We have 165 guests and no members online

တောင်ကြီး ဧပြီ- ၄

new 752

၂၀၁၉ ခုနှစ်၊ ရှမ်းပြည်နယ်၊ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲကို ဧပြီ ၃ ရက်နေ့ ညနေ ၃ နာရီက တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ယခုသင်တန်းဆင်းပွဲသည် ၂၀၁၉ ခုနှစ်၊ မတ်လ ၄ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့အထိ ဖွင့်လှစ်ခဲ့သော နွေရာသီအခြေခံအားကစား သင်တန်းဆင်းပွဲ အခမ်းအနား ဖြစ်ပါကြောင်း၊ သင်တန်းတွင် ဘောလုံး၊ တင်းနစ်၊ မြန်မာ့သိုင်း၊ တိုက်ကွမ်ဒို၊ ကရာတေးဒို၊ ဂျူဒို၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ လက်ဝှေ့၊ ရိုးရာလက်ဝှေ့၊ ဘတ်စကတ်ဘော၊ ရိုးရာ ခြင်းလုံး၊ ပိုက်ကျော်ခြင်း၊ စက်ဘီး၊ ဘော်လီဘော၊ Physical Fitness Dance နှင့် အေးရိုးဗစ်စသည့် အားကစားနည်း ၁၈ နည်းကို စုစုပေါင်းသင်တန်းသား ၁၈၆၅ ဦးတက်ရောက်ခဲ့ပါကြောင်း၊ လူငယ်လူရွယ် များအနေဖြင့် နွေရာသီအားလပ်ရက်များကို အကျိုးရှိရှိ အသုံးချတတစေရေး၊ အားကစားနည်း တစ်ရပ်ရပ် ကို အခြေခံမှစ၍ လေ့ကျင့်လိုက်စားခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီး အရည်အချင်းမြင့်မားသည့် အားကစား သမားကောင်းများ၊ နိုင်ငံ့သားကောင်း/သမီးကောင်းများဖြစ်လာစေရေး၊ တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်ရေးစသည့် မြင့်မားသည့်ရည်ရွယ်ချက်များနှင့် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ ချမှတ် ဆောင်ရွက်လျက်ရှိသည့် အားကစားနှင့်ပညာရေးပေါင်းစပ်သည့် အဓိကအစီအမံတစ်ရပ်ကို ဖော်ဆောင် ခြင်းလည်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက် ထူးချွန်သော မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက် လာစေရေးကို ရည်မှန်းပြီး သင်တန်းများကို ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး သင်တန်းသားလူငယ်မောင်မယ်များ အနေဖြင့်လည်း သင်တန်းကထိုက်သင့်သလောက် လေ့လာဆည်းပူးမိသည့် နည်းစနစ်၊ ကျွမ်းကျင်မှုများကို အခြေခံပြီး အဆင့်မြင့်အားကစားနည်းပညာရပ်များကို သင်တန်းပြီးဆုံးသွားသော်လည်း ဆက်လက် လေ့လာလိုက်စားကြရန်နှင့် မြို့နယ်၊ ခရိုင်၊ ပြည်နယ်ကိုယ်စားပြုအားကစားသမားများမှတဆင့် နိုင်ငံ့ ကိုယ်စားပြု နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားကောင်းများ ဖြစ်လာအောင်ဆက်လက်ကြိုးစားသွားကြရန် ပြောကြားသွားသည်။

ဆက်လက်၍ သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ရာ ဘောလုံး၊ ဘောလီဘော၊ ဘတ်စကတ်ဘော၊ ပြေးခုန်ပစ်၊ အေးရိုးပစ်၊ ခရစ်ကတ်၊ ကရာတေးဒို၊ တိုက်ကွမ်ဒို၊ ဂျူဒို၊ မြန်မာ့သိုင်း၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်း၊ စားပွဲတင်တင်းနစ်၊ တင်းနစ်၊ ကြက်တောင်၊ ရိုးရာလက်ဝှေ့၊ ဟော်ကီ၊ စက်ဘီးစသည့်တို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အသီးသီးတို့မှ ဆုချီးမြှင့်ပေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူတို့သည် သင်တန်းသား/ သူများအား လိုက်လံ နှုတ်ဆက်ကြပြီး တိုက်ကွမ်ဒို၊ ကရာတေးဒို၊ ရိုးရာခြင်း၊ မြန်မာ့သိုင်း သရုပ်ပြသမှုကို ကြည့်ရှုအားပေးကြ ကြောင်း သိရသည်။

မောင်မောင်သန်း (တောင်ကြီး)

09250132943

နမ့်စန် ဧပြီ - ၂

new 755

new 756

ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် ကျောင်းအခြေပြု မီနီမာရသွန်ပြိုင်ပွဲကို မတ်လ ၃၀ ရက်နေ့ က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့်အဖွဲ့ တက်ရောက်အားပေးခဲ့ပြီး ဆုရရှိသူများအား တာဝန်ရှိသူများနှင့်အတူ ဆုများအသီးသီး ပေးအပ်ခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် ကျောင်းသား/သူ ၃၀၀ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

၎င်းနောက် နမ့်စန်မြို့ ၂၀၀x၁၀၀ ပေ လေ့ကျင့်ရေးအားကစားရုံသစ်ဖွင့်ပွဲ ကျင်းပရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ အဖွင့်အမှာစကားပြောကြားရာ ဆေးလိပ်ငွေ့ ကင်းစင်သည့် အားကစားကွင်း/ ရုံ/ ဒေသနယ်မြေများအဖြစ် ပေါ်ထွက်လာအောင် မိဘပြည်သူများ၊ တာဝန် ရှိသူများမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန်တိုက်တွန်းပါကြောင်း ပြောကြားသွားသည်။

အစရ(ရှမ်း)

new 753

အာဆီယံခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေး ASEAN Tourism Committee Meeting)များကို အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် နိုင်ငံအမည်အက္ခရာစဉ်အလိုက် တစ်နှစ်လျှင် ၂ ကြိမ် ကျင်းပပြုလုပ်လျက် ရှိပြီး မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ်အတွက် ပထမအကြိမ်အစည်းအဝေးကို အလှည့်ကျအိမ်ရှင်နိုင်ငံအဖြစ် ၂၀၁၉ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၅ ရက်နေ့အထိ အင်းလေးဒေသရှိ Novatel Inle Lake Myat Min Hotel တွင် ကျင်းပကြောင်း သိရသည်။

အာဆီယံခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေး၏ ဖွင့်ပွဲကို ဧပြီ ၁ ရက်နေ့ မနက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွှန့်လွင်က တက်ရောက်၍ အဖွင့်အမှာစကားပြောကြားရာ အစည်းအဝေးသို့ တက်ရောက်လာကြသည့် အာဆီယံကိုယ်စားလှယ် တော်ကြီးများကို လှိုက်လှဲစွာကြိုဆိုပါကြောင်းနှင့် အာဆီယံခရီးသွားလုပ်ငန်းကဏ္ဍ၏ အရေးပါသော အစည်းအဝေးတစ်ခုကို မြန်မာနိုင်ငံ၏ ထင်ရှားကျော်ကြားသော ခရီးစဉ်ဒေသတစ်ခုဖြစ်သည့် အင်းလေး ဒေသတွင် ကျင်းပပြုလုပ်ခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ၂၀၁၈ ခုနှစ်အတွင်း အင်းလေးဒေသ သို့ နိုင်ငံခြားသားကမ္ဘာ့လှည့်ခရီးသည်စုစုပေါင်း (၁၆၀၀၀၀)ဦးခန့် လာရောက်လည်ပတ်ခဲ့ပြီး ပြင်သစ်လူမျိုး အများဆုံးဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရသည် အင်းလေးဒေသ၏ ခရီးသွားလုပ်ငန်းရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဆက်စပ်ဝန်ကြးဌာနများ၊ ပုဂ္ဂလိကအဖွဲ့ အစည်းများ၊ ဖွံ့ဖြိုးမှုမိတ်ဖွဲ့အဖွဲ့အစည်းများနှင့် အနီးကပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အင်းလေးဒေသ အား ယှဉ်ပြိုင်စွမ်းရည်မြင့်မားသည့် ခရီးစဉ်ဒေသအဖြစ် ပေါ်ထွန်းလာရေးအတွက် Destination Management Plan for Inle Lake Region (2014-2019)ကို ရေးဆွဲအကောင်ထည်ဖော်လျက်ရှိပါကြောင်း၊ အာဆီယံခရီးသွားလုပ်ငန်းတိုးတက်မှုများကို နှောင့်နှေးစေနိုင်သည့် နိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှု မညီမျှခြင်း၊ အခြေခံအဆောက်အဦ၊ ဝန်ဆောင်မှုအရည်အသွေး၊ လူ့စွမ်းအားအရင်းအမြစ်စသည့် ကွာဟချက်များကို နည်းနိုင်သမျှ နည်းအောင် ကြိုးပမ်းသွားရမည်ဖြစ်ကြောင်းနှင့် ယခုအစည်းအဝေးမှ သည် အာဆီယံဒေသ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုမိုကောင်းမွန်သော ရလဒ်များကို ဖော်ထုတ်ဆွေးနွေးအဖြေရှာနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ ဧည့်သည်တော်ကြီးများ၏ ယခုခရီးစဉ်မှ တဆင့် အင်းလေးဒေသ၏ကောင်းသတင်းများကို မျှဝေပေးရန်မေတ္တာရပ်ခံပါကြောင်း ပြောကြားသွားသည်။

အဆိုပါအာဆီယံခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးကာလအတွင်း ဗီယက်နမ်နိုင်ငံ၊ ဟာလောင်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၂ ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်းဝန်ကြီးများအဆင့် အစည်းအဝေး၏ ဆွေးနွေးဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ရန်နှင့် အာဆီယံခရီးသွားလုပ်ငန်း မဟာဗျူဟာစီမံကိန်း ၂၀၁၆-၂၀၂၅ပါ လုပ်ငန်းလမ်းညွှန်ချက်များကို ဦးဆောင်နိုင်ငံများအလိုက် ရှေ့ဆက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်းနှင့် အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အာဆီယံခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူ ကိုယ်စားလှယ် ၇၀ ဦးနှင့် မြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ အခြားဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး)

တောင်ကြီး ဧပြီ-၂

new 754


ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပထမနေ့)ကို ဧပြီ ၂ ရက် နံနက် ၁၀နာရီက ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

ပထမဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်က အစည်းအဝေးတွင် တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ်(၁၄၀) ဦးရှိသည့်အနက် ခွင့်ပန်ကြားသူ (၁၀)ဦးရှိပြီး အစည်းအဝေးသို့ (၁၃၀)ဦး တက်ရောက်သဖြင့်(၉၂.၈၆) ရာခိုင်နှုန်းရှိသောကြောင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် ပထမနေ့ အစည်းအဝေး စတင်ကျင်းပကြောင်း သိရသည်။

ဆက်လက်၍ အစည်းအဝေးမတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၀)ဦး တို့အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီဥက္ကဌ နမ့်စန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက ခွင့်ပန်ကြားပြီး ပြည်နယ်လွှတ်တော် မှသဘောတူကြောင်းနှင့် အစည်းအဝေးအထမြောက်မှကိုလွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။

ထို့နောက် ရှမ်းပြည်နယ်လွှတ်တော် ဦးစိုင်းလုံးဆိုင်က နှုတ်ခွန်းဆက်စကားပြောကြားပြီး ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် (၉) ဦးမှ ကြယ်ပွင့်ပြမေးခွန်း(၁၁)ခု မေးမြန်းခြင်းနှင့် အဆို(၁)ခု တင်သွင်း ကြောင်းသိရသည်။ အဆိုပါအစည်းအဝေးသို့ ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ တပ်မတော်သားကိုယ်စားလှယ်များနှင့် လေ့လာသူ များ တက်ရောက်ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

ခရိုင်(ပြန်/ဆက်)ဦးစီးဌာန

တောင်ကြီး ဧပြီ - ၁

new 757

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနနှင့် UNICEF တို့ပူးပေါင်းကျင်းပသည့် WASH Bottleneck Analysis tool အလုပ်ရုံဆွေးနွေးပွဲကို ဧပြီ ၁ ရက် နံနက် ၉ နာရီက တောင်ကြီးမြို့၊ တောင်ကြီးဟိုတယ်၌ ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ကျေးလက်ဒေသရေရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး (WASH) ကဏ္ဍဆိုင်ရာ လက်ရှိဆောင်ရွက်နေမှုအခြေအနေ များ၊ စိန်ခေါ်မှုများ၊ အခက်အခဲများ၊ ဆက်လက်ဆောင်ရွက်သွားမည့်အစီအစဉ်များနှင့်ပတ်သက်ပြီး အချက်အလက် များစာရင်း ကောက်ယူနိုင်ရန်အတွက် သက်ဆိုင်ရာဌာနများ၊ နှီးနွယ်ဆက်စပ်ဌာနများမှ ဝန်ထမ်းများကို WASH Bottleneck Analysis tool အကြောင်း သိရှိနိုင်ရန်အတွက် အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ကြောင်း၊ ကျေးလက်ဒေသများ သောက်သုံးရေရရှိရေးအတွက် (Basic Water Services)အတွက်သာမက သန့်ရှင်းသော သောက်သုံးရေရရှိရေး (Safety Managed Drinking Water Services)၊ ကမ္ဘာ့ကုလသမဂ္ဂ၏ (SDG Goal-6) ပြည့်မီ စေရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးလက်ရေရရှိရေးဆိုင်ရာအချက်အလက်များ ကောက်ယူရာ တွင် WASH Bottleneck Analysis tool များစွာ အထောက်အကူဖြစ်စေမှာဖြစ်ပါကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များ ၃ ရက်တာကျင်းပမည့် WASH Bottleneck Analysis အကြောင်း ကောင်းမွန်စွာ သိရှိအသုံးချနိုင်ရေး အလေးပေးဆွေးနွေးတိုင်ပင်သွားကြရန် လိုအပ်ပြီး မိမိတို့၏ လုပ်ငန်းခွင်တွင် လက်တလောကြုံတွေ့နေရသော အခက်အခဲများ၊ စိန်ခေါ်မှုများကို ထည့်သွင်းဆွေးနွေးသွားကြရန်နှင့် ဆွေးနွေးပွဲမှ ရရှိလာသော အသိပညာများဖြင့် မိမိတို့တာဝန်ထမ်းဆောင်ရန်ဌာနများ၌ အကျိုးရှိစွာ ပြန်လည်အသုံးချသွားကြရန် ကျေးလက်ဒေသရေရရှိရေး၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာလုပ်ငန်းများတွင် အားတက်တရော ပါဝင်ဆောင်ရွက်သွားကြရန် ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်နှင့် UNICEF တောင်ကြီးရုံးမှ တာဝန်ရှိသူတို့က အမှာစကားပြောကြားပြီး အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ UNICEF မှ တာဝန်ရှိပုဂ္ဂိုလ် များနှင့် NGO အဖွဲ့များ တက်ရောက်ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး)

09250132943

နောက်ထပ်သတင်းများဖတ်မည်