We have 34 guests and no members online

တောင်ကြီး ဖေဖော်ဝါရီ - ၁၂

new 802

(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ဖေဖော်ဝါရီ ၁၂ ရက် နံနက်(၈)နာရီက ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့၊ အဝေရာ မီးပုံးပျံကွင်း၌ ကျင်းပကြောင်း သိရသည်။

ပထမဦးစွာစစ်ရေးပြတပ်ခွဲက စစ်ကြောင်းဖြင့် ချီတက်နေရာယူပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်အား အလေးပြုကာ နိုင်ငံတော်အလံကို အလေးပြု၍ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီး များအား အလေးပြုပြီး သစ္စာ(၄)ချက်ရွတ်ဆိုကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတဦးဝင်းမြင့်ထံမှပေးပို့သော (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာကို ဖတ်ကြားပြီး ရှမ်းပြည်နယ်အတွင်း ထူးချွန်စွာဆောင်ရွက်ခဲ့သူများအား ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများပေးအပ်ရာ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာထူးချွန်ဆု၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာထူးချွန်ဆု၊ လူမှုထူးချွန်ဆု၊ သာသနာရေးထူးချွန်ဆု၊ ၂၀၁၈ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ ကြေးတံဆိပ်ရရှိသူများ၊ ၂၀၁၈ ခုနှစ် မြန်မာနိုင်ငံ မသန်စွမ်းနှင့် ဉာဏ်ရည်မမှီသူများ အားကစားပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ ကြေးတံဆိပ်ရရှိသူများ၊ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ မြို့ တွင် ကျင်းပသော (၄)ကြိမ်မြောက် အာဆီယံ အော်တစ်စင်ဂိမ်း မီတာ (၁၀၀)အပြေးပြိုင်ပွဲ၊ မြှားတစ်ဦးချင်းနှင့် နှစ်ဦးတွဲပြိုင်ပွဲ ဆုရရှိသူများ၊ (၁၉)ကြိမ်မြောက် Asian University Games (AUG) တွင် ဆုရရှိသူများ၊ မလေးရှားနိုင်ငံ(၁၀)ကြိမ်မြောက် အာဆီယံကျောင်းသားများ ပြေးခုန်ပစ်ပြိုင်ပွဲ၊ မီတာ(၅၀၀၀)လမ်းလျှောက်ပြိုင်ပွဲဆုရရှိသူများအား ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ်လူမှုရေးဝန်ကြီးတို့က အသီးသီးဆုများချီးမြှင့်ပေးကြပြီးနောက် ပြည်နယ် ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူတို့သည် ကွင်းအတွင်းခင်းကျင်းပြသထားသော ဌာနဆိုင်ရာအသီးသီး၏ ပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးကြကြောင်းသိရှိရသည်။

အဆိုပါ(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်နှင့် ဇနီး၊ ပြည်နယ်လွှတ်တော် ဥက္ကဌ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ အဆင့်ဌာနဆိုင်ရာများ၊ တိုင်းရင်းသားငြိမ်းချမ်းရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ စစ်ရေးပြတပ်ဖွဲ့များနှင့် ဂုဏ်ပြုဘင်ခရာတပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ၊ ဖိတ်ကြားထား သူများ စုစုပေါင်းအင်အား (၂၅၀၀)ကျော်တက်ရောက်ကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

ခရိုင် ပြန်/ဆက်

တောင်ကြီး ဖေဖော်ဝါရီ - ၂

new 803

ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ်ကို ဖေဖော်ဝါရီ ၂ ရက် နံနက် ၈ နာရီခွဲက ညောင်ရွှေမြို့နယ်၊ ဟူပင်ခေါင်တိုင်ဟိုတယ်၊ အင်းလေးကန်၌ ကျင်းပသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက အဖွင့် အမှာစကားပြောကြားရာ ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ်အခမ်းအနားကို မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်က စတင်ပြီး နှစ်စဉ်ကျင်းပခဲ့ကြောင်း၊ ယခု ၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ရေဝပ်ဒေသများနေ့၏ ဆောင်ပုဒ်မှာ "Wetlands and Climate Change" "ရာသီဥတုပြောင်းလဲမှုလျော့နည်းရေး ရေဝပ်ဒေသများမှ ကူညီပေး" ဖြစ်ပါကြောင်း၊ ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်နှင့် ဆက်စပ်နေသော စားနပ်ရိက္ခာထုတ်လုပ်ခြင်း၊ အေးမြခြင်း၊ သဘာဝဘေးအန္တရာယ်ကို ကြံကြံခိုင်နိုင်ခြင်းစသည့် ရေဝပ်ဒေသမှရသော ဂေဟစနစ်ဝန်ဆောင်မှုကို ယခုနှစ်ဆောင်ပုဒ်က ထင်ဟပ်စေ ပါကြောင်း၊ မြန်မာနိုင်ငံတွင် ကမ္ဘာ့ရေဝပ်ဒေသများနေ့အထိမ်းအမှတ်အခမ်းအနားကို နိုင်ငံအဆင့်အခမ်းအနား အဖြစ် ရန်ကုန်၊ နေပြည်တော်နှင့် မိုးယွန်းကြီးအင်းတို့တွင် တစ်လှည့်စီကျင်းပခဲ့ပြီး ယခု ၂၀၁၉ ခုနှစ်တွင် အင်းလေးကန်၌ ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပါကြောင်း၊ ယခုတစ်ချိန်တည်းတွင် မြန်မာနိုင်ငံ၏ ရမ်ဆာ ရေဝပ်ဒေသ ထိန်းသိမ်းရေးနယ်မြေဖြစ်သည့် မိုးယွန်းကြီးအင်း၊ အင်းတော်ကြီးကန်နှင့် မိန်းမလှကျွန်းတို့တွင် လည်း ကမ္ဘာ့ရေဝပ်ဒေသများနေ့အခမ်းအနားပြုလုပ်နေကြောင်း၊ ကမ္ဘာ့ရေဝပ်ဒေသများနေ့အခမ်းအနား ကျင်းပရခြင်းမှာ ရေဝပ်ဒေသရှိ ပြည်သူများအပေါ် အကျိုးပြုမှုများကို သိမြင်နိုးကြားလာစေပြီး ဆက်စပ်ပတ်သက်သူများက ရေဝပ်ဒေသထိန်းသိမ်းကာကွယ်ခြင်း၊ စီမံအုပ်ချုပ်ခြင်းနှင့် အကျိုးရှိစွာအသုံးချခြင်း (Wise Use) စသည်တို့ တွင် ပူးပေါင်းပါဝင်လာရန် ရည်ရွယ်ပါကြောင်း၊ ရေဝပ်ဒေသများသည် ဇီဝမျိုးစုံ၊ မျိုးကွဲများအတွက်သာမက ရေသယံဇာတနှင့် အရင်းအမြစ်များရရှိခြင်း၊ ရာသီဥတုပြောင်းလဲမှုလျော့ချခြင်းစသည့် လူ့အဖွဲ့အစည်း စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရန် အရေးပါသော ဂေဟစနစ်ဝန်ဆောင်မှုများကိုလည်း ပံ့ပိုးပေးလျက်ရှိကြောင်း၊ လယ်ယာ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ ခရီးသွားလုပ်ငန်းစသည့် ကဏ္ဍအတွက်လည်း ရေဝပ်ဒေသမှာ အထောက်အကူပြုပေးလျက်ရှိပါကြောင်း၊ စိုက်ပျိုး ရေးကို အခြေခံသည့် မြန်မာနိုင်ငံသည် ရေဝပ်ဒေသတွင် အင်မတန်အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိ ပါကြောင်း၊ ရေဝပ်ဒေသည် စိုက်ပျိုးမြေများအတွက် ရေသိုလှောင်သိမ်းဆည်းပေးပြီး မြေဆီလွှာကို ကောင်းမွန်စေ၍ စွန့်ပစ်ရေများကို သန့်စင်ပေးပြီး ပြန်လည်လည်ပတ်စေပါကြောင်း၊ ပြင်းထန်သည့်ရာသီဥတုဖြစ်စဉ်များကို သက်သာ စေပြီး ရာသီဥတုကို ထိန်းညှိပေးကာ အေးမြစေပါကြောင်း၊ စိုက်ပျိုးရေးကို ထိခိုက်စေသည့် ပိုးမွှားများကို သုတ်သင် ဖယ်ရှားပေးသည့် ငှက်များနှင့် အခြားမျိုးစိတ်များအတွက် ကျက်စားနယ်မြေများကို ပံ့ပိုးပေးပါကြောင်း၊ အမျိုးသား ရေဝပ်ဒေသမူဝါဒနှင့် မဟာဗျူဟာလုပ်ငန်းများကို ကာကွယ်ခြင်း၊ အကျိုးရှိစွာအသုံးပြုခြင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်း စီမံချက်များတွင် ရေဝပ်ဒေသတန်ဖိုးများကို ထည့်သွင်းခြင်း၊ ပူးပေါင်းပါဝင်လာခြင်း၊ သိမြင်နိုးကြားမှုအား မြင့်တင် ခြင်း၊ ဒေသနှင့် နိုင်ငံတကာရေဝပ်ဒေသအစီအစဉ်များတွင် ပါဝင်ခြင်း၊ မူဝါဒပဓာန (၆)ချက်နှင့် ရေးဆွဲ၍ အသိပေး လိုပါကြောင်း၊ နော်ဝေနိုင်ငံ ပတ်ဝန်းကျင်ရေးရာအေဂျင်စီနှင့် ပူးပေါင်းပြီး နိုင်ငံအဆင့်ရေဝပ်ဒေသစာရင်း ပြန်လည် ပြင်ဆင်ခြင်း၊ ရမ်ဆာရေဝပ်ဒေသအဖြစ် သတ်မှတ်နိုင်ရေး မဟာဗျူဟာရေးဆွဲခြင်း၊ မိုးယွန်းကြီးရမ်ဆာရေဝပ် ဒေသ အုပ်ချုပ်လုပ်ကိုင်မှုစီမံချက်ရေးဆွဲခြင်း၊ ဝန်ထမ်းများအတွက် ရေဝပ်ဒေသထိန်းသိမ်းကာကွယ်ခြင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်းတို့ကိုလည်း ပြုလုပ်လျက်ရှိကြောင်း၊ ၂၀၁၉ ခုနှစ် ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်း အမှတ်စာစီစာကုံးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ကျေးဇူးတင်ရှိပါ ကြောင်းနှင့် ရေဝပ်ဒေသထိန်းသိမ်းရေးကို ကူညီပံ့ပိုးပေးနေသည့် နော်ဝေနိုင်ငံအစိုးရနှင့် နော်ဝေပတ်ဝန်းကျင် ရေးရာ အေဂျင်စီကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ ကမ္ဘာအဝန်း ကြုံတွေ့နေရသည့် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်ကျရောက်မှုလျော့ချနိုင်ရန်အတွက် ရေဝပ်ဒေသများကို ထိရောက်စွာထိန်းသိမ်းကာကွယ်ရာ တွင် နိုင်ငံဖွံ့ဖြိုးရေး၊ ဒေသခံလူမှုစီးပွားတိုးတက်ရေးတို့အတွက် အကျိုးရှိရှိ စီမံခန့်ခွဲအသုံးချသွားရမည်ဖြစ်ကြောင်း၊ အလွန်အရေးပါသည့် ရေဝပ်ဒေသများကို ထိန်းသိမ်းကာကွယ်ရာတွင် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ ရေဝပ်ဒေသများနေ့ အထမ်းအမှတ်အခမ်းအနားကို ယခုလို ရှမ်းပြည်နယ်ရှိ အင်းလေးကန်တွင် လာရောက်ကျင်းပ ပေးသည့်အတွက် ဒေသခံပြည်သူများကိုယ်စား အလွန်ပင်ကျေးဇူးတင်ရှိပါကြောင်း၊ ရေဝပ်ဒေသဖြစ်သည့် အင်း၊ အိုင်၊ ကန်၊ မြစ်၊ ချောင်း၊ ဆည်နှင့် တမံများ ရေရှည်တည်တံ့ခိုင်မြဲမှသာ ပြည်နယ်အတွက် ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေ မည်ဖြစ်ပါကြောင်း ပြောကြားသွားသည်။

ထို့နောက် Ramsar Secretatiat နှင့် နော်ဝေနိုင်ငံ ပတ်ဝန်းကျင်ရေးရာအေဂျင်စီမှ အမှာစကားပြောကြားပြီး အင်းလေးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၏ ဗီဒီယိုပြသကာ ကမ္ဘာ့ရေဝပ်ဒေသများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်တို့က အသီးသီးဆုချီးမြှင့်ပေးကြပြီး အင်းလေးကန်အား ရမ်ဆာရေဝပ်ဒေသ အဖြစ် သတ်မှတ်ခံရခြင်း အသိအမှတ်ပြုလက်မှတ်အား သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ရှမ်းပြည်နယ် အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ရာ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်မှ လက်ခံရယူ၍ အမှတ်တရဓာတ်ပုံရိုက်ကူးကြကာ ဟိုတယ်အတွင်း ခင်းကျင်းပြသထားသော ပြခန်း များအား လှည့်လည်ကြည့်ရှုကြကြောင်း သိရှိရသည်။

အဆိုပါအခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ရေဝပ်ဒေသထိန်းသိမ်းစီမံအုပ်ချုပ်ခြင်းဆိုင်ရာ အမျိုးသားအဆင့် ကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေ သံရုံး နော်ဝေပတ်ဝန်းကျင်ရေးရာအေဂျင်စီ ((NEA)နှင့် ရမ်ဆာကွန်ဗင်းရှင်းတို့မှ ကိုယ်စားလှယ်များ၊ ရမ်ဆာနှင့် ရေဝပ်ဒေသကျွမ်းကျင်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပြည်တွင်း/ပြည်ပအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ဆုရရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)

ခရိုင်(ပြန်/ဆက်)ဦးစီးဌာန

၀၉၂၅၀၁၃၂၉၄၃

တောင်ကြီး ဇန်နဝါရီ - ၂၉

new 805

ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူးရုံးမှ ဦးစီး၍ မြန်မာ (GAP) အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲနှင့် သီးနှံအလိုက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း GAP သင်တန်းဖွင့်ပွဲကို ဇန်နဝါရီ ၂၉ ရက် နံနက် ၉ နာရီက တောင်ကြီးမြို့၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ ၌ ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က တောင်ကြီးခရိုင်အတွင်းရှိ မြို့နယ်များမှာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာများတွင် စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်အကောင်းများ GAP စနစ်ဖြင့် စိုက်ပျိုး ထုတ်လုပ်ခဲ့သော မိုးစပါးနှင့် အစေ့ထုတ်ပြောင်းသီးနှံ၊ ဆီဆိုင်မြို့နယ်မှ ၈ ဦးအဖွဲ့နှင့် ခမ်းမေတ္တာအမျိုးသမီးအဖွဲ့မှ ဆောင်ရွက်ခဲ့သော ငရုပ်နှင့် မြေပဲသီးနှံစိုက်တောင်သူများကို GAP အသိအမှတ်ပြုလက်မှတ်ပေးအပ်သွားမည် ဖြစ်ကြောင်း၊ GAP အသိအမှတ်ပြုလက်မှတ်ကို ၂၀၁၆- ၂၀၁၇ ခုနှစ်တွင် သရက်သီးနှံစိုက်ပျိုးသူ တောင်သူ (၁၇)ဦး၊ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် သရက်သီးနှံစိုက်ပျိုးသူ တောင်သူ (၁၂)ဦး၊ ခရမ်းချဉ်သီးစိုက်ပျိုးသူ တောင်သူ (၅၄)ဦး၊ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် သရက်သီးနှံစိုက်ပျိုးထုတ်လုပ်သော ခြံ(၁)ခြံနှင့် စိုက်ပျိုးတောင်သူ (၁၉)ဦး၊ ကော်ဖီသီးနှံ စိုက်ပျိုးထုတ်လုပ်သော ခြံ(၁)ခြံနှင့် စိုက်ပျိုးတောင်သူ (၁)၊ ခရမ်းချဉ်သီးနှံစိုက်ပျိုးသော အဖွဲ့ (၆)ဖွဲ့၊ စုစုပေါင်း တောင်သူ (၈၁)ဦးတို့ကို ပေးအပ်နိုင်ခဲ့ပြီး လက်ဖက်သီးနှံစိုက်ပျိုးသူ တောင်သူ(၁)ဦး၊ ယနေ့တွင် မိုးစပါး စိုက်ပျိုး ထုတ်လုပ်သူ တောင်သူအဖွဲ့ (၁၄)ဖွဲ့၊ ငရုပ်သီးနှံစိုက်ပျိုးထုတ်လုပ်သူ တောင်သူအဖွဲ့(၄)ဖွဲ့နှင့် (၅)ဦး၊ မြေပဲသီးနှံ စိုက်ပျိုးထုတ်လုပ်သူ တောင်သူအဖွဲ့ (၁)ဖွဲ့နှင့် အစေ့ထုတ်ပြောင်းသီးနှံ စိုက်ပျိုးထုတ်လုပ်သူ တောင်သူအဖွဲ့(၄)ဖွဲ့ တို့ကို GAP အသိအမှတ်ပြုလက်မှတ်ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်ဦးကြိုင်မှ မြန်မာ (GAP) အသိအမှတ်ပြုလက်မှတ်ပေးအပ်ခြင်းနှင့် သီးနှံအလိုက်စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်း GAP သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြကာ တောင်သူများအား မြန်မာ (GAP) အသိအမှတ်ပြု လက်မှတ်များကို ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်နှင့် တာဝန်ရှိသူတို့က အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။

စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများသင်တန်းတွင် အဓိကပို့ချမည့်အကြောင်းအရာများမှာ သီးနှံ များ ထုတ်လုပ်သည့်အခါ ဘေးအန္တရာယ်ကင်းရှင်းစွာ ထုတ်လုပ်နိုင်ရန်အတွက် လိုက်နာရမည့်စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ GAP နှင့်ပတ်သက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စိုက်ပျိုးသူ တောင်သူများ၊ GAP လက်မှတ်လျှောက်မည့်တောင်သူများအတွက် သင်တန်းများ ပို့ချသွားမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်တွင် သီးနှံထုတ်လုပ်မှု အားအကောင်းဆုံးဖြစ်၍ GAP ပတ်သက်သည့်သင်တန်းများကို ရှမ်းပြည်နယ်အတွင်းရှိ တောင်သူများကို ဆက်လက်ပို့ချသွားမည် ဖြစ်ကြောင်း ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝသီးနှံဌာနခွဲမှ ဦးစီးအရာရှိ ဒေါက်တာ ဝဏ္ဏထွန်းက ပြောသည်။

မောင်မောင်သန်း (တောင်ကြီး)

ခရိုင်(ပြန်/ဆက်)ဦးစီးဌာန

၀၉၂၅၀၁၃၂၉၄၃

တောင်ကြီး ဇန်နဝါရီ - ၃၁

new 804

ရှမ်းပြည်နယ်၏ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာနှစ်၊ ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာအချက်အလက်များ စာစောင် (Citizen's Budget) မိတ်ဆက်ရှင်းလင်းပွဲကို ဇန်နဝါရီ ၃၁ ရက်၊ နံနက် ၉ နာရီခွဲက တောင်ကြီးမြို့၊ Tauinggyi City Hotel ၌ ကျင်းပကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်အစိုးရအနေဖြင့် အစိုးရ၏ လုပ်ငန်းတာဝန်များ၊ ရငွေနှင့်အသုံးစရိတ်များကို ပြည်သူလူထုပိုမိုသိရှိနားလည်စေရန် တာဝန်ယူ၊ တာဝန်ခံမှုရှိသည့် အစိုးရစနစ်တစ်ရပ်ဖြစ်စေရန်စသည့် အကျိုးရလဒ်များ ဖြစ်ထွန်းစေရေးကို ရှေးရှုပြီး ပြည်နယ်၏ ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာအချက်အလက်များစာစောင် (Citizen's Budget)ကို ထုတ်ဝေရခြင်းဖြစ်ကြောင်း၊ ၂၀၁၈- ၂၀၁၉ ခုနှစ်အတွက် ပြည်နယ်ရသုံးခန့်မှန်းခြေငွေစာရင်းစာစောင်ကို ထုတ်ဝေနိုင်ခြင်းသည် ဘဏ္ဍာရေး ဆိုင်ရာ ပွင့်လင်းမြင်သာမှု၊ အစိုးရလုပ်ငန်းများတွင် ပြည်သူလူထုကို ပါဝင်စေလိုမှုစသည့် အလေ့အကျင့်ကောင်းများ ဖြစ်ထွန်းအောင်မြင်လာအောင် ပြည်နယ်အစိုးရက ဆောင်ရွက်လျက်ရှိနေသည်ကို ဖော်ညွှန်းခြင်းဖြစ်ကြောင်း၊ ပြည်နယ်၏ ပြည်သူ့ဘဏ္ဍာရေးစနစ် ပိုမိုခိုင်မာအားကောင်းလာရေး၊ ပြည်သူ့ထံမှ ဖြစ်တည်သော ပြည်သူ့အတွက် ဖြစ်သော ပြည်နယ်ဘတ်ဂျက်ဖြစ်ရေး၊ ပွင့်လင်းမြင်သာမှုပိုမိုခိုင်မာအားကောင်းပြီး ပြည်သူများပါဝင်နိုင်စွမ်းရှိသော၊ ပါဝင်နိုင်ခွင့်ရှိသော မူဝါဒရေးဆွဲမှုများ၊ အစိုးရအသုံးစရိတ်သုံးစွဲမှုများ ဖြစ်စေရေးတို့အတွက် အားထုတ်လုပ်ဆောင် ရမည့် လုပ်ငန်းစဉ်တွင် အတူတကွပူးပေါင်းဆောင်ရွက်နိုင်ကြရန် အမှာစကား၌ ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ Renaissance Institute မှ ဥက္ကဌ ဦးမျိုးမြင့် တို့က အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားကြပြီး အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ၊ ပြည်နယ်ဝန်ကြီးများ၊ ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး)

ခရိုင် (ပြန်/ဆက်)ဦးစီးဌာန

၀၉၂၅၀၁၃၂၉၄၃

တောင်ကြီး ဇန်နဝါရီ - ၁၅

new 808

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကော်မတီနှင့် Myanmar Commercial Development Co.,Ltdတို့ လုပ်ငန်းသဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲကို ဇန်နဝါရီ ၁၅ နံနက် ၁၁ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံးအစည်းအဝေးခန်းမ၌ကျင်းပကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က Myanmar Commercial Development Co.,Ltd သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ ပန်ခမ်းကျေးရွာ၊ ပန်ခမ်း(မြောက်)၊ ကွင်းအမှတ်(၂)၊ မြေကွက်အမှတ်(၃၃/၃၄/၃၅)ရှိ မြေ ၁၃.၇၆ ဧကတွင် Operation and management of Hotel and Resort Business လုပ်ငန်းစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ ၎င်းစီမံကိန်းနှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပုံမှန်အစည်းအဝေးခွင့်ပြုချက်အရ လုပ်ထုံး၊ လုပ်နည်းနှင့်အညီ အဆင့်ဆင့်ဆောင်ရွက်ပြီး ယခုလိုသဘောတူညီမှုစာချုပ်ကို ချုပ်ဆိုရခြင်းဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းဆောင်ရွက်ခြင်းဖြင့် ဒေသဆိုင်ရာစီးပွားရေးအခွင့်အလမ်းများ တိုးတက်လာပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေနိုင်မည်ဖြစ်၍ ရင်းနှီး မြုပ်နှံမှုကဏ္ဍ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ Myanmar Commercial Development Co.,Ltd သည် Operation and management of Hotel and Resort Business လုပ်ငန်းစီမံကိန်း တည်ဆောက်မှုအတွက် အမေရိကန်ဒေါ်လာသန်း(၅၀)ကို ကျခံသုံးစွဲရင်းနှီးမြုပ်နှံပြီး စီမံကိန်းဧရိယာ (၁၃.၇၆)ဧကအနက် လုပ်ငန်းသုံးဆောက်လုပ်နိုင်မည့်နေရာ ဧရိယာ (၃.၇၉)ဧက အပေါ်တွင် ၁ စတုရန်းပေလျင် ကျပ် (၅၀၀၀)နှုန်းဖြင့် သတ်မှတ်တွက်ချက်ကာ ၁၅%ကို စီမံကိန်းအကောင်အထည်ဖော်ခွင့် ပြု သူမှ အကျိုးအမြတ်ရရှိမည်ဖြစ်၍ ဒေသခံပြည်သူ ကျွမ်းကျင်လုပ်သား (၃၁၉)ဦးခန့်နှင့် အခြေခံလုပ်သား (၁၁၃)ဦးခန့်တို့ကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်းပြောကြားသွားသည်။

Myanmar Commercial Development Co.,Ltd လုပ်ငန်းသဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းနှင့် ပတ်သက်၍ မန်နေဂျာ ဦးဝင်းအောင်စိုးမှ ရှင်းလင်းရာ စီမံကိန်းတည်ဆောက်ရေးကာလမှာ (၃)နှစ်ဖြစ်ပြီး၊ ပြည်တွင်းအလုပ် အကိုင်အနေဖြင့် (၅၇၆)ဦးကို အလုပ်အကိုင်ရှာဖွေပေးနိုင်မည်ဖြစ်၍ နိုင်ငံတော်သို့ နှစ်စဉ်ဝင်ငွေခွန်နှင့် ကုန်သွယ်ခွန်များလည်း ပေးဆောင်သွားနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းအကောင်အထည်ဖော်ပြီးပါက မြန်မာနိုင်ငံဘက်မှ စီးပွားရေးလုပ်ငန်းရှင် များသည် တရုတ်နိုင်ငံသို့ စီးပွားရေးကိစ္စရပ်များအတွက် သွားရောက်ရာတွင် တရုတ်နိုင်ငံတွင် တည်းခိုစရာမလိုဘဲ မိမိနိုင်ငံ တွင်သာ တည်းခိုနိုင်ခြင်း၊ နိုင်ငံတော်အဆင့်ရှိ စီးပွားရေးဖိုရမ်များနှင့် နယ်စပ်ကုန်သွယ်ရေးအစည်းအဝေးများကိုလည်း ဟိုတယ်တွင် လက်ခံကျင်းပနိုင်ခြင်း၊ နိုင်ငံတော်နှင့် ရှမ်းပြည်နယ်၏ လူမှုရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး တိုးတက် ကောင်းမွန်ရန်အတွက် ၎င်းစီမံကိန်းမှ အထောက်အကူပြုမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသွားသည်။

ဆက်လက်၍ လုပ်ငန်းသဘောတူစာချုပ်လက်မှတ်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဒေသန္တရဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းကော်မတီနှင့် Myanmar Commercial Development Co.,Ltdတို့ ရေးထိုးကြပြီး၊ စာချုပ်များအပြန်အလှန် လဲလှယ်ကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

ခရိုင်(ပြန်/ဆက်)

၀၉-၂၅၀၁၃၂၉၄၃

နောက်ထပ်သတင်းများဖတ်မည်