We have 69 guests and no members online

တောင်ကြီး       မတ်-၁၉

new 773

ရှမ်းပြည်နယ်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့(၁/၂၀၁၉)အစည်းအဝေးကို မတ်(၁၉)ရက် နံနက်(၉) နာရီခွဲက တောင်ကြီးမြို့ရှမ်းပြည်နယ်အစိုးရရုံးအစည်းအဝေးခန်းမ၌ကျင်းပကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ကမ္ဘာတစ်ဝှမ်းတွင် နှစ်စဉ် ၂၀.၉ သန်းသော လူသားများ အဓမ္မခိုင်းစေခံနေရကြောင်း အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့က ခန့်မှန်းထားပြီး ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC)၏ ထုတ်ပြန်ချက်အရ ကမ္ဘာ့အနှံအပြားဖြစ်ပွားသော လူကုန်ကူးမှုများမှ နှစ်စဉ်အမေရိကန်ဒေါ်လာ ၁၅၀ ဘီလီယံအမြတ်အစွန်းရရှိနေကြောင်း၊ လူကုန်ကူးမှုပုံစံများကို လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်မှု ၅၄  ၊ အဓမ္မခိုင်းစေမှု ၃၈ ၊ အခြားပုံစံ ၈  ပါဝင်ကြောင်း ဖော်ပြထားပြီး လူကုန်ကူးခံရသူများကို ခွဲခြားစိစစ်ခဲ့ရာ အမျိုးသမီးပါဝင်မှု ၈၂.၂၇ ၊ ကလေးသူငယ်အမျိုးသမီးပါဝင်မှု ၉.၄၅ ၊ ကလေးသူငယ်အမျိုးသားပါဝင်မှု ၃.၄၅ ၊ အမျိုးသား ၁၇.၂၇  လူကုန်ကူးခံနေရသည်ကို တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံတွင် လူကုန်ကူးခံရမှုဖြစ်စဉ်များကို လေ့လာရာ၌ ပုံစံ (၅)မျိုးတွေ့ရှိရပြီး အဓမ္မအလုပ်ခိုင်းစေခြင်း၊ အဓမ္မ ထိမ်းမြားလက်ထက်ခြင်း၊ လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်ခြင်း၊ အဓမ္မမွေးစားခြင်းနှင့် ကြွေးမြီဖြင့် နှောင်ဖွဲ့ခိုင်းစေခြင်း တို့ဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ် ကိန်းဂဏန်းများအရ တရုတ်နိုင်ငံသို့ ၁၄.၃၄ ၊ ထိုင်းနိုင်ငံသို့ ၄.၃၇ ၊ မလေးရှား နိုင်ငံသို့ ၀.၂၉  ဦးတည်ဖြစ်ပွားမှုများတွေ့ရှိရပြီး ပြည်တွင်းလူကုန်ကူးမှု ၂၁.၂၈  ဖြစ်ပွားလျက်ရှိကြောင်း တွေ့ရှိ ရပါကြောင်း၊ မြန်မာနိုင်ငံ၏ လူကုန်ကူးမှုဖော်ထုတ်အရေးယူမှုအနေဖြင့် ၂၀၁၈ ခုနှစ်မှ ယနေ့အထိ လူကုန်ကူးမှု ၂၅၄ မှု၊ လူကုန်ကူးခံရသူ ၃၈၃ ဦး၊ လူကုန်ကူးသူတရားခံ ၇၅၇ ဦးတို့ကို ဖော်ထုတ်နိုင်ခဲ့ကြောင်း၊ ရှမ်းပြည်နယ်အတွင်း တွင် ၂၀၁၈ ခုနှစ်မှ ယနေ့အထိ လူကုန်ကူးမှု ၆၉ မှု၊ လူကုန်ကူးခံရသူ ၁၀၁ ဦးတို့ကို ကယ်တင်နိုင်ခဲ့ကာ လူကုန်ကူးသူတရားခံ ၂၁၈ ဦးတို့ကို ဖော်ထုတ်အရေးယူနိုင်ခဲ့ကြောင်း၊ လူကုန်းကူးခံရသူများ ထောက်ပံ့နိုင်ရန် အတွက် သယ်ယူပို့ဆောင်စရိတ်၊ အစားအစာနှင့်ရိက္ခာ၊ ဆေးဝါးကုသစရိတ်၊ ကယ်ဆယ်ရေး၊ စောင့်ရှောက်ရေးနှင့် ပြန်လည်နေရာချထားရေးစရိတ်များအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ ရန်ပုံငွေမှ ကျခံသုံးစွဲလျက် ရှိရာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက်နေ့အထိ ရှမ်းပြည်နယ်အတွင်း လူကုန်ကူးခံ ရသူ ၁၆ ဦးအတွက် စုစုပေါင်းငွေကျပ် ၁၂၂ သိန်းအား ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း၊ ယနေ့အစည်းအဝေးကို တက်ရောက်လာကြသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဝင်များအားလုံးအနေဖြင့် လူကုန်ကူးမှုတိုက်ဖျက် ရေး တတိယ (၅)နှစ်စီမံကိန်း (၂၀၁၇-၂၀၂၁)ပါ ဆောင်ရွက်ရမည့် ကဏ္ဍအလိုက်လုပ်ငန်းစဉ်များအပေါ် အောင်မြင် အောင် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သွားရန်နှင့် နှစ်စဉ် စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျရောက် မည့် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ရှမ်းပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦးမှ နှုတ်ခွန်းဆက်စကားပြောကြားပြီး အတွင်းရေးမှူး ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ယာယီရဲမှူးချုပ်ဇော်ခင်အောင်မှ ဆွေးနွေးတင်ပြကာ တက်ရောက်လာသည့် ပြည်နယ်အဆင့်လူကုန်ကူးမှု တားဆီး ကာကွယ်ရေးအဖွဲ့ဝင်များမှမိမိတို့လုပ်ငန်းများအပေါ်ဆောင်ရွက်ချက်များအားဆွေးနွေးတင်ပြကြသည်။

ထို့နောက်ရှမ်းပြည်နယ်အတွင်းရှိ တက်ရောက်လာကြသည့် ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌများမှ ခရိုင်အလိုက် ရှင်းလင်းတင်ပြပြီး လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှရဲမှူး အောင်လွင်က ရှမ်းပြည်နယ်အတွင်း လူကုန်ကူးမှုတိုက်ဖျက်ရေးဆောက်ရွက်ချက်များ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ မှ ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းထားရှိမှုနှင့်ရပ်ကွက်/ကျေးရွာလူကုန်ကူးမှုစောင့်ကြည့်အဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ထားရှိမှုများ ရှင်းလင်း ပြီး အထွေထွေဆွေးနွေးကာ ရှမ်းပြည်နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး လှဦး ကနိဂုံးချုပ်စကားပြောကြားကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09 250132943

တောင်ကြီး မတ် - ၁၈

new 776

ရှမ်းပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၉)ကို မတ် ၁၈ ရက် နံနက် ၉ နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးပြဿနာနှင့် ပတ်သက်သည့် အဓိကအားဖြင့် (၃)မျိုးရင်ဆိုင်နေရပါကြောင်း၊ ပထမအချက်မှာ စိုက်ပျိုးမှု ပြဿနာ၊ ဒုတိယအချက်မှာ ထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ်မှုပြဿနာ၊ တတိယအချက်မှာ သုံးစွဲမှုပြဿနာဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါး (ဘိန်း) စိုက်ပျိုးမှုအပိုင်းတွင် ပြီးခဲ့သောနှစ်က ဘိန်းစိုက်ပျိုးထုတ်လုပ်မှု သိသိသာသာ ကျဆင်းလာသည်ကို တွေ့ရှိရပြီး စိုက်ပျိုးမှု အနေဖြင့် ၂၅ ရာခိုင်နှုန်း၊ ထုတ်လုပ်မှု ၁၄ ရာခိုင်နှုန်း အသီးသီးကျဆင်းကြောင်း၊ ၎င်းကျဆင်းမှုသည် ရေရှည်ကျဆင်းမှု ဖြစ်နိုင်မည်မဟုတ်ကြောင်းနှင့် ဘိန်းစိုက်ပျိုးဒေသများတွင် နိုင်ငံတော်၏ ဖွံ့ဖြိုးမှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုသည် ဘိန်း စိုက်ပျိုးသည့် ဧရိယာကို ထိရောက်လွှမ်းခြုံလုံလောက်အောင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးပါကြောင်း၊ ဘိန်းဖြူထုတ်လုပ်မှု၊ စိတ်ကြွဆေးပြားထုတ်လုပ်မှု၊ ပြောင်းလဲလာသည့်ထုတ်လုပ်မှုပုံစံများကို ဘိန်းစိုက်ပျိုးရန်အတွက် အခြေခံလိုအပ်ချက်များ ဖြစ်သော မြေသြဇာ၊ လုပ်အားစသည့် ကန့်သတ်ချက်များ၊ ဥပဒေနှင့် ဒေသအာဏာပိုင်များ၏ ဖိအားများကြောင့် သာမက ဘိန်းစျေးနှုန်းသည်လည်း ကျဆင်းလာသည့်အတွက် ဘိန်းစိုက်ပျိုးမှုကျဆင်းလာသည်ဟု ယူဆရပါကြောင်း၊ ယခုအချိန် အခါမျိုးတွင် ဘိန်းစိုက်တောင်သူများ၏ ပြောင်းလဲစိုက်ပျိုးလာမည့် သီးနှံ သို့မဟုတ် ပြောင်းလဲလုပ်ကိုင်လာမည့် လုပ်ငန်း များကို ပံ့ပိုးကူညီပေးမည့် ဖွံဖြိုးရေးလုပ်ငန်း ပိုမိုတိုးမြင့်ဆောင်ရွက်မည်ဆိုပါက ဘိန်းစိုက်ပျိုးမှုကို ရေရှည်ထိန်းချုပ်သွား နိုင်မည် ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်ကို လျော့ချနိုင်ရန် အစိုးရဆိုင်ရာအဖွဲ့အစည်းများ ဌာနဆိုင်ရာများအချင်းချင်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်နည်းတူ ပြည်သူလူထုများကလည်း ဘုံပြဿနာအဖြစ် ခံယူပြီး အဖွဲ့အစည်းတစ်ခုချင်းစီမှ လူတစ်ဦးတစ်ယောက်ချင်းစီအထိ ကိုယ်စီတာဝန်ရှိစွာဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်နှင့် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့အဆင့်ဆင့်က စိတ်ဝင်စားပြီး တက်ကြွစွာဆောင်ရွက်သည့် လူမှုအဖွဲ့အစည်းများကို ပါဝင်ဖွဲ့စည်းပြီး ၎င်းတို့၏အားဖြင့် လုပ်ငန်းစီမံချက်များ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အဖွဲ့ ဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦး၊ ဒုတိယဥက္ကဌ ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်တို့က ဆွေးနွေးတင်ပြကြသည်။

ရှမ်းပြည်နယ်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ အတွင်းရေးမှူး ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးချုပ် ဇော်ခင်အောင်၊ တွဲဖက်အတွင်းရေးမှူး အမှတ်(၂) မူးယစ်တပ်ဖွဲ့ခွဲ မှူး ဒုတိယရဲမှူးကြီး လင်းထွဋ်မြင့်တို့က တားဆီးနှိမ်နင်းရေးဆိုင်ရာများ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် ပြည်နယ်အဆင့် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ဝင်များမှ မိမိတို့ လုပ်ငန်းတာဝန်များအပေါ် ဆောင်ရွက်ချက်များအား ဆွေးနွေးတင်ပြခြင်း၊ ခရိုင်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဌများမှ ခရိုင်အလိုက် ဆွေးနွေးတင်ပြကာ တက်ရောက်လာသူများမှ အထွေထွေဆွေးနွေးကြပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦးမှ နိဂုံးချုပ်စကားပြောကြားခဲ့ ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

တောင်ကြီး မတ် - ၁၈

new 774

၂၀၁၉ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင်ကျင်းပပြုလုပ်မည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(25) နှစ်အောက်အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ်လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို မတ်လ ၁၇ ရက် နံနက် ၁၁ နာရီခွဲက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ ပြည်နယ်အားကစားနှင့်ကာပညာဦးစီးဌာနရုံးဝန်းရှိ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၊ လေးထပ်ဆောင်ခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ၊ ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြိုင်ပွဲတိုင်းတွင် အနိုင်ရရှိပြီး ရှမ်းပြည်နယ်ဂုဏ်ဆောင်အားကစားသမား များဖြစ်အောင် ကြိုးစားဆောင်ရွက်သွားနှင့် ပြိုင်ပွဲဝင်များ စည်းလုံးညီညွတ်စွာနှင့် အားကစားစိတ်ဓာတ် အပြည့်ဖြင့် ယှဉ်ပြိုင်သွားကြရန် မှာကြားခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက အောင်နိုင်ရေးအလံအား အသင်းအုပ်ချုပ်သူနှင့် အသင်းနည်းပြချုပ်ထံသို့ ပေးအပ်ပြီး ဘောလုံးအသင်းသားများနှင့်အတူ ဂုဏ်ပြုနေ့လည်စာအား အတူ တကွသုံးဆောင်ကြသည်။

အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ ဒုတိယညွှန်ကြားရေမှူး ဦးတင်ထွန်း၊ ရှမ်းပြည်နယ်ဘောလုံးဆပ်ကော်မတီ ဥက္ကဌ ဦးခင်မောင်လွင်ကြီး၊ အမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်း အုပ်ချုပ်သူ၊ အသင်းနည်းပြချုပ်နှင့် အသင်း သားများတက်ရောက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ၊ ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူး ဦးကျော်ကျော်သိန်း နှင့်အဖွဲ့ဝင်များသည် ပြည်နယ်အားကစားကွင်းကြီး၌ ကွင်းမျက်နှာပြင်မြေညှိခြင်း၊ မြက်ကပ်ခြင်း၊ ဆေးဖျန်း၊ ရေလောင်းခြင်းများ ပြုပြင်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးရာ လိုအပ်သည်များ မှာကြား ခဲ့ကြောင်းသိရသည်။ အဆိုပါပြည်နယ်အားကစားကွင်းမှာ ၆၅ ရာခိုင်နှုန်းပြီးစီးကာ မတ်လကုန်အတွင်း အပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အစရ(ရှမ်း)

တောင်ကြီး မတ် - ၁၅

new 775

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းတို့သည် မတ် ၁၄ ရက် မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး Call ခန်းမတွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)အဖွဲ့နှင့် တွေ့ဆုံကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံရာတွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)အဖွဲ့မှ ရှမ်းပြည်နယ်တွင် အဓိက ဆောင်ရွက်မည့်လုပ်ငန်းများကို လာရောက်ရှင်းပြခြင်းဖြစ်ပါကြောင်း၊ ပြည်ထောင်စုအဆင့်နှင့် ပူးပေါင်းဆောင်ရွက် သကဲ့သို့ ရှမ်းပြည်နယ်တွင်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အကူအညီပေးရန်အတွက် အကူအညီ လိုသူများကို မည်ကဲ့သို့ ကူညီရန် ပြောလိုပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ဆောင်ရွက်သကဲ့သို့ ရှမ်းပြည်နယ်တွင် လည်း အစိုးရအဖွဲ့မှ လမ်းညွှန်မှုပေးပြီး ဆောင်ရွက်လိုပါကြောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့တွင် စစ်ဘေးရှောင်များကို ကူညီဆောင်ရွက်လိုကြောင်း ဆွေးနွေးသွားကြောင်း သိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ယခုကဲ့သို့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)အဖွဲ့မှ ရှမ်းပြည်နယ်၏အချက်အလက်များကို ပြည်စုံစွာ ရှင်းပြ သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မတ်လ (၁) ရက်နေ့က ရှမ်းပြည်နယ်အစိုးရအဖွဲ့သည် ရှမ်းပြည်နယ် (မြောက်ပိုင်း)ကို သွားရောက်ခဲ့ပါကြောင်း၊ နမ္မတူနှင့် သီပေါစစ်ဘေးရှောင်ကိုလည်း ရောက်ရှိခဲ့ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)အဖွဲ့၏ ကူညီထောက်ပံ့မှုများကိုလည်း ရရှိပါကြောင်း ပြောကြား သွားသည်။

မောင်မောင်သန်း (တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

တောင်ကြီး မတ် - ၁၆

new 777

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် မတ် ၁၆ ရက် နံနက် ၉ နာရီက ရွှေဥမင် သဘာဝလိုဏ်ဂူ တော်အဝင် မုဒ်ဦးရှေ့၌ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ဖွင့်ပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ရွာငယ်ကျောင်းသစ်ဆရာတော် ဦးစန္ဒောဘာသ၊ အရှေ့ပိုင်း တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌ ဦးအာကာလင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ပွဲတော်အတွင်း ခင်းကျင်းပြသထားသော ဌာနဆိုင်ရာပြခန်းများအား လှည့်လည်ကြည့်ရှုကြပြီး ရွှေဥမင်သဘာဝ လိုဏ်ဂူ တော် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကျင်းပရာ ဓမ္မာရုံတွင် ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်တို့က ရွာငယ်ကျောင်းသစ်ဆရာတော်ထံ ငါးပါးသီလဆောက်တည်ကာ ဆရာတော်များ ရွတ်ဖတ်သရဇ္စျယ်မူသော ပရိတ်တရား တော်များကို နာယူ၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်ပြီး ရေစက်သွန်းချတရားနာယူကြကြောင်း သိရသည်။

ထို့နောက် ရွှေဥမင်သဘာဝ လိုဏ်ဂူဘုရား ဝတ္တကနယ်မြေအတွင်း "ဆေးလိပ်ငွေ့ကင်းစင် ယဉ်ကျေးမှု အမွေအနှစ်ဒေသအသိအမှတ်ပြုဆု" ဂုဏ်ပြုဆုပေးပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ တာဝန်ရှိသူများက တက်ရောက်ကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်းတယမြို့နယ်ရှိ ရွှေဥမင်သဘာဝလိုဏ်ဂူတော်ဘုရား ဝတ္တကမြေအား ဆေးလိပ်ငွေ့ကင်းစင် ရွှေဥမင်တစ်ခွင် နယ်မြေအဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့မှုအပေါ် (၆)ကြိမ်မြောက် အာရှ-ပစိဖိတ်ဒေသ ဆေးလိပ်ငွေ့ကင်းစင် မြို့တော် များအစည်းအဝေး၌ ဆေးလိပ်ငွေ့ကင်းစင် ယဉ်ကျေးမှုအမွေအနှစ်ဆု (Smoke Free Herritage Site Award) ပေးအပ်ချီးမြှင့်ခဲ့သည့်အတွက် အဆိုပါဆုကို ရွှေဥမင်သဘာဝလိုဏ်ဂူတော်ဘုရားဂေါပကထံ လွှဲပြောင်းပေးအပ်ခြင်းနှင့် ဂုဏ်ပြုခြင်း အခမ်းအနားဖြစ်ပါကြောင်း၊ ဆေးလိပ်ငွေ့ကင်းစင်နေရာများ (Smoke Free Area)တွင် ရာနှုန်းပြည့် ဆေးလိပ်မသောက်ခြင်း၊ ပတ်ဝန်းကျင်တွင် ဆေးလိပ်ငွေ့ကင်းစင်သွားသည့် နေရာများအဖြစ် ပေါ်ပေါက်စေလျက် အများသူငါ - အထူးသဖြင့် မိခင်များ၊ ကလေးများ၊ သက်ကြီးရွယ်အိုများနှင့် အခြားသော ဆေးလိပ်မသောက်သူတို့ အတွက် အန္တရာယ်ကင်းဇုံများသဖွယ် ပျော်ရွင်ဖွယ်အနားယူနိုင်ခြင်း၊ အပန်းဖြေနိုင်ခြင်း၊ ပညာသင်ကြားရေးဆိုင်ရာ အဆောက်အဦများတွင် ဆေးလိပ်ငွေ့ကင်းစင်သော စာသင်ခန်းများကို တည်ဆောက်ပေးခြင်းသည် နိုင်ငံသားတိုင်း၏ တာဝန်ပင်ဖြစ်ကြောင်း၊ ဆေးလိပ်ငွေ့ကင်းစင်ခြင်းဖြင့် ဆေးလိပ်ငွေ့ကြောင့် တခြားသူဆေးလိပ်သောက်သုံးခြင်း မရှိသူ တို့၏ လွတ်လပ်သောရပိုင်ခွင့်များကို ရရှိစေခြင်းအပြင် နယ်မြေကန့်သတ်တားမြစ်ထားခြင်းများကြောင့် ဆေးလိပ် သောက်သုံးသူတို့အနေဖြင့် အကြိမ်အရေအတွက်များ လျော့နည်းကျဆင်းသည်မှာ ဆေးလိပ်သောက်သုံးမှုအား လက်လျော့ဖြတ်သောက်သည်အထိ မျှော်မှန်းချက်ထားပြီး ဆောင်ရွက်ခြင်းပင် ဖြစ်ကြောင်း ပြောကြားသွားသည်။

၎င်းနောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌ ဦးအာကာလင်းမှ ဂုဏ်ပြုစကားပြောကြားပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ ပင်းတယမြို့ မီးအိမ်ရှင်ဆရာကြီး ဒေါက်တာသန်းမင်းထွဋ်နှင့် ရွှေဥမင် ဘုရားဂေါပကအဖွဲ့ဥက္ကဌ ဦးခင်မောင်ဦးထံ ဆေးလိပ်ငွေ့ကင်းစင် ယဉ်ကျေးမှုအမွေအနှစ်ဒေသအသိအမှတ်ပြုဆုအား လွှဲပြောင်းပေးအပ်၍ လည်းကောင်း၊ ဒေသဦးစီးအဖွဲ့ဥက္ကဌ ဦးအာကာလင်းမှ ဂုဏ်ပြုမှတ်တမ်းလွှာများကို ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူဇာချစ်တင်၊ မီးအိမ်ရှင်ဆရာကြီး ဒေါက်တာ သန်းမင်းထွဋ်၊ ရွှေဥမင်ဂေါပကအဖွဲ့ဥက္ကဌ ဦးခင်မောင်ဦး၊ ပင်းတယမြို့နယ် ပရဟိတကွန်ယက်အဖွဲ့တို့အား အသီးသီးပေးအပ်ခဲ့ပြီး မီးအိမ်ရှင်ဆရာကြီး ဒေါက်တာသန်းမင်းထွဋ်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားကြကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

နောက်ထပ်သတင်းများဖတ်မည်