We have 537 guests and no members online

တောင်ကြီး မတ် - ၁

new 792

ရှမ်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်အဆင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် ဆုချီးမြှင့်ပွဲကို မတ်လ ၁ ရက်၊ နံနက် ၉ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရန် မိသားစု ဝင်ငွေတိုးပွားရန်နှင့် တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် အာဟာရပြည့်ဝစေရန် ရည်မှန်းပြီး မြစိမ်းရောင် ကျေးရွာစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြစိမ်းရောင် ကျေးရွာစီမံကိန်း အဓိကရည်ရွယ်ချက်မှာ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေခြင်းဖြင့် ကျေးလက်ဒေသဆင်းရဲမှုနှုန်းကို လျော့ချရန်၊ တစ်နိုင်တစ်ပိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်း ဖြင့် စားနပ်ရိက္ခာဖူလုံစေရန်နှင့် အာဟာရပြည့်ဝစေရန်၊ လည်ပတ်ရန်ပုံငွေစနစ်တွင် အဖွဲ့မှ သဘောတူသော အတိုး ငွေထည့်ဝင်၍ တိုးပွားလာသောငွေဖြင့် ကျေးရွာ၏ လိုအပ်ချက်နှင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာမှ ကိုယ်တိုင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကျေးလက်လူထု၏ စွမ်းဆောင်ရည်တိုးတက်လာစေရန်နှင့် မမျှော်မှန်းနိုင်သော ဘေးအန္တရာယ်များ ကျရောက်လာပါက တုံပြန်မှုအားကောင်းသော လူမှုအဖွဲ့အစည်းများ ပေါ်ပေါက်လာစေရန်တို့ဖြစ်ပါကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က ပြောကြားသွားသည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်းကို စီမံကိန်းဆောင်ရွက်မည့် ကျေးရွာအား အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ကျပ်သိန်း (၃၀၀)အား နိုင်ငံတော်ဘတ်ဂျတ်မှ မတည်ပေးပြီး သက်ဆိုင်ရာကျေးရွာအလိုက် သက်သာသော အတိုးနှုန်း သတ်မှတ်ရယူခြင်းဖြင့် ရန်ပုံငွေပမာဏတိုးပွားလာကာ ရေရှည်တည်တံ့စေမည့် နည်းလမ်းကို အသုံးပြု ထားခြင်းဖြစ်၍ ကျေးရွာကော်မတီက အများသဘောတူညီချက်ဖြင့် အတိုးနှုန်းကို တစ်လလျှင် (၅၀)ပြားမှ ၁ ကျပ် ၅၀ ပြားနှုန်းအတွင်း သတ်မှတ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကျေးရွာသူ/ကျေးရွာသားများအနေဖြင့် စီမံကိန်း ရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ မီးလင်းရေး၊ ကုန်ထုတ်လုပ်ငန်း၊ အရောင်းအဝယ်နှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ စသည့် ဝင်ငွေတိုးပွားရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်တာဖြစ်ကြောင်း ၎င်းကပြောကြားသွားသည်။

ဆက်လက်၍ မြစိမ်းရောင်စီမံကိန်းအကောင်းဆုံးဆုရရှိသည့် ကျေးရွာများအား ဆုချီးမြှင့်ရာ တတိယဆု ရရှိသော ပင်းတယမြို့နယ် သရက်ကုန်းကျေးရွာ၊ ဟိုပန်မြို့နယ် နောင်အွန်ကျေးရွာ၊ မိုင်းတုံမြို့နယ် စမ်းသီတာ ကျေးရွာတို့အား ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်မှ ဆုချီးမြှင့်၍လည်းကောင်း၊ ဒုတိယ ဆုရရှိသော လင်းခေးမြို့နယ် ဒါးဆိပ်ကျေးရွာ၊ သိန္နီမြို့နယ် ခမ်းတိမ်း+ဟိုနားကျေးရွာ၊ မိုင်းပျဉ်းမြို့နယ် စုပုံကျေးရွာ တို့ကို ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်မှ ဆုချီးမြှင့်ပေး၍လည်းကောင်း၊ ပထမဆုရရှိသော ရွာငံ မြို့နယ် ဒလပင်ကျေးရွာ၊ မိုးမိတ်မြို့နယ် နမီကျေးရွာ၊ ကျိုင်းတုံမြို့နယ် နမ့်အော်ကျေးရွာတို့အား ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အသီးသီးဆုချီးမြှင့်ပေးကြကြောင်း သိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး)

09250132943

နောင်ချို မတ် - ၁

new 791

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့ ဘန်ဘွေး အခြေခံပညာအထက်တန်းကျောင်း တွင် အခြေခံပညာကျောင်းပေါင်းစုံ အသက်အုပ်စု အလိုက်အသက် ၇/ ၉/ ၁၁/ ၁၃/ ၁၅ နှစ်အောက် ကျား/မ ဘောလုံး ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၇ ရက်နေ့၌ကျင်းပရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဒေါက်တာညီညီအောင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးခွန်ရဲထွေး တို့တက်ရောက်အားပေးခဲ့ကြောင်းသိရသည်။

ထို့နောက် အခမ်းအနားတွင် ဆုရရှိသူများအား ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဒေါက်တာ ညီညီအောင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးတို့မှ ဆုဖလားနှင့် ရွှေတံဆိပ်ဆုတို့ကို အသီးသီးချီးမြှင့်ပေးခဲ့ကြောင်းသိရှိရသည်။

အစရ(ရှမ်း)

ကွတ်ခိုင် မတ် - ၁

new 789

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (လားရှိုး) ဒေါက်တာဝင်းနိုင်နှင့်အဖွဲ့သည် မတ်လ ၁ ရက် နံနက်ပိုင်းတွင် ကွတ်ခိုင်မြို့ ပြည်သူ့ဆေးရုံ ၂ ထပ်လူနာဆောင် ၄ ခန်းတွဲ ၄ ထပ်၊ ဝန်ထမ်းအိမ်ရာ ၃ ခန်းတွဲ ၃ ထပ်နှင့် ဆရာဝန်နေအိမ် တည်ဆောက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်းသိရှိရသည်။

အစရ(ရှမ်း)

လားရှိုး မတ် - ၁

new 790

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် အဖွဲ့သည် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လားရှိုးတက္ကသိုလ်၊ လားရှိုနည်းပညာ တက္ကသိုလ်တို့ရှိ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ဖေဖော်ဝါရီ (၂၈)ရက် နံနက်ပိုင်းတွင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

အဆိုပါတည်ဆောက်ရေးလုပ်ငန်းခွင်များအတွင်း လှည့်လည်စစ်ဆေးကြည့်ရှုပြီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တည်ဆောက်ရေးကုမ္ပဏီများမှ တာဝန်ရှိသူများ၏ တင်ပြချက်များကို ပေါင်းစပ် ညှိနှိုင်းပေးကာ အဆောက်အဦများ အရည်အသွေး ပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးရေး အတွက် ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။

အစရ(ရှမ်း)

တောင်ကြီး ဖေဖော်ဝါရီ - ၂၆

new 794

၂၀၁၉ ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ်ကုသရေးနှင့် ကျန်းမာရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော အရည်အသွေးပြည့်ဝသော သားပျက် သားလျှော လူနာပြုစုကုသခြင်းစီမံကိန်း စတင်ဆောင်ရွက်ခြင်းနှင့်လုပ်ငန်းအစီအစဉ်များ အသိပေး ဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ရှမ်းပြည်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းက တက်ရောက်၍ အဖွင့်မိန့်ခွန်းပြောကြားရာ မြန်မာနိုင်ငံသည် အိမ်နီးချင်းအာရှနိုင်ငံများထဲတွင် မိခင်သေဆုံးမှုမြင့်မားသော နိုင်ငံတစ်ခုဖြစ်ကြောင်း၊ မိခင်သေဆုံးမှုလျှော့ချရန် ခေတ်အဆက်ဆက် ကြိုးစားခဲ့သော်လည်း ထောင်စုနှစ် ရည်မှန်းချက်မပြည့်မီသေးကြောင်း၊ သက္ကရာဇ် ၂၀၃၀ မှာ ရည်မှန်းချက်ပြည့်မီစေရန် ကုလသမဂ္ဂအဖွဲ့က တိုက်တွန်းထားကြောင်း၊ ထို့ကြောင့်ရှမ်းပြည်နယ် တွင် အရည်အသွေးပြည့်ဝသည့် သားပျက်သားလျှော လူနာပြုစုကုသခြင်းစီမံကိန်း လာရောက် အကောင်အထည်ဖော်ဆောင်ရွက်သည်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဝမ်းမြောက်စွာကြိုဆိုကြောင်း၊ ပံ့ပိုးကူညီပေးသော Ipas အဖွဲ့ကို အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် မိခင်နှင့်ကလေးကျန်းမာရေး အဆင့်အတန်းမြင့်မားလာရေးအတွက် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း ပြေားကြားခဲ့သည်။

အစရ(ရှမ်း)

နောက်ထပ်သတင်းများဖတ်မည်