We have 129 guests and no members online

မိုင်းပျဉ်း ဇန်နဝါရီ - ၁၀

new 812

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒေသဖွံ့ဖြိုးရေးခရီးစဉ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်းမှ မိုင်းပျဉ်းမြို့နယ်နှင့် မက်မန်းမြို့နယ်တို့မှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအား ကျိုင်းတုံတက္ကသိုလ်မှ ပါမောက္ခဆရာ/ဆရာမများမှ အထောက်အကူပြုသင်တန်းပို့ချနေမှုအား ဇန်နဝါရီ ၈ ရက်သွားရောက်အားပေးခဲ့ကြောင်း၊ ဇန်နဝါရီ ၉ ရက် နံနက် ၉ နာရီက အထက(မိုင်းပျဉ်း)တွင် မိုင်းပျဉ်းမြို့နယ်နှင့် မက်မန်းမြို့နယ်တို့မှ ပညာရေးဝန်ထမ်း များအား တွေ့ဆုံခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်းသိရသည်။

ထို့နောက်ပြည်နယ်လူမှုရေးဝန်ကြီးမှ ဗလာစာအုပ်နှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများမှ လက်ခံရယူခဲ့ကြောင်း သိရသည်။

အစရ(ရှမ်း)

တောင်ကြီး ဇန်နဝါရီ - ၉

new 815

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ အမှတ်(၁၈)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)သို့ AUNG KENBO Group Companies Limited မှ KENBO (CBR-150) အမျိုးအစား ရှေ့ပြေး မီးတန်းဆိုင်ကယ်(၅)စီးပေးအပ် လှူဒါန်းခြင်းကို ဇန်နဝါရီ(၈)ရက်က တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ အမှတ်(၁၈)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ (ရှမ်း/တောင်) ရုံး၌ ကျင်းပကြောင်းသိရသည်။

ယာဉ်ထိန်းရဲတပ်ဖွဲ့အနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အဓိကလုပ်ငန်းတာဝန် (၂)ရပ်ဖြစ်သော Top Protect And To Serve The People ဆိုသည့် ပြည်သူကို အကာအကွယ်ပေးရန်နှင့် ကူညီစောင့်ရှောက်ရန်တို့အပြင် ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ရည်မှန်းချက် တာဝန်(၅)ရပ်အနက် နံပါတ်(၃)နှင့် နံပါတ်(၅)အချက်များဖြစ်သော ယာဉ်စည်းကမ်းထိန်းသိမ်းကြပ်မတ်ခြင်း၊ အရေးကြီးပုဂ္ဂိုလ်ယာဉ်တန်း၊ ဧည့်သည်တော်ယာဉ်တန်းများနှင့် နိုင်ငံတော်အဆင့် အခမ်းအနားများတွင် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ဆောင်ရွက်ပေးရန်ဆိုသည့် ရည်မှန်းချက်တာဝန်ကို ဆောင်ရွက်ပေးနေသည်ကို တွေ့ရမှာဖြစ်ကြောင်း၊ ယာဉ်ထိန်းရဲတပ်ဖွဲ့များအနေဖြင့် ရှေ့ပြေးဆိုင်ကယ်များ၊ ရှေ့ပြေးမီးတန်းယာဉ်များအသုံးပြုပြီး အရေးကြီးပုဂ္ဂိုလ် ယာဉ်တန်း လုံခြုံရေး၊ ဧည့်သည်တော်ယာဉ်တန်းလုံခြုံရေးနှင့် အခမ်းအနားများတွင် ယာဉ်တန်းလုံခြုံရေးအတွက် ဆောင်ရွက်ပေးနေသလို အရေးပေါ်အခြေအနေဖြစ်သည့် မီးလောင်ခြင်း၊ ယာဉ်ကြောပိတ်ဆို့ခြင်း၊ လူစီတန်းလှည့်လည်အခမ်းအနားများတွင် ယာဉ်လမ်း ရှင်းပေးခြင်း၊ လမ်းပိတ်လမ်းလွှဲများတွင်လည်း ရှေ့ပြေးမီးတန်းဆိုင်ကယ်များကို အသုံးပြု၍ တာဝန်ယူဆောင်ရွက်နေသည်ကို တွေ့ရမှာဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးက ပြောကြား သွားသည်။

AUNG KENBO Group Companies Limited မှ ကိုယ်စားလှယ်ဦးဌေးအောင်က KENBO (CBR-150) အမျိုးအစား ရှေ့ပြေး မီးတန်းဆိုင်ကယ်(၅)စီးအားပေးအပ်လှူဒါန်းခြင်းနှင့်ပက်သတ်၍ ရှင်းလင်းပြောကြားပြီး ဆိုင်ကယ်များ ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ခေတ္တပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးစောနေလင်းက လက်ခံရယူ၍ ဂုဏ်ပြု မှတ်တမ်းလွှာပြန်လည်ပေးအပ်ကာ အမှတ်(၁၈)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရဲမှူးမျိုးဇော်အောင်က ကျေးဇူးတင်စကားပြန်လည် ပြောကြား၍ ပြည်နယ်ဝန်ကြီးနှင့်တက်ရောက်လာသူများက လှူဒါန်းသော KENBO (CBR-150) အမျိုးအစား ရှေ့ပြေး မီးတန်းဆိုင်ကယ်များအား လှည့်လည်ကြည့်ရှုကြကြောင်းသိရသည်။

တောင်ကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့အနေဖြင့် ယခင်က ဆူဇူကီးဆိုင်ကယ်(၃)စီး၊ LIFAN ဆိုင်ကယ် (၄)စီး၊ XGJAO ဆိုင်ကယ်(၂)စီး၊ ပေါင်း(၉)စီးသာရှိ၍ ယခုလိုအပ်လျှက်ရှိသော ရှေ့ပြေးမီးတန်းဆိုင်ကယ်များကို တပ်ဖွဲ့ပိုင်အဖြစ် KENBO (CBR-150) ဆိုင်ကယ်(၅)စီးလှူဒါန်းသည့်အတွက် စုစုပေါင်းဆိုင်ကယ်(၁၄)စီးရှိပြီဖြစ်ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

တောင်ကြီး ဇန်နဝါရီ - ၇

new 816

၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ ရှမ်းပြည်နယ်ပညာရေးစုံညီပွဲတော်ဖွင့်ပွဲကို ဇန်နဝါရီ ၅ ရက်က တောင်ကြီးမြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ စိန်မြင်းမိုရ်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

ပညာရေးစုံညီပွဲတော်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း၊ ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးဝင်းမောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးပြီး ကျောင်းသား၊ ကျောင်းသူများ၏ ဘင်ခရာ၊ ပန်းပွား၊ ရိုးရာအက၊ ကာယလှုပ်ရှားစွမ်းအင်ပြသနေခြင်း၊ ပညာရေးစုံညီပွဲတော်ပြခန်းမအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က လှည့်လည်ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက စုံညီပွဲတော် တို့နွှဲပျော် သီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ပေးပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က နိုင်ငံတော်သည် ပညာအရာတွင် ထူးချွန်ထက်မြက်ပြီး အတွေးအခေါ်ခံယူချက် မြင့်မားသော လူငယ် များကို ပြုစုပျိုးထောင်နေသည့်အချိန်တွင် ယခုလိုကျောင်းသား၊ ကျောင်းသူများအား တစ်စုတစ်စည်းတည်း စုံစုံညီညီနှင့် စုံညီပွဲတော်တွင် ပါဝင်ဆင်နွှဲနေမှုကို မြင်တွေ့ရသည့်အတွက် ကျေနပ်အားရမိပါကြောင်း၊ မိဘ၊ ဆရာနှင့် ကျောင်းသားများ စည်းလုံးညီညွတ်စွာဖြင့် ပညာရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်နေကြသည်မှာ စုံညီပွဲတော် ကျင်းပရသည့် ရည်ရွယ်ချက်ကို အကောင်အထည်ဖော်နေမှုဖြစ်ပြီး တစ်နှစ်တာကာလအတွင်း ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံဖြိုးသည့် ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုချီးမြှင့်ရခြင်းဖြစ်ကြောင်းနှင့် ဘက်စုံဖွံ့ဖြိုးသည့် ကျောင်းသား၊ ကျောင်းသူများကို အစဉ်မပြတ်ပြုစုပျိုးထောင်ပေးရန်လိုအပ်ပါကြောင်း၊ မိဘများအနေဖြင့် မိမိ သားသမီးများ ပညာရေးအတွက် ကျောင်းအုပ်ကြီး၊ ဆရာ/ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ လူမှုရေးစိတ်ဓာတ်များ ပြည့်ဝလာရေးအတွက် ကျောင်းသန့်ရှင်းရေးလုပ်ငန်းများနှင့် ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် မိဘများအနေဖြင့် တိုက်တွန်းအားပေးရုံသာမကဘဲ မိမိတို့ကိုယ်တိုင်က မိဘဆရာ အသင်း ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများတွင် စိတ်အားထက်သန်စွာ ပူးပေါင်းဆောင်ရွက်ပေးသွားကြရန် ပြောကြား သွားသည်။

ပြည်နယ်အဆင့်ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူလေးများအား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်နှင့် တာဝန်ရှိသူတို့က ဆုချီးမြှင့်ပေးပြီး ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးဝင်းမောင်က ပညာရေး ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများအား ရှင်းလင်းတင်ပြကာ အမှတ်(၇)အခြေခံပညာအထက်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ဇာတိမာန်သီချင်းရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။

အဆိုပါအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်/ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မိဘဆရာအသင်းမှ ပုဂ္ဂိုလ်များ၊ ဖိတ်ကြား ထားသည့် ဧည်သည့်တော်များ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ၊ ဆုရကျောင်းသာ/ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။

မောင်မောင်သန်း (တောင်ကြီး)

ခရိုင်(ပြန်/ဆက်)ဦးစီးဌာန

၀၉၂၅၀၁၃၂၉၄၃

တောင်ကြီး ဇန်နဝါရီ - ၉

new 814

အရှေ့မြောက်တံခါးအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်မှ သစ်သီးဝလံလက္ကားအရောင်းကွင်း တည်ဆောက်ရေး စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရန်ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ကြား သဘောတူညီမှုစာချုပ် (MoA)လက်မှတ် ရေးထိုးပွဲကို ဇန်နဝါရီ ၉ ရက် မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ကျင်းပကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က မိမိဒေသတံခါးကို စီးဆင်းလာကြမည့် သစ်သီး ကုန်ပစ္စည်းများ ဝင်ရောက်လာသည့်အတွက် အကျိုးရှိပါကြောင်း၊ ကုမ္ပဏီ၏စီးပွားရေးလုပ်ငန်းအပြင် ကျေးလက်ဒေသရှိ ပြည်သူများအတွက် အကျိုးရှိပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်းရရှိလာမည်ဖြစ်ကြောင်း၊ ကုမ္ပဏီအနေဖြင့် လုပ်ငန်း ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရန်နှင့် နိုင်ငံတော်အတွက် အကျိုးရှိလှမည်ဖြစ်ကြောင်း ပြောကြားသွားသည်။

အရှေ့မြောက်တံခါးအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် ဥက္ကဌ ဦးစိုင်းဝင်းထွန်းမှ သဘောတူညီမှုစာချုပ် (MoA)လက်မှတ်ရေးထိုးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းရာ နွေမှာဖရဲ၊ မိုးမှာသရက်၊ ဆောင်းမှာလိမ္မော် တနှစ်ပတ်လုံး သစ်သီးဝလံလုပ်ငန်းဖြင့် နှစ်ပေါင်း (၃၀)ကျော်ကြာမြင့်ပြီဖြစ်ကြောင်း၊ ယခင်ကရောင်းကွင်းမရှိသည့်အတွက် ကားလမ်း ပေါ်တွင်အရောင်းအဝယ်ပြုလုပ်နေရာ တစ်နေ့လျှင် သစ်သီးကား အစီးရေ (၅၀၀)မှ (၁၀၀၀)ကြားရှိရာ လမ်းပိတ်ဆို့မှုနှင့် သစ်သီးများ နစ်နာမှုရှိခဲ့ကြောင်း၊ အဆိုပါနစ်နာမှုများမရှိစေရန်အတွက် ယခုဧက(၃၀)ရှိ သစ်သီးအရောင်းကွင်းကို ၂၀၁၆ ခုနှစ် မှစတင်ပြီးဖော်ထုတ် ယခုဆိုလျှင် ကားအစီးရေ (၁၀၀၀)ခန့် ကောင်းမွန်စွာရပ်နားနိုင်ပြီဖြစ်ကြောင်း၊ ယခုလိုသစ်သီးအရောင်းကွင်းတည်ဆောက်နိုင်သည့်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ အရှေ့မြောက်တံခါး အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ သဘောတူညီမှုစာချုပ် (MoA)လက်မှတ်ရေးထိုးကြပြီး စာချုပ်များအပြန်အလှန်လဲလှယ်ကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

ခရိုင် ပြန်/ဆက်

တောင်ကြီး ဇန်နဝါရီ - ၄

new 817

(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ဇန်နဝါရီ(၄)ရက် နံနက်(၄)နာရီ မိနစ်(၂၀)က တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်း၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား တိုင်အပြည့် လွှင့်ထူပေးပြီး နောက် တာဝန်ရှိသူများမှ နိုင်ငံတော်အလံအား အလေးပြုကြသည်။ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ နယ်မြေခံတပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ ဝင်များ၊ တောင်ကြီးမြို့နယ်၊ ရဲတပ်ဖွဲ့မှူးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး များ၊ တာဝန်ရှိသူများတက်ရောက်ကြကြောင်းသိရသည်။

ဆက်လက်၍ သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနားကို နံနက်(၈)နာရီက တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်း၌ ကျင်းပ ရာ ပထမဦးစွာစစ်ရေးပြတပ်ခွဲက စစ်ကြောင်းများဖြင့် ချီတက်နေရာယူပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်အား အလေးပြု၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို အလေးပြုကြရာ ဂုဏ်ပြုစစ်တီးဝိုင်းအဖွဲ့က နိုင်ငံတော်သီချင်းကို တီးမှုတ်ဂုဏ်ပြုပြီး၊ ကျဆုံးလေ ပြီးသော ခေါင်းဆောင်ကြီးများနှင့် တပ်မတော်သားများအား အလေးပြုကာ ဂုဏ်ပြုစစ်ကြောင်းမှ သစ္စာအဓိဌာန်(၄)ချက် ရွတ်ဆို ကြပြီးနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှပေးပို့သော (၇၁) နှစ်မြောက်လွတ်လပ်ရေးနေ့သဝဏ်လွှာကို ဖတ်ကြား၍ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းလိုက်သည်။

အဆိုပါ(၇၁)နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်နှင့် ဇနီး၊ ပြည်နယ်လွှတ်တော် ဥက္ကဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ အရာရှိကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းရင်းသား ငြိမ်းချမ်းရေးအဖွဲ့အစည်းများ၊ စစ်ရေးပြတပ်ဖွဲ့များနှင့် ဂုဏ်ပြုစစ်တီးဝိုင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံတိုင်းရင်းသား ပြည်သူများတက်ရောက် ကြကြောင်းသိရှိရသည်။

(၇၁)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်တွင် ပျော်ပွဲရွှင်ပွဲများဖြင့် ပြည်နယ်အားကစားလေ့ကျင့်ရုံကွင်း၌ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဂိုးကျဉ်းသွင်းပြိုင်ပွဲ၊ လွန်ဆွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ စာအုပ်ရွက်ပြိုင်ပွဲ၊ သံပုံးရိုက်ပြိုင်ပွဲ၊ ဘက်စကတ် ဘော ဂိုးသွင်းပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ အသီးသီးကျင်းပရာ ဒေသခံပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများ၊ တစ်ပျော်တစ်ပါးပါဝင်ယှဉ်ပြိုင်ကြကာ ဆုရရှိများကို ဆုချီးမြှင့်ပြီး၊ တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်(၂၂)ရပ်ကွက် တွင်းလည်း ပျော်ပွဲရွှင်ပွဲအားကစားများ အသီးသီးကျင်းပကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

နောက်ထပ်သတင်းများဖတ်မည်