We have 116 guests and no members online

ပင်လောင်း မတ် - ၂၅

new 767

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ်ကျေးရွာရှိ တီကျစ်တိုက်နယ်ဆေးရုံသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာညီညီအောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်စံလွင်တို့သည် မတ်လ ၂၃ ရက်နေ့က စဝ်စံထွန်းဆေးရုံ၊ အမျိုးသမီးနှင့် ကလေးဆေးရုံမှ အထူးကုဆရာဝန်များ၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့မှ ပညာရှင်များသည် အဆိုပါ တိုက်နယ်ဆေးရုံရှိ လူနာများအား အခမဲ့ကွင်းဆင်းကုသပေးနေမှု ကိုသွားရောက်ကြည့်ရှု အားပေးစကားပြောကြားခဲ့ကြောင်းသိရသည်။

အဆိုပါ ပင်လောင်းမြို့နယ်၊ တီကျစ်ကျေးရွာ၊ တီကျစ်တိုက်နယ်ဆေးရုံတွင် လူနာ များအား အခမဲ့ကွင်းဆင်းကုသပေးမှုတွင် လူနာပေါင်း (၆၀၀၀)ကျော် လာရောက်ဆေးကုသ ခံယူလျက်ရှိကြောင်းသိရှိရသည်။

အစရ(ရှမ်း)

တောင်ကြီး မတ် - ၂၄

new 769

အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ကမ္ဘောဇအုပ်စု ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်း နှင့် Smile Asia Medical Mission တို့ပူးပေါင်း၍ မတ် ၂၄ ရက် နံနက် ၉ နာရီက တောင်ကြီးမြို့၊ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးတွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်များအားခွဲစိတ်ကုသမှုပြုလုပ်ပေးကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ကမ္ဘာပေါ်တွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးသူငယ် (၁၇၀၀၀၀)ကျော် မွေးဖွားလျက်ရှိပြီး၊ မွေးဖွားမှု ၇၀၀ တွင် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေး(၁) ယောက်ပါဝင်မွေးဖွားလျက်ရှိကြောင်းနှင့် အဆိုပါကလေးငယ်များသည် အစာစားခြင်း၊ အသက်ရှုခြင်း၊ စကားပြောခြင်းတို့တွင် အခက်အခဲဖြစ်လျက်ရှိပါကြောင်း၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်တစ်ဦး မွေးဖွားခြင်းတွင် ကိုယ်ဝန်ဆောင်သက်နုစဉ် ကာလအတွင်းအစပြု၍ မွေးဖွားလာခြင်းမှာ အကြောင်းမျိုးစုံရှိပြီး၊ မျိုးရိုးဗီဇနှင့် အခြားအချက်များတွင် ပေါင်းစုမိသွားပါက နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်တစ်ဦးမွေးဖွားလာနိုင်ပါကြောင်း၊ မိခင်တွင် ဆီးချိုရောဂါ၊ အာဟာရချို့တဲ့ရောဂါ၊ ဆေးလိပ်/ အရက်သောက်သုံးသူ၊ အတက်ရောဂါရှင်ဖြစ်ပါက သောက်သုံးသည့်ဆေးဝါးသည် ကိုယ်ဝန်သက်နုစဉ်ကာလမှာ ကလေးငယ်၏ဖွံ့ဖြိုးမှုကို အဟန့်အတားဖြစ်စေသောကြောင့် မွေးဖွားလာသည့်အချိန်တွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ် တစ်ဦးမွေးဖွားရန် အခွင့်အလမ်းပိုများစေကြောင်း၊ ကလေးငယ်များအတွက် ပို၍ ကောင်းမွန်သော အနာဂတ်ကို ဖန်တီးပေး နိုင်ရန် ရည်ရွယ်ချက်ဖြင့် စင်ကာပူနိုင်ငံအခြေစိုက် Smile Asia Medical အဖွဲ့က အရှေ့တောင်အာရှနိုင်ငံတွင် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်များကို ခွဲစိတ်ကုသပေးနေသည့်အတွက် လေးစားဂုဏ်ယူကျေးဇူးတင်ရှိပါကြောင်း၊ လမ်းညွှန်မှုဖြင့် ကမ္ဘောဇအုပ်စု ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းက ရှမ်းပြည်နယ်တွင်လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့ကို အားသွန်ခွန်စိုက်လုပ်ဆောင်နေသည်ကို တွေ့ရှိရပြီး၊ ကျန်းမာရေးအထောက် အကူအဖြစ် တောင်ကြီးမြို့တွင် သံဃာဆေးရုံ၊ ခိုလမ်မြို့တွင် ကုတင် (၁၀၀)ဆေးရုံ၊ ဘော်ဆိုင်းတိုက်နယ်ဆေးရုံတို့အတွက် ဆေးရုံအသုံးအဆောင်ပစ္စည်းအပြည့်အစုံနှင့် ဆရာဝန်၊ သူနာပြုများအတွက် အသုံးအဆောင်ပစ္စည်းများကိုပါ လှူဒါန်းပေးသည့် အတွက် များစွာဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ရှမ်းပြည်နယ်သာမက မြန်မာနိုင်ငံတွင်းရှိ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ် များ၏ ဘဝလှပချောမွေ့အောင်ဆောင်ရွက်ပေးနိုင်ကြရန် အမှာစကား၌ပြောကြားသွားသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာစင်ကာပူသံရုံးမှ Deputy Chief of Mission ဖြစ်သူMr. David Liang မှ အမှတ်တရ စကားပြောကြားပြီး၊ အမျိုးသမီးနှင့် ကလေးအထူးကုဆေးရုံမှဆေးရုံအုပ်ကြီး ဒေါက်တာမြတ်ခိုင်၊ Smile Asia Programme Manager ဖြစ်သူ Ms. Phoebe Low ၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ မောင်ရဲမာန်အောင်၏ ဖခင်ဖြစ်သူ ဦးအောင်ညွှန့်တို့က ကျေးဇူးတင်စကားပြောကြားကြပြီး၊ The Smile Mission Ltd Executive Director Mr. Aphimanyu Talukdar က ကမ္ဘောဇဘဏ်၏ ဒုတိယအမှုဆောင်အရာရှိချုပ်ဖြစ်သူ ဒေါ်နန်းလိုင်းခမ်းအား Certificate of Appreciation ပေးအပ်၍ လည်းကောင်း၊ ဆေးရုံမျက်နှာစာသုံးထပ်ဆောင်ရှေ့ ကွန်ကရစ်လမ်းခင်းရန် ငွေကျပ်(၇၁၇၀၅၈၃)သိန်း လှူဒါန်းမှုအတွက် အမျိုးသမီးနှင့် ကလေးအထူးကုဆေးရုံအုပ်ကြီး ဒေါက်တာမြတ်ခိုင်က ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းသို့ ဂုဏ်ပြုလွှာပေးအပ်ပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့သည် ခွဲစိတ်ကုသမည့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ကြည့်ရှုအားပေးစကားပြောကြားခဲ့ကြောင်းသိရသည်။

အဆိုပါ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်း နှင့် Smile Asia Medical Mission တို့ပူးပေါင်း၍ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်များအားခွဲစိတ်ကုသမှုပြုလုပ်ပေးမည့် ဆရာဝန်များမှာ အမေရိကန်၊ ဂျာမနီ၊ တရုတ်၊ စင်ကာပူ၊ ဒိန်းမတ်၊ ပြင်သစ်၊ သြစတေးလျ၊ ဂျပန်၊ ဟောင်ကောင်၊ မြန်မာ၊ ဖိလစ်ပိုင် နိုင်ငံတို့မှ ဆရာဝန်များနှင့် စေတနာ့ဝန်ထမ်း စုစုပေါင်း(၃၅)ဦးပါဝင်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် တတိယအကြိမ်ခွဲစိတ်ကုသပေးခြင်းနှင့် မတ် ၂၄ ရက်မှ မတ်၃၀ ရက်နေ့အထိ အခမဲ့ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

တောင်ကြီး မတ် - ၂၀

new 772

နှစ်(၇၀)ပြည့် ပအိုဝ်းအမျိုးသားနေ့ကို မတ် ၂၀ ရက် ညနေ ၆ နာရီခွဲက တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်ရှိ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်း (ဒဲဉ်သီးဗွေကွင်း)၌ ကျင်းပရာ ဖွင့်ပွဲအခမ်းအနားကို ရှမ်းပြည်နယ်အစိုးရ အဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်စံလွင်၊ ပွဲတော်ကျင်းပရေးကော်မတီ ဥက္ကဌ ဦးခွန်ဝင်းကို တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ ပင်လောင်း၊ နောင်တရား ယဉ်ကျေးမှုအကအဖွဲ့မှ ခမ်းရန်ဆား သီချင်းဖြင့် ကပြဖွင့်လှစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးမင်းဝင်းခိုင်သန်း၊ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးနိုင်သက်လွင်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ခေါင်းဆောင်ဥက္ကဌ ဦးအောင်ခမ်းထီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီတို့မှ ပအိုဝ်းအမျိုးသားနေ့သို့ ပေးပို့သော သဝဏ်လွှာများကို ပွဲတော်ကျင်းပရေးကော်မတီမှ တာဝန်ရှိသူအသီးသီးတို့မှ ဖတ်ကြားကြသည်။

ထို့နောက် ပွဲတော်ကျင်းပရေးကော်မတီဥက္ကဌ ဦးခွန်ဝင်းကိုမှ ကြိုဆိုနှုတ်ဆက်ခြင်းနှင့် ကျေးဇူးတင်စကား ပြောကြားပြီး တောင်ကြီးမြို့ ပအိုဝ်းယဉ်ကျေးမှုအကအဖွဲ့မှ တီးရီးရီးချော့ အကဖြင့် ကပြဖျော်ဖြေ၍ ပွဲတော်ကျင်းပ ရေး ကော်မတီဥက္ကဌမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများကို လက်ဆောင်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော အလှူငွေကျပ်သိန်း (၃၀)ကို ပေးအပ်လှူဒါန်းရာ ပွဲတော်ကျင်းပရေးကော်မတီဥက္ကဌ ဦးခွန်ဝင်းကိုမှ လက်ခံရယူ ကြောင်း သိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

တောင်ကြီး        မတ်-၂၂

new 770

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော မြတ်ဗုဒ္ဓသာသနာ(၂၆၀၇)နှစ် တောင်ကြီးအထူးဓမ္မသဘင် ပွဲကို မတ်(၂၂)ရက်ည(၇)နာရီကတောင်ကြီးမြို့စူဠာမုနိဘုရားရင်ပြင်တော်၌ကျင်းပကြောင်းသိရသည်။

သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရထံ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က လှူဖွယ်ပစ္စည်းများဆက်ကပ်ပြီး၊ ဓမ္မပူဇာသဘင်အတွက် အလှူငွေများပေးအပ်လှူဒါန်းကြရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှအလှူငွေကျပ်သိန်း(၇၀)ကို ပြည်နယ်ဥပဒေချုပ်မှ ပေးအပ်လှူဒါန်း၍လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်လင်းအောင်မှ အလှူငွေကျပ်(၁၂)သိန်း(၅)သောင်း ပေးအပ်လှူဒါန်း၍လည်းကောင်း၊ အလှူရှင်များမှအလှူ ငွေများကို ကပ္ပိယထံအသီးသီးပေးအပ်လှူဒါန်းကြကြောင်းသိရသည်။

ဆက်လက်၍သီတဂူဆရာတော်ဒေါက်တာဘဒ္ဒန္တဉာဏိဿရက ကော်သင်္ခသုသန်တရားရေးအေး တိုက်ကျွေးဟောကြား တော်မူပြီး၊ တရားပွဲတွင်ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နှင့်အလှူရှင်များမှလှူ ဒါန်းငွေကျပ်(၄၄၇)သိန်း (၅)သောင်းကနဦးလှူဒါန်းကြပြီး၊ တရားနာဧည့်ပရိသတ်(၁)သောင်းကျော်ခန့်တရားနာယူကြကြောင်းသိရှိရသည်။

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့်ဇနီး၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ တာဝန်ရှိသူများ၊ ရပ်ဝေးရပ်နီးမှ တရားနာဧည့်ပရိတ်သတ်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

ခရိုင် ပြန်/ဆက်

တောင်ကြီး မတ် - ၂၁

new 771

တောင်ကြီးမြို့၊ ကျက်သရေဆောင် စူဠာမုနိလောကချမ်းသာစေတီတော် ရင်ပြင်၌ မတ် ၂၁ ရက် နံနက် ၇ နာရီက တောင်ကြီးအထူးဓမ္မသဘင်တရားပွဲတော် အကြိုအဖြစ် အန္တရာယ်ကင်းပရိတ်တရားတော် နာယူကြကြောင်း သိရှိရသည်။

အခမ်းအနားကို ဆရာတော်သံဃာတော်၊ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်တို့က နမော တဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသ အဂ္ဂမဟာပဏ္ဍိတ အစာကမ္မဌာနစရိယ နိုင်ငံတော်သြဝါဒစရိယ စွန်းလွန်းဂူဝိပဿနာကျောင်းဆရာတော်ထံမှ သရဏဂုံ သုံးပါးနှင့်တကွ ငါးပါးသီလခံယူ စောင့်တည်၍ ဆရာတော်သံဃာတော်များ ရွတ်ပွားချီးမြှင့်အပ်သော ပရိတ်တရားတော်များကို နာကြားကာ ဆရာတော်သံဃာတော်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံ တိဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။

အဆိုပါ တောင်ကြီးအထူးဓမ္မသဘင်တရားပွဲတော်တွင် ချမ်းမြေ့ဆရာတော် ဘဒ္ဒန္တ ဇနကာဘိဝံသ၊ သီတဂူ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ၊ ယောဆရာတော် ဒေါက်တာ ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ၊ ဓမ္မဒုတဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဆေကိန္ဒ၊ ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ တို့မှ မတ်လ ၂၁ မှ ၂၅ ရက်နေ့ထိ ညစဉ် ၇ နာရီတွင် တောင်ကြီးမြို့၊ ကျက်သရေဆောင် စူဠာမုနိလောကချမ်းသာစေတီတော်ရင်ပြင်၌ တရားရေအေး တိုက်ကျွေးဟောကြားသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်သန်း (တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

နောက်ထပ်သတင်းများဖတ်မည်