We have 630 guests and no members online

တောင်ကြီး မတ် - ၁၅

new 775

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းတို့သည် မတ် ၁၄ ရက် မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး Call ခန်းမတွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)အဖွဲ့နှင့် တွေ့ဆုံကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံရာတွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)အဖွဲ့မှ ရှမ်းပြည်နယ်တွင် အဓိက ဆောင်ရွက်မည့်လုပ်ငန်းများကို လာရောက်ရှင်းပြခြင်းဖြစ်ပါကြောင်း၊ ပြည်ထောင်စုအဆင့်နှင့် ပူးပေါင်းဆောင်ရွက် သကဲ့သို့ ရှမ်းပြည်နယ်တွင်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အကူအညီပေးရန်အတွက် အကူအညီ လိုသူများကို မည်ကဲ့သို့ ကူညီရန် ပြောလိုပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ဆောင်ရွက်သကဲ့သို့ ရှမ်းပြည်နယ်တွင် လည်း အစိုးရအဖွဲ့မှ လမ်းညွှန်မှုပေးပြီး ဆောင်ရွက်လိုပါကြောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့တွင် စစ်ဘေးရှောင်များကို ကူညီဆောင်ရွက်လိုကြောင်း ဆွေးနွေးသွားကြောင်း သိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ယခုကဲ့သို့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)အဖွဲ့မှ ရှမ်းပြည်နယ်၏အချက်အလက်များကို ပြည်စုံစွာ ရှင်းပြ သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မတ်လ (၁) ရက်နေ့က ရှမ်းပြည်နယ်အစိုးရအဖွဲ့သည် ရှမ်းပြည်နယ် (မြောက်ပိုင်း)ကို သွားရောက်ခဲ့ပါကြောင်း၊ နမ္မတူနှင့် သီပေါစစ်ဘေးရှောင်ကိုလည်း ရောက်ရှိခဲ့ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)အဖွဲ့၏ ကူညီထောက်ပံ့မှုများကိုလည်း ရရှိပါကြောင်း ပြောကြား သွားသည်။

မောင်မောင်သန်း (တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

တောင်ကြီး မတ် - ၁၈

new 774

၂၀၁၉ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင်ကျင်းပပြုလုပ်မည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(25) နှစ်အောက်အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ်လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို မတ်လ ၁၇ ရက် နံနက် ၁၁ နာရီခွဲက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ ပြည်နယ်အားကစားနှင့်ကာပညာဦးစီးဌာနရုံးဝန်းရှိ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၊ လေးထပ်ဆောင်ခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ၊ ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြိုင်ပွဲတိုင်းတွင် အနိုင်ရရှိပြီး ရှမ်းပြည်နယ်ဂုဏ်ဆောင်အားကစားသမား များဖြစ်အောင် ကြိုးစားဆောင်ရွက်သွားနှင့် ပြိုင်ပွဲဝင်များ စည်းလုံးညီညွတ်စွာနှင့် အားကစားစိတ်ဓာတ် အပြည့်ဖြင့် ယှဉ်ပြိုင်သွားကြရန် မှာကြားခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက အောင်နိုင်ရေးအလံအား အသင်းအုပ်ချုပ်သူနှင့် အသင်းနည်းပြချုပ်ထံသို့ ပေးအပ်ပြီး ဘောလုံးအသင်းသားများနှင့်အတူ ဂုဏ်ပြုနေ့လည်စာအား အတူ တကွသုံးဆောင်ကြသည်။

အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ ဒုတိယညွှန်ကြားရေမှူး ဦးတင်ထွန်း၊ ရှမ်းပြည်နယ်ဘောလုံးဆပ်ကော်မတီ ဥက္ကဌ ဦးခင်မောင်လွင်ကြီး၊ အမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်း အုပ်ချုပ်သူ၊ အသင်းနည်းပြချုပ်နှင့် အသင်း သားများတက်ရောက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ၊ ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူး ဦးကျော်ကျော်သိန်း နှင့်အဖွဲ့ဝင်များသည် ပြည်နယ်အားကစားကွင်းကြီး၌ ကွင်းမျက်နှာပြင်မြေညှိခြင်း၊ မြက်ကပ်ခြင်း၊ ဆေးဖျန်း၊ ရေလောင်းခြင်းများ ပြုပြင်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးရာ လိုအပ်သည်များ မှာကြား ခဲ့ကြောင်းသိရသည်။ အဆိုပါပြည်နယ်အားကစားကွင်းမှာ ၆၅ ရာခိုင်နှုန်းပြီးစီးကာ မတ်လကုန်အတွင်း အပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အစရ(ရှမ်း)

တောင်ကြီး မတ် - ၁၅

new 778

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူ တို့သည် မတ် ၁၅ ရက် ညနေ ၄ နာရီက တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်ရှိ ကမ္ဘောဇလမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းနှင့် ကိုးမြို့ရှင်နတ်နန်းလမ်းဆုံ၌ မီးပွိုင့်တပ်ဆင်နေမှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးအေးကိုမှ ကမ္ဘောဇလမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းအား ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် လမ်းနှင့် လမ်းလယ် ကျွန်းမျော၊ ဓာတ်မီးတိုင်လုပ်ငန်းဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။

အဆိုပါကမ္ဘောဇလမ်း(PHASE-1) အဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ အရှေ့မြို့ပတ်လမ်း- ပွိုင့်လမ်းဆုံမှ ရေထွက်ဦးလမ်းထိ လမ်းအဆင့်မြှင့်တင်ခြင်း (လမ်း- တံတား- ရေမြောင်း- ပလက်ဖောင်း) အတိုင်းအတာ ၂၁၅၀'-၀'' × ၄၀'-၀''၊ ခန့်မှန်းကုန်ကျငွေ ၂၅၂၆.၂၄ ကျပ်သိန်း၊ ၂၀၁၆ - ၂၀၁၇ နှစ်၊ ၂၀၁၇- ၂၀၁၈ ဘတ်ဂျတ်ဖြင့် ဆောင်ရွက်ပြီး ကမ္ဘောဇလမ်း(PHASE-2) ရေထွက်ဦးလမ်းမှ မဟာဗန္ဓုလလမ်းအထိ လမ်းအဆင့်မြှင့်တင်ခြင်း (လမ်း- တံတား- ရေမြောင်း- ပလက်ဖောင်း- လမ်းလယ်ကျွန်းမျော- မြေကာနံရံ) ၁၇၀၀'-၀'' × ၈၅'/၉၀' ၊ ခန့်မှန်း ကုန်ကျငွေ ၅၄၁၃.၀၂ ကျပ်သန်း၊ တင်မြင့်ရီကုမ္ပဏီမှ ကျပ်သိန်း (၂၀၀၀) လှူဒါန်းဆောင်ရွက်ခြင်း၊ ကမ္ဘောဇလမ်း(PHASE-3) မဟာဗန္ဓုလလမ်းမှ ပြည်နယ်ပညာရေးမှူးရုံးလမ်းဆုံအထိ လမ်းအဆင့်မြှင့်တင်ခြင်း (လမ်း- တံတား- ရေမြောင်း- ပလက်ဖောင်း- လမ်းလယ်ကျွန်းမျော- မြေကာနံရံ) ၂၁၄၀'- ၀'' × ၇၅' - ၀''၊ ခန့်မှန်း ကုန်ကျငွေ ၇၄၈၁.၈၉ ကျပ်သိန်းဖြင့် ဆောင်ရွက်ပြီး စုစုပေါင်းခန့်မှန်းကုန်ကျငွေ (ကတ္တရာတန်ဖိုးငွေအပါ) ၁၅၄၂၁.၁၅ ကျပ်သိန်း၊ ကတ္တရာတန်ဖိုးငွေ ၁၁၄၂.၂၈ ကျပ်သိန်း၊ စုစုပေါင်းခန့်မှန်းကုန်ကျငွေ (ကတ္တရာတန်ဖိုး ငွေမပါ) ၁၄၂၇၈.၈၇ ကျပ်သိန်း၊ စုစုပေါင်းလမ်းအရှည် ၅၉၉၀ပေ ကမ္ဘောဇလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

တောင်ကြီး မတ် - ၁၆

new 777

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် မတ် ၁၆ ရက် နံနက် ၉ နာရီက ရွှေဥမင် သဘာဝလိုဏ်ဂူ တော်အဝင် မုဒ်ဦးရှေ့၌ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ဖွင့်ပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ရွာငယ်ကျောင်းသစ်ဆရာတော် ဦးစန္ဒောဘာသ၊ အရှေ့ပိုင်း တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌ ဦးအာကာလင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ပွဲတော်အတွင်း ခင်းကျင်းပြသထားသော ဌာနဆိုင်ရာပြခန်းများအား လှည့်လည်ကြည့်ရှုကြပြီး ရွှေဥမင်သဘာဝ လိုဏ်ဂူ တော် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကျင်းပရာ ဓမ္မာရုံတွင် ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်တို့က ရွာငယ်ကျောင်းသစ်ဆရာတော်ထံ ငါးပါးသီလဆောက်တည်ကာ ဆရာတော်များ ရွတ်ဖတ်သရဇ္စျယ်မူသော ပရိတ်တရား တော်များကို နာယူ၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်ပြီး ရေစက်သွန်းချတရားနာယူကြကြောင်း သိရသည်။

ထို့နောက် ရွှေဥမင်သဘာဝ လိုဏ်ဂူဘုရား ဝတ္တကနယ်မြေအတွင်း "ဆေးလိပ်ငွေ့ကင်းစင် ယဉ်ကျေးမှု အမွေအနှစ်ဒေသအသိအမှတ်ပြုဆု" ဂုဏ်ပြုဆုပေးပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ တာဝန်ရှိသူများက တက်ရောက်ကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်းတယမြို့နယ်ရှိ ရွှေဥမင်သဘာဝလိုဏ်ဂူတော်ဘုရား ဝတ္တကမြေအား ဆေးလိပ်ငွေ့ကင်းစင် ရွှေဥမင်တစ်ခွင် နယ်မြေအဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့မှုအပေါ် (၆)ကြိမ်မြောက် အာရှ-ပစိဖိတ်ဒေသ ဆေးလိပ်ငွေ့ကင်းစင် မြို့တော် များအစည်းအဝေး၌ ဆေးလိပ်ငွေ့ကင်းစင် ယဉ်ကျေးမှုအမွေအနှစ်ဆု (Smoke Free Herritage Site Award) ပေးအပ်ချီးမြှင့်ခဲ့သည့်အတွက် အဆိုပါဆုကို ရွှေဥမင်သဘာဝလိုဏ်ဂူတော်ဘုရားဂေါပကထံ လွှဲပြောင်းပေးအပ်ခြင်းနှင့် ဂုဏ်ပြုခြင်း အခမ်းအနားဖြစ်ပါကြောင်း၊ ဆေးလိပ်ငွေ့ကင်းစင်နေရာများ (Smoke Free Area)တွင် ရာနှုန်းပြည့် ဆေးလိပ်မသောက်ခြင်း၊ ပတ်ဝန်းကျင်တွင် ဆေးလိပ်ငွေ့ကင်းစင်သွားသည့် နေရာများအဖြစ် ပေါ်ပေါက်စေလျက် အများသူငါ - အထူးသဖြင့် မိခင်များ၊ ကလေးများ၊ သက်ကြီးရွယ်အိုများနှင့် အခြားသော ဆေးလိပ်မသောက်သူတို့ အတွက် အန္တရာယ်ကင်းဇုံများသဖွယ် ပျော်ရွင်ဖွယ်အနားယူနိုင်ခြင်း၊ အပန်းဖြေနိုင်ခြင်း၊ ပညာသင်ကြားရေးဆိုင်ရာ အဆောက်အဦများတွင် ဆေးလိပ်ငွေ့ကင်းစင်သော စာသင်ခန်းများကို တည်ဆောက်ပေးခြင်းသည် နိုင်ငံသားတိုင်း၏ တာဝန်ပင်ဖြစ်ကြောင်း၊ ဆေးလိပ်ငွေ့ကင်းစင်ခြင်းဖြင့် ဆေးလိပ်ငွေ့ကြောင့် တခြားသူဆေးလိပ်သောက်သုံးခြင်း မရှိသူ တို့၏ လွတ်လပ်သောရပိုင်ခွင့်များကို ရရှိစေခြင်းအပြင် နယ်မြေကန့်သတ်တားမြစ်ထားခြင်းများကြောင့် ဆေးလိပ် သောက်သုံးသူတို့အနေဖြင့် အကြိမ်အရေအတွက်များ လျော့နည်းကျဆင်းသည်မှာ ဆေးလိပ်သောက်သုံးမှုအား လက်လျော့ဖြတ်သောက်သည်အထိ မျှော်မှန်းချက်ထားပြီး ဆောင်ရွက်ခြင်းပင် ဖြစ်ကြောင်း ပြောကြားသွားသည်။

၎င်းနောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌ ဦးအာကာလင်းမှ ဂုဏ်ပြုစကားပြောကြားပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ ပင်းတယမြို့ မီးအိမ်ရှင်ဆရာကြီး ဒေါက်တာသန်းမင်းထွဋ်နှင့် ရွှေဥမင် ဘုရားဂေါပကအဖွဲ့ဥက္ကဌ ဦးခင်မောင်ဦးထံ ဆေးလိပ်ငွေ့ကင်းစင် ယဉ်ကျေးမှုအမွေအနှစ်ဒေသအသိအမှတ်ပြုဆုအား လွှဲပြောင်းပေးအပ်၍ လည်းကောင်း၊ ဒေသဦးစီးအဖွဲ့ဥက္ကဌ ဦးအာကာလင်းမှ ဂုဏ်ပြုမှတ်တမ်းလွှာများကို ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူဇာချစ်တင်၊ မီးအိမ်ရှင်ဆရာကြီး ဒေါက်တာ သန်းမင်းထွဋ်၊ ရွှေဥမင်ဂေါပကအဖွဲ့ဥက္ကဌ ဦးခင်မောင်ဦး၊ ပင်းတယမြို့နယ် ပရဟိတကွန်ယက်အဖွဲ့တို့အား အသီးသီးပေးအပ်ခဲ့ပြီး မီးအိမ်ရှင်ဆရာကြီး ဒေါက်တာသန်းမင်းထွဋ်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားကြကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

တောင်ကြီး မတ် - ၁၁

new 780

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းနှင့် တာဝန်ရှိသူတို့သည် မတ် ၁၁ နံနက် ၉ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ပေါ်ရှိ အ.ထ.က (၂)၊ အ.ထ.က (၁)၊ အ.ထ.က (၄)၊ အ.ထ.က (၅)ကျောင်းတွင် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုသည့် ကျောင်းများအား လှည့်လည်ကြည့်ရှုကြောင်း သိရသည်။

အဆိုပါ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ သိပ္ပံတွဲ (၄)ရက်မြောက်နေ့တွင် အ.ထ.က (၁)ကျောင်း၌ ဖြေဆိုသူ စာရင်းရှိ (၆၉၈)ဦး၊ ဖြေဆို (၆၈၃)ဦး၊ အ.ထ.က (၂)ကျောင်း၌ စာရင်းရှိ (၅၉၁)ဦး၊ ဖြေဆို (၅၇၂)ဦး၊ အ.ထ.က (၄)ကျောင်း၌ စာရင်းရှိ (၆၉၇)ဦး၊ ဖြေဆို (၆၂၉)ဦး၊ အ.ထ.က (၅)ကျောင်း၌ စာရင်းရှိ (၆၅၁)ဦး၊ ဖြေဆို (၆၀၀)ဦး အသီးသီးဖြေဆိုကြကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09250132943

နောက်ထပ်သတင်းများဖတ်မည်