We have 430 guests and no members online

တောင်ကြီး ဖေဖော်ဝါရီ - ၂၀

new 800

ရှမ်းပြည်နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီ အမှတ်စဉ်(၂/၂၀၁၉) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ(၂၀)ရက် နံနက် ၉ နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ ဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် ၂၁/၂၀၁၉ ဖြင့် ပြင်ဆင်ဖွဲ့စည်းထားရှိပြီဖြစ်ကြောင်း၊ တိုင်ကြားစာစိစစ်ချက်များတွင် အသုံးပြုရန်လိုအပ်ချက်အရ မစွန့်လွှတ်သည့် ကိစ္စရပ်များအပေါ်တွင် ချမှတ်ထားသော မူဝါဒများနှင့် ကိုက်ညီမှုရှိ/ မရှိ အသေးစိတ် စိစစ်ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ ဥပဒေနှင့် ညီညွှတ်မှုမရှိဘဲ သိမ်းဆည်းပြီးအချိန်ထိ အသုံးပြုခြင်း မရှိဘဲ နောင်တွင်အသုံးပြုရန်ရှိနေသည့် လုပ်ငန်းဆောင်ရွက်ရန်ရှိနေသည်မှာ မူဝါဒနှင့် ဆန့်ကျင်နေပါကြောင်း၊ နိုင်ငံတော်က ချမှတ်ထားသော မူဝါဒလမ်းစဉ်များနှင့် အညီ အလေးထားလိုက်နာကာ စိစစ်ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ မူဝါဒများကို ပီပီပြင်ပြင် အကောင်အထည်ဖော်ဆောင်ရွက်ပေးကြရန် နိုင်ငံတော်သမ္မတကြီးက လမ်းညွှန်မှာကြားခဲ့ပြီးဖြစ်ကြောင်း၊ ယခင် မြေအသုံးချမှု စီမံခန့်ခွဲရေးဗဟိုကော်မတီလက်ထက် အစီရင်ခံစာ အပိုင်း (၁) မှ (၁၈) ထိ မြေယာကိစ္စတိုင်ကြားစာ အမှုပေါင်း (၂၃၃၃)မှုနှင့် ပတ်သက်ပြီး အစီရင်ခံစာအပိုင်းအလိုက်၊ အမှုတစ်ခုချင်းအလိုက် စိစစ်တွေ့ရှိချက် အခြေအနေများကို လယ်ယာ မြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီသို့ သွားရောက်စိစစ်ရှင်းလင်း ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယခုလယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီက ပေးပို့လာသော အမှုတွဲပေါင်း (၅၂၄)မှုအပေါ် ခရိုင်မြေ/စစ်ကော်မတီများက စိစစ်တင်ပြရန် ကျန်ရှိနေသော အမှုကိစ္စပေါင်း (၁၂၂)မှုကို ဗဟိုကော်မတီက ချမှတ်ထားသော မူဝါဒများ၊ လမ်းစဉ်များနှင့်အညီ မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန် စိစစ်ဖြေရှင်း ဆောင်ရွက်ပေးကြရန် ပြောကြားလိုကြောင်း၊ အသုံးပြန်ရန်လိုအပ်မှုမရှိသဖြင့် ပြန်လည်စွန့်လွှတ်သည့်မြေယာများကို သက်ဆိုင်သူများလက်ဝယ်သို့ လွှဲပြောင်းပေးအပ်ရန် ကျန်ရှိသော အမှုကိစ္စပေါင်း (၈)မှု စွန့်လွှတ်မြေဧရိယာ(၁၂၃၈.၆၇၂)ဧကကို အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး ကော်မတီအဆင့်ဆင့်အနေဖြင့် အထူးကြိုးပမ်းဆောင်ရွက်ပေးစေရန်နှင့် ဌာန အချင်းချင်းလွှဲပြောင်းရန်အတွက် ပြန်လည်စွန့်လွှတ်သည့် မြေများကိုလည်း သက်ဆိုင်ရာဌာနအမည်ပေါက် လျှောက်ထား ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများကို အသိပေးအကြောင်းကြား ဆောင်ရွက်သွားကြရန် ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အဖွဲ့ဝင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က ရှမ်းပြည်နယ်အတွင်း မြေယာကိစ္စတိုင်ကြားစာများအပေါ် ဖြေရှင်းဆောင်ရွက်မှုအခြေအနေနှင့် စွန့်လွှတ်မြေများကို မူလ တောင်သူများထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး၊ ရှမ်းပြည်နယ်အတွင်းရှိ ခရိုင် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေ များကို ခရိုင်အလိုက်ရှင်းလင်းတင်ပြကာ တက်ရောက်လာသူများမှ အထွေထွေဆွေးနွေးကြ၍ ရှမ်းပြည်နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ ဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

နမ့်ဆန် ဖေဖော်ဝါရီ - ၂၀

new 799

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံ့ဆိုင်း၊ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ ပြည်နယ်ဥပဒေချုပ် ဦးတင်ဦးနှင့်အဖွဲ့သည် ဖေဖော်ဝါရီ ၁၇ ရက်နှင့် ၁၈ ရက်နေ့များတွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ နမ့်ဆန်မြို့နယ်နှင့် မန်တုံ မြို့နယ်များသို့ ဒေသဖွံ့ဖြိုးရေးကွင်းဆင်းစစ်ဆေးပြီး တာဝန် ရှိသူများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ၎င်းတို့၏တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးခဲ့ကြောင်းသိရသည်။

အဆိုပါခရီးစဉ်အတွင်း နမ့်ဆန်နှင့် မန်တုံမြို့နယ်များအတွက် ပြည်နယ်လူမှုရေးဝန်ကြီးမှ ဗလာ စာအုပ် ဒါဇင်(၂၀၀)စီနှင့် အားကစားပစ္စည်းများအားလည်းကောင်း၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးမှ ရေပိုက်များအားလည်းကောင်း၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးမှ မူကြိုကျောင်းသုံး အထောက် အကူပြုပစ္စည်းများအား လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

အစရ(ရှမ်း)

တောင်ကြီး ဖေဖော်ဝါရီ - ၁၃

new 801

မြန်မာနိုင်ငံဆရာဝန်အသင်း(တောင်ကြီး)၏ (၁၉)ကြိမ်မြောက် နှစ်ပတ်လည်ညီလာခံဖွင့်ပွဲကို ဖေဖော်ဝါရီ (၁၃)ရက် နံနက် ၈ နာရီက တောင်ကြီးမြို့၊ မြန်မာနိုင်ငံဆရာဝန်အသင်းခန်းမ၌ကျင်းပကြောင်းသိရသည်။

(၁၉)ကြိမ်မြောက် နှစ်ပတ်လည်ညီလာခံဖွင့်ပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် မြန်မာနိုင်ငံဆရာဝန်အသင်း(ဗဟို) ဒုတိယဥက္ကဌပါမောက္ခချုပ် ဒေါက်တာ အေးအောင် တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် ဆေးနှင့်ဆေးပစ္စည်းပြခန်းများအား လှည့်လည်ကြည့်ရှုကြသည်။

ဆက်လက်၍ ခန်းမအတွင်း၌ ဆရာဝန်များ၏ အဓိဌာန်ပြုကတိသစ္စာအား စုပေါင်းရွတ်ဆိုကြပြီး၊ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က မြန်မာနိုင်ငံဆရာဝန်အသင်း(တောင်ကြီး)၏ နှစ်ပတ်လည်ညီလာခံကို စဉ်ဆက်မပြတ် စည်ကားသိုက်မြိုက်စွာ ကျင်းပလာသည်မှာ (၁၉)ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း၊ နှစ်ပတ်လည်ညီလာခံနှင့်အတူ ဆေးပညာ ဖွံ့ဖြိုးရေး စာတမ်းဖတ်ပွဲများ၊ ဆရာဝန်များအချင်းချင်း ရင်းနှီးချစ်ကြည်မှုရရှိစေပြီး၊ အားကစားပြိုင်ပွဲများ၊ ဆေးကုမ္ပဏီ အသီးသီးမှ နောက်ဆုံးပေါ်ဆေးဝါးနှင့် ဆေးပစ္စည်းပြခန်းများနှင့် မြိုင်မြိုင်ဆိုင်ဆိုင်ကျင်းပသည်ကို သိရပါကြောင်း၊ ညီလာခံတွင် အနယ်နယ်အရပ်ရပ်မှ ပညာရှင်ဆရာကြီး၊ ဆရာမကြီးများမှ စာတမ်းများဖတ်ကြားသွားမည်ဖြစ်၍ ဆွေးနွေးပွဲမှ ရရှိလာမည့်ရလဒ်များသည် ရှမ်းပြည်နယ်ရှိ ပြည်နယ်သူ၊ ပြည်နယ်သားများကို ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် များစွာ အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဦးတည်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဟုမျှော်လင့်ပါကြောင်း၊ ဒေသတွင်း ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဌာနများ အသီးသီးပေါင်းစပ်၍ ဆောင်ရွက်လျှက်ရှိ ပါကြောင်း၊ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ကျန်းမာရေးဝန်ကြီးဌာနမှ ရှမ်းပြည်နယ်အတွင်းရှိ ဆေးရုံများနှင့် ကျန်းမာရေးဌာနများအတွက် တင်ဒါစနစ်ဖြင့် ဆေးဝါးများဝယ်ယူရန် ရန်ပုံငွေစုစုပေါင်း (၁၈၃၄)သန်းကျော် ခွဲဝေချထားပေးပြီး ဖြစ်၍ ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် စနစ်တကျ တင်ဒါခေါ်ယူကာ အောင်မြင်သော ဆေးကုမ္ပဏီများမှ တဆင့် ဆေးရုံများ၊ ကျန်းမာရေးဌာနများအရောက် ဖြန့်ဖြူးထောက်ပံ့ပေးနေသည်ကိုအသိပေးလိုကြောင်း၊ အထွေထွေရောဂါကု ဆရာဝန်များသည် မြို့ပြ၊ ကျေးလက်နေရာအနှံ့တွင် ပြည်သူများနှင့် အနီးဆုံးနေရာတွင် ရှိနေသည့်အတွက် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုပေးသည့် ကဏ္ဍတွင် ကူညီဆောင်ရွက်ပေးကြရန်သာမက ရောဂါတိုက်ဖျက်ရေးနှင့် ကျန်းမာရေး ပညာပေးခြင်း လုပ်ငန်းများကို ပူးပေါင်းပါဝင်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသွားသည်။

ထို့နောက် မြန်မာနိုင်ငံဆရာဝန်အသင်း(ဗဟို) ဒုတိယဥက္ကဌပါမောက္ခချုပ် ဒေါက်တာ အေးအောင်က အမှာစကား ပြောကြားသည်။ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း(ဗဟို) ဒုဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံဆရာဝန်အသင်းဝင်များ တက်ရောက်ကြပြီး၊ အခမ်းအနားကို ဖေဖော်ဝါရီ (၁၃)ရက်မှ (၁၆)ရက်နေ့အထိကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

ခရိုင် ပြန်/ဆက်

09250132943

သီပေါ ဖေဖော်ဝါရီ -၂၀

new 798

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူတို့သည် ဖေဖော်ဝါရီ ၁၉ ရက်နေ့က သီပေါမြို့၊ နောင်ချိုမြို့၊ ကျောက်မဲမြို့ များသို့သွားရောက်ကာ ကျန်းမာရေး၊ အားကစားကွင်း ဆိုင်ရာတည်ဆောက်ရေး လုပ်ငန်းခွင်များသို့ တာဝန်ရှိသူများနှင့်အတူ သွားရောက်စစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး၊စံချိန်စံညွှန်းပြည့်မီရေး၊ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေး ကိစ္စရပ်များကို တည်ဆောက်ရေး ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အကြီးအကဲများ တို့အား မှာကြားခဲ့ကြောင်းသိရသည်။

ထို့နောက် ပြည်နယ်လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူတို့သည် စည်ပင်သာယာရေးနှင့် ကျန်းမာရေး ဌာနတို့မှ သန့်ရှင်းရေးဝန်ထမ်းများအား သီပေါဆေးရုံမှ ကာကွယ်ဆေးထိုးနှံပေးမှုအား ကြည့်ရှု အားပေးခဲ့ပြီး၊ နောင်ချိုမြို့နယ်မှ ကျန်းမာရေး ဝန်ထမ်းများနှင့် တွေ့ဆုံကာ ပြည်သူလူထုယုံကြည် အားကိုးသည့် ဆေးရုံ၊ ဆေးခန်းများဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရှိရသည်။

အစရ(ရှမ်း)

တောင်ကြီး ဖေဖော်ဝါရီ - ၁၂

new 802

(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ဖေဖော်ဝါရီ ၁၂ ရက် နံနက်(၈)နာရီက ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့၊ အဝေရာ မီးပုံးပျံကွင်း၌ ကျင်းပကြောင်း သိရသည်။

ပထမဦးစွာစစ်ရေးပြတပ်ခွဲက စစ်ကြောင်းဖြင့် ချီတက်နေရာယူပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်အား အလေးပြုကာ နိုင်ငံတော်အလံကို အလေးပြု၍ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီး များအား အလေးပြုပြီး သစ္စာ(၄)ချက်ရွတ်ဆိုကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတဦးဝင်းမြင့်ထံမှပေးပို့သော (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာကို ဖတ်ကြားပြီး ရှမ်းပြည်နယ်အတွင်း ထူးချွန်စွာဆောင်ရွက်ခဲ့သူများအား ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများပေးအပ်ရာ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာထူးချွန်ဆု၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာထူးချွန်ဆု၊ လူမှုထူးချွန်ဆု၊ သာသနာရေးထူးချွန်ဆု၊ ၂၀၁၈ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ ကြေးတံဆိပ်ရရှိသူများ၊ ၂၀၁၈ ခုနှစ် မြန်မာနိုင်ငံ မသန်စွမ်းနှင့် ဉာဏ်ရည်မမှီသူများ အားကစားပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ ကြေးတံဆိပ်ရရှိသူများ၊ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ မြို့ တွင် ကျင်းပသော (၄)ကြိမ်မြောက် အာဆီယံ အော်တစ်စင်ဂိမ်း မီတာ (၁၀၀)အပြေးပြိုင်ပွဲ၊ မြှားတစ်ဦးချင်းနှင့် နှစ်ဦးတွဲပြိုင်ပွဲ ဆုရရှိသူများ၊ (၁၉)ကြိမ်မြောက် Asian University Games (AUG) တွင် ဆုရရှိသူများ၊ မလေးရှားနိုင်ငံ(၁၀)ကြိမ်မြောက် အာဆီယံကျောင်းသားများ ပြေးခုန်ပစ်ပြိုင်ပွဲ၊ မီတာ(၅၀၀၀)လမ်းလျှောက်ပြိုင်ပွဲဆုရရှိသူများအား ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ်လူမှုရေးဝန်ကြီးတို့က အသီးသီးဆုများချီးမြှင့်ပေးကြပြီးနောက် ပြည်နယ် ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူတို့သည် ကွင်းအတွင်းခင်းကျင်းပြသထားသော ဌာနဆိုင်ရာအသီးသီး၏ ပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးကြကြောင်းသိရှိရသည်။

အဆိုပါ(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်နှင့် ဇနီး၊ ပြည်နယ်လွှတ်တော် ဥက္ကဌ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ အဆင့်ဌာနဆိုင်ရာများ၊ တိုင်းရင်းသားငြိမ်းချမ်းရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ စစ်ရေးပြတပ်ဖွဲ့များနှင့် ဂုဏ်ပြုဘင်ခရာတပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ၊ ဖိတ်ကြားထား သူများ စုစုပေါင်းအင်အား (၂၅၀၀)ကျော်တက်ရောက်ကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

ခရိုင် ပြန်/ဆက်

နောက်ထပ်သတင်းများဖတ်မည်