We have 103 guests and no members online

တောင်ကြီး မတ် ၃၁

new 758

new 759

မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် အကြီးမားဆုံး ဆောက်လုပ်ရေးနှင့် အိမ်အသုံးဆောင်ပစ္စည်း အရောင်းစင်တာ ကြီးဖြစ်သော PRO 1 Global Home Center သတ္တမမြောက်ဆိုင်ခွဲဖြစ်သည့် အေးသာယာအရောင်းစင်တာ ဖွင့်ပွဲကို မတ် ၃၀ ရက် နံနက် ၉ နာရီက အေးသာယာမြို့၊ ပြည်ထောင်စုလမ်းမကြီးဘေး၌ ကျင်းပကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က မြန်မာနိုင်ငံ၌ ဖွင့်လှစ်ထားသော PRO 1 Global Home Center ကြီးသည် အာဆီယံတွင် ဒုတိယအကြီးမားဆုံးစင်တာကြီးအဖြစ် အဆင့်ဝင်သည်ကို တွေ့ရ သည့်အတွက် ရှမ်းပြည်နယ်အနေဖြင့် ဂုဏ်ပြုဝမ်းမြောက်မိပါကြောင်း၊ PRO 1 သည် နိုင်ငံတကာအဆင့်မီစင်တာကြီး ကို ရှမ်းပြည်နယ်တွင် လာရောက်ဖွင့်လှစ်သည့်အတွက် ဒေသခံလူငယ်များသည် နိုင်ငံခြားသားများနှင့် ရင်ဘောင် တန်း စမတ်ကျကျလုပ်ကိုင်နေကြသည်ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံခြားထိ သွားရောက်လုပ်ကိုင်စရာမလိုဘဲ နိုင်ငံတကာအဆင့်မီ အလုပ်ကိုင်အခွင့်အလမ်းများ ရှမ်းပြည်နယ်အတွင်း၌ ရှိနေသည်ကို ကြိုဆိုရမည့် အချက်ဖြစ်ပါ ကြောင်း၊ ရှမ်းပြည်နယ်တွင် PRO 1 Global Home Center (အေးသာယာစင်တာ)၏ Grand Opening ဖွင့်ပွဲမှသည် နိုင်ငံတကာအဆင့်မီ One Stop Home Center ကြီးများကို နိုင်ငံစီးပွားဖွံ့ဖြိုးရေးအတွက် လိုအပ်သော မြို့တိုင်းတွင် ပိုမိုဖွင့်လှစ်နိုင်ပါရန် ပြောကြားသွားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ညောင်ရွှေမြို့နယ်၊ ဟဲယာ ရွာမ၌ ကျင်းပသော အင်းလေးဒေသလုံးဆိုင်ရာ ပရိယတ္တိသာသနာပါလကအသင်း (၄၈)ကြိမ်မြောက် စာပွဲတော် အောင်ဆုနှင်းသဘင်နှင့် ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားသို့ တက်ရောက်ကာ စာဖြေသံဃာတော်များအား အောင်လက်မှတ်ဘွဲ့တံဆိပ်တော်များကို ဆက်ကပ်၍ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ မိုင်းသောက်ကျေးရွာရှိ မိုင်းသောက်ပထမစာသင်တိုက်ဆရာတော် အဘိဓဇမဟာရဌဂုရုဘွဲ့တံဆိပ်တော်ရဆရာတော်အား ဘွဲ့တံဆိပ်ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ဆက်ကပ်လှူဒါန်းပြီး လှူဖွယ်ဝတ္ထုပစ္စည်းများကို ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်က ဆက်ကပ်လှူဒါန်းကာ နဝကမ္မဝတ္ထုငွေများကို ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီး ဥက္ကဌ ဦးခွန်စံလွင်မှ ဆက်ကပ်လှူဒါန်း၍ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဘိဓဇမဟာရဌဂုရု နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယဥက္ကဌ မိုင်းသောက်ပထမစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော်ဘုရားထံ ငါးပါးသီလ ခံယူဆောက်တည်ကြကြောင်း သိရသည်။

အဆိုပါ ၄၈ ကြိမ်မြောက် စာပွဲတော်တွင် ပ ဉ္စမအဆင့်တွင် စာရင်းရှိ ၂၂ ပါး၊ ဖြေဆို ၂၁ပါး၊ အောင်မြင် ၉ ပါး၊ စတုတ္ထအဆင့်တွင် စာရင်းရှိ ၃၅ ပါး၊ ဖြေဆို ၃၄ ပါး၊ အောင်မြင် ၂၄ ပါး၊ တတိယအဆင့်တွင် စာရင်းရှိ ၆၃ ပါး၊ ဖြေဆို ၆၂ ပါး၊ အောင်မြင် ၂၁ ပါး၊ ဒုတိယအဆင့်တွင် စာရင်းရှိ ၈၁ ပါး၊ ဖြေဆို ၈၀ ပါး၊ အောင်မြင် ၅၂ ပါး၊ ပထမအဆင့်တွင် စာရင်းရှိ ၁၂၅ ပါး၊ ဖြေဆို ၁၁၀ ပါး၊ အောင်မြင် ၆၆ ပါး၊ မူလတန်းအဆင့်တွင် စာရင်းရှိ ၁၉၄ ပါး၊ ဖြေဆို ၁၉၂ ပါး၊ အောင်မြင် ၁၃၇ ပါး၊ စုစုပေါင်း ၃၀၉ ပါးအောင်မြင်ပြီး ဖြေဆိုသည့် သံဃာပေါင်း ၅၂၂ပါးရှိကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09250132943

တောင်ကြီး      မတ်-၃၀

new 760

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ပထမအကြိမ်အထူးဓမ္မသဘင်အောင်မြင်ခြင်း အထိမ်းအမှတ်ဂုဏ်ပြုပွဲကို မတ်(၃၀)ရက် ညနေ(၃)နာရီက မြို့တော်ခန်းမ၌ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ် အတွင်းနေထိုင်ကြသော ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ပြည်နယ်အေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ပြည်နယ်ဘက်စုံကဏ္ဍစုံဖွံ့ဖြိုးတိုးတက်စေရေးတို့ကို ရည်မှန်းချက်ထား၍ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ရှမ်းပြည်နယ်အတွင်း မှီတင်းနေထိုင်လျက်ရှိသော တိုင်းရင်းသားပြည်သူအပေါင်း ယုံကြည် ကိုးကွယ်လျက်ရှိသောဗုဒ္ဓဘာသာသာသနာနှင့်ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဖြည့်ဆည်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စေတီပုထိုး ဘုရား ကျောင်းကန်စသည့် သာသနိကပစ္စည်းများ တည်ဆောက်ပြုပြင်ရေးကိစ္စများ ရာသီအလိုက်ဘာသာရေးပွဲတော်များ ကျင်းပပြုလုပ်ရေးကိစ္စများတွင်လည်း ဒေသခံစေတနာရှင်လုပ်သားပြည်သူများနှင့်အတူ ဦးဆောင်ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၂၀၁၉ခုနှစ်မတ်လ(၂၁)ရက်နေ့မှ (၂၅)ရက်နေ့ထိ (၅)ညတိုင်စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့သည့် ပထမအကြိမ် တောင်ကြီးအထူးဓမ္မသဘင်အခမ်းအနားတွင် အထူးဓမ္မသဘင်ကျင်းပရေးဦးစီးကော်မတီဝင် များ စိတ်အားမငယ်ရအောင်လိုအပ်သည်များကိုလည်း ကူညီပံ့ပိုးခဲ့ပါကြောင်း ကျင်းပပြုလုပ် ပြီးခဲ့သည့် တောင်ကြီးအထူးဓမ္မသဘင်ပွဲကြီးတွင် တောင်ကြီးအထူးဓမ္မသဘင်ပွဲဖြစ်မြောက်ရေး ကော်မတီဝင်များအနေဖြင့် လိုလေသေးမရှိအောင် ကာယအား၊ ဉာဏအားငွေအားတို့ဖြင့် ပြည့်စုံစွာလှုပ်ရှားဆောင်ရွက်ပေးခဲ့ကြ၍လည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အနည်းငယ် သာပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ရပါကြောင်း၊ တောင်ကြီးမြို့နေတိုင်းရင်းသားလုပ်သားပြည်သူ အပေါင်းတို့သည် တောင်ကြီးအထူးဓမ္မသဘင်ပွဲကြီးကို (၅)ညတိုင်စည်ကားသိုက်မြိုက်စွာ ပြုလုပ်နိုင်ခဲ့သည့်အတွက် ရှမ်းပြည်နယ်နှင့်မြန်မာပြည်တစ်ဝှမ်းလုံးသာမက တစ်ကမ်ဘာလုံးတိုင် အောင် မီးမောင်းထိုးပြဂုဏ်ယူနိုင်ပြီး ဖြစ်ကြောင်း၊ ယနေ့တက်ရောက်လာကြသည့် လူမှုရေး ပရဟိတအဖွဲ့အစည်းအသီးသီးမှပုဂ္ဂိုလ်များ၏ စိတ်ရောကိုယ်ပါတက်ကြွစွာဆောင်ရွက်ပေးခဲ့ ကြသည့်အတွက် ဂုဏ်ပြုထိုက်သူများအားလုံးကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ဂုဏ်ပြု မှတ်တမ်းတင်ပါကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ဦးစီးကော်မတီဥက္ကဋ္ဌဦးခင်အောင်က အထူးဓမ္မသဘင်ကျင်းပခဲ့မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ရာ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်တို့က အလှူရှင်များနှင့် ကော်မတီအသီးသီး တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ကြသည်။ ထို့နောက်ဦးစီးကော်မတီဒုတိယဥက္ကဋ္ဌ ဦးသန်းကျော်မှကျေးဇူးတင်စကားပြောကြားကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09250132943

တောင်ကြီး           မတ် -၂၆

new 766

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်/မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ အစည်း အဝေးကို မတ်(၂၆)ရက်နံနက်(၁၀)နာရီကခရိုင်/မြို့နယ်စုပေါင်းရုံး၌ကျင်းပကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်အဆင့်ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီဥက္ကဌ ဒေါက်တာအောင်သန်းမောင်က ရှမ်းပြည်နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (SSSCCI)ခန်းမတွင်ကျင်းပခဲ့ပြီးဖြစ်ပါကြောင်းနှင့် ၂၀၁၉ခုနှစ်ဇူလိုင်လတွင် SCRC Meeting ကိုထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူ စာချုပ်အတိုင်း (UNCRC)United Nations Convention on the Rights of the Child အဓိကအခွင့်အရေးများ(၄)ရပ်နှင့် တာဝန်(၃)ရပ်ကို အကောင်အထည်ဖော်ဆောက်ရွက်လျက်ရှိပါကြောင်း၊ အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေး များ ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေးကော်မရှင်အတိုင်း အာဆီယံဒေသအတွင်းရှိ အခြားနိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင် ဒေသဆိုင်ရာကလေးသူငယ်အခွင့်အရေးဆိုင်ရာလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသည်ကို တက်ရောက်လာကြသူများအားလုံးသိရှိပြီးဖြစ်မည်ဟု ယုံကြည်ပါကြောင်းကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် အဓိကအခွင့်အရေး(၄)ရပ်နှင့်တာဝန်(၃)ရပ်ကို ရှင်းတင်ပြလိုကြောင်း၊ အခွင့်အရေး(၄)ရပ်မှာ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့် ၊ ပါဝင်ဆောင်ရွက်ခွင့်တို့ဖြစ်ပြီး တာဝန်(၃)ရပ်တွင် အကောင်အထည်ဖော်ခြင်း၊ စောင့်ကြည့်ကြီးကြပ်ခြင်း၊ အစီရင်ခံခြင်း တို့ဖြစ်ကြောင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအနေဖြင့်မြန်မာနိုင်ငံလုံးရှိ ကလေးသူငယ်အားလုံးအတွက်အဓိကအခွင့်အရေး(၄)ရပ်ကို လူ့အဖွဲ့အစည်းအတွင်း ဦးဦးဖျားဖျားရယူနိုင်ရန် ကလေးသူငယ်များ၏အကောင်းဆုံး အကျိုးစီးပွားဖော်ဆောင်ရန်အတွက်ဥပဒေ မူဝါဒနှင့် လုပ်ငန်းစဉ် များကို ချမှတ်ဖော်ဆောင်နေကြောင်း ရှမ်းပြည်နယ်အတွင်းရှိ ကလေးသူငယ်များအားလုံးဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်တွင်နိုင်ငံ့သားကောင်း သမီးကောင်းရတနာများ ပေါ်ထွန်းလာရေးတို့အတွက် ဥပဒေများ၊ မူဝါဒများ၊ လုပ်ငန်းစဉ်များ ပြင်ဆင်ချမှတ်နိုင်ရန်အဆင့်ဆင့်သော ကော်မတီများအနေဖြင့် အကြံဉာဏ်ကောင်းများကိုဆွေးနွေးပေးကြရန် ပြောကြား သွားသည်။

တောင်ကြီးခရိုင်ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီအတွင်းရေးမှူး ဒေါ်တင်တင်ထွေးမှ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာသောကော်မတီဝင်များမှ သက်ဆိုင်ရာ ကဏ္ဍများအလိုက်ဆွေးနွေးတင်ပြ၍ တောင်ကြီးခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးကိုကိုလွင်မှ နိဂုံးချုပ်စကားပြောကြားကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ တောင်ကြီးခရိုင်/မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ရွာအခြေပြုကလေးသူငယ်ကာကွယ် စောင့်ရှောက် ရေးအဖွဲ့များ တက်ရောက်ကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09250132943

ဖယ်ခုံ မတ် - ၂၅

new 768

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ ရီနွဲ့ကျေးရွာအုပ်စုတွင် ၁၆ ကုတင်ဆံ့ လအိတိုက်နယ်ဆေးရုံသစ်ဖွင့်ပွဲ နှင့် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို မတ် ၂၂ ရက် နံနက်ပိုင်းက အဆိုပါဆေးရုံသစ်တွင် ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါဆေးရုံသစ်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ ကယန်းတိုင်းရင်းသားရင်းသားလူမျိုးရေးရာဝန်ကြီး ဦးခွန်းအေးမောင်၊ ဖယ်ခုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးမောင်၊ ဖယ်ခုံမြို့ပြည်နယ်ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူဇာချစ်တင်၊ ဖယ်ခုံမြို့နယ် အမှတ်(၁)မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေရီနွဲ့၊ ဆေးရုံဖြစ်မြောက်ရေးကော်မတီ နာယကတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ဆေးရုံအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။ အဆိုပါ လအိတိုက်နယ်ဆေးရုံကို ပြည်ထောင်စုအစိုးရခွင့်ပြုရန်ပုံငွေကျပ်သန်း (၆၇၀)ဖြင့် တင်ဒါအောင်မြင်သော ယူနိုက်တက်ပါဝါဝင်း ကုမ္ပဏီက တာဝန်ယူဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး လအိကျေးရွာနှင့် ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူများ၏ ကျန်းမာရေး အတွက် မှီခိုအားထားနိုင်မည်ဖြစ်ကြောင်းသိရှိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ဆီဘူးတိုက်နယ်ဆေးရုံ ၄ ခန်းတွဲ ၁ ထပ် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်းလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။

အစရ(ရှမ်း)

နောက်ထပ်သတင်းများဖတ်မည်