအားကောင်းသော ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်တစ်ခုအဖြစ် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် အကျိုး သက်ဆိုင်သူများနှင့် အပြုသဘောဆောင်သော ညှိနှိုင်းဆွေးနွေးမှုများမှတစ်ဆင့်အကျိုးသက်ဆိုင်သူများအကြား အပြန်အလှန် နားလည်မှုနှင့်ယုံကြည်မှုများ တိုးမြှင့်ရရှိလာစေရန် အကျိုးသက်ဆိုင်သူများအား သစ်တောဥပဒေနှင့် သစ်တောနည်းဥပဒေများ ကိုသေချာစွာ နားလည်သဘောပေါက်စေပြီး လုံခြုံအဆင်ပြေချောမွေ့သော အခင်းအကျင်းများ ပံ့ပိုးပေး၍ လွတ်လပ်စွာ အကြံဉာဏ်များပေးနိုင်ရန် အကျိုးသက်ဆိုင်သူများ၏ ဆွေးနွေးအကြံပြုချက်များကို သေချာစွာစနစ်တကျမှတ်တမ်းတင် သွားရန်ဖြစ်ကြောင်း၊ ဆွေးနွေးပွဲတွင်သစ်တောပြုစုထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ ဒေသခံတိုင်းရင်းသားပြည်သူများ၏ အကျိုးစီးပွားဆိုင်ရာကိစ္စရပ်များကို ပကတိလက်ရှိအခြေအနေအတိုင်းထင်ဟပ်၍ ကောင်းမွန်သောအကြံပြုချက်များ ရရှိမည် ဟုယုံကြည်ပါကြောင်း၊ ခိုင်မာအားကောင်းသည့် နည်းဥပဒေတစ်ရပ်ဖြစ်ပေါ်လာစေရေး အထောက်အကူပြုရန် အများအကျိုး ပြုပြီး ကောင်းမွန်သည့်အကြံပြုချက်များရှိနိုင်ရေးအတွက် တက်ရောက်လာသူများအားလုံးအနေဖြင့် အပြန်အလှန်လေးမှု ပွင့်လင်းမြင်သာမှု၊ အများအကျိုးအတွက်ရှေ့ရှုမှုများဖြင့် အပြုသဘောဆောင်ပြီး ချစ်ခင်ရင်းနှီးတက်ကြွစွာ ဝိုင်းဝန်းဆွေးနွေး ပေးကြရန်ပြောကြားသွားသည်။ အဆိုပါအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ သစ်တောဦးစီးဌာနမှဝန်ထမ်းများ အဖက်ဖက်မှဝိုင်းဝန်းကူညီထောက်ပံ့ ဆောင်ရွက်ပေးကြသော အစိုးရဌာနအဖွဲ့အစည်းများ၊ ပြည်တွင်း/ပြည်ပအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09−250132943

တောင်ကြီး မေ - ၁၈

new 709

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော တောင်ကြီးမြို့ စူဠာမုနိလောကချမ်းသာစေတီတော်မြတ်ကြီး ၌ မေ ၁၈ ရက် ညနေ ၄ နာရီက ပရိဘောဂစေတီခေါ် မဟာဗောဓိညောင်ပင်အား ကဆုန်လပြည့်ဗုဒ္ဓအခါတော်နေ့ တွင် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ကြကြောင်း သိရသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်တို့က ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်သည့်ပွဲကို နမောတဿ သုံးကြိမ် ဘုရားကန်တော့ဖွင့်လှစ်ပြီး ကဆုန်လပြည့်ဗုဒ္ဓအခါတော်နေ့ ဂုဏ်ပြုပူဇော် မင်္ဂလာအခါတော်ကို ဝတ်အသင်းများမှ သံပြိုင်ညီညာရွတ်ဆိုပူဇော်၍ နဂါး၊ ဂဠန်၊ နတ်၊ ဗြဟ္မာအပေါင်းတို့၏ ဝမ်းမြောက်ကြည်နူးချီးကျူးကြွေးကြော်ကဗျာကို သံပြိုင်ညီညာရွတ်ဆိုပူဇော်ကာ ဦးနေမင်းခမှ ပရိတ်သတ်ကိုယ်စား ဘောဓိရုပ်က္ခေါဒကသိဉ္ဈနမင်္ဂလာဂါထာတော်ဖြင့် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဧည့်ပရိတ်သတ်တို့က ဘောဓိညောင်ခြေပလ္လင်ဗွေ၌ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ကြပြီး ဦးနေမင်းခမှ ပတ္တာနုမောဒနာဂါထာတော် ဖြင့် ညောင်ရေတော်သွန်းလောင်းမှုအကြောင်းပြု၍ ကောင်းမှုအဖို့ဘာဂကို နတ်ဗြဟ္မာသတ္တဝါတို့အား အမျှပေးဝေကြ ကာ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်သည့် မင်္ဂလာအခမ်းအနားကို ဗုဒ္ဓသာသနံ စိရံ တိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းပြီး ရုတ်သိမ်းလိုက်ကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဧည့်ပရိတ်သတ်တို့က စူဠာမုနိလောကချမ်းသာစေတီတော် မြတ်ကြီးအား လက်ယာရစ်လှည့်ပတ်ကာ ဗုဒ္ဓရုပ်ပွားတော်အား ပန်းရေချမ်းဆက်ကပ်ပူဇော်ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09250132943

ဟိုမိန်း   မေ  −  ၁၂

new 714

ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာပြည်နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ မေလ(၁၂)ရက်နေ့ ညနေပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ဟိုမိန်းမြို့ လျှပ်စစ်မီးရရှိရေးအတွက် ရေအားလျှပ်စစ်တည်ဆောက်မည့် နောင်လုံကန်သို့သွားရောက်ကြည့်ရှုပြီး၊ မီးသတ်ဦးစီးစခန်း၌ ဒေသဖွံ့ဖြိုးရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံကြောင်းသိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ယခုလို ဟိုမိန်းမြို့သို့လာရောက် ရခြင်းသည် ဒေသခံပြည်သူများ၏ လိုအပ်ချက်များနှင့် ပြည်သူများရင်ဖွင့်စကားသံများ သိရှိနိုင်ရန်လာရောက်ခြင်းဖြစ်ကြောင်း ပြောကြားပြီး ဝန်ကြီးများနှင့်ဒေသခံပြည်သူများကို မိတ်ဆက်ပေးသည်။

ထို့နောက် ဟိုမိန်းမြို့ဒေသခံပြည်သူများမှ ကျောင်းအုပ်နှင့်ဆရာဆရာမများ မြို့ထဲရှိအိမ်များတွင်ဖြစ်သလို နေထိုင်နေရပြီး SSS ဦးမဟာဂျာမှ မြေဧကများပေးထားသော်လည်း အဆောက်အဦမဆောက်နိုင်ပါသဖြင့် ဆရာ ဆရာမများ နေထိုင်နိုင်ရန်အတွက် အဆောက်အဦတစ်လုံးခွင့်ပြုပေးနိုင်ပါရန်နှင့် ဟိုမိန်းမြို့တွင် အားကစားကွင်း၊ ပွဲကြည့်စင်၊ နိုင်ငံသားစိစစ်ရေးကဒ်များ၊ လမ်းပန်းဆက်သွယ်ရေးအတွက် ကတ္တရာအထပ်ပိုးလွှာများ ဆောင်ရွက်ပေးနိုင်ရန် အသီးသီး တင်ပြကြသည်။

၎င်းနောက် ဒေသခံပြည်သူများ၏လိုအပ်ချက်များ တင်ပြဆွေးနွေးမှုကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာများက ပြန်လည်ဖြေရှင်းဖြည့်ဆည်းပြောကြားပြီး၊ ပြည်နယ်ဝန်ကြီးချုပ်မှဒေသခံ ပြည်သူများအား ပြုလုပ်ဆောင်ရွက်ပြီးသော နိုင်ငံရေးစိစစ်ကဒ်ပြားများအားပေးအပ်၍ ဝန်ထမ်းများအတွက် အစားအသောက် များကို ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းမှ ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးမှ လက်ခံရယူကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

နောက်ထပ်သတင်းများဖတ်မည်