We have 84 guests and no members online

တောင်ကြီး ဇန်နဝါရီ - ၂၈

9
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံရှိ ကုသရေး၊ ကျန်းမာရေးဝန်ထမ်းနှင့် အမျိုးသမီးနှင့် ကလေးဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများအား ဇန်နဝါရီ (၂၈)ရက် နံနက် (၉)နာရီက စဝ်စံထွန်းဆေးရုံ (၅)ထပ်ဆောင်၌ Covid-19 ရောဂါ ကာကွယ်ဆေးများစတင်ထိုးလျက်ရှိသည်။
Covid-19 ရောဂါ ကာကွယ်ဆေးကို ရှမ်းပြည်နယ်(တောင်ပိုင်း) ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် စတင် ထိုးသည့်နေ့ ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန ဝန်ထမ်းအားလုံးကို ထိုးပေးမည်ဖြစ်ပြီး၊ ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အဆင့်မြှင့်ပညာ ဦးစီးဌာန၊ တိုင်းရင်းဆေးဦးစီးဌာန၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်တွင်ပါဝင်သည့် တောင်ကြီးဆေးတက္ကသိုလ်၊ သူနာပြုသင်တန်းကျောင်း၊ စုစုပေါင်းဝန်ထမ်းအင်အား(၅၀၈၀)ဦး၊ ယနေ့တောင်ကြီးမြို့တွင် ကာကွယ်ဆေးထိုးသလို အခြားမြို့နယ်များတွင်လည်း ထိုးပေးသွားမည်ဖြစ်ကြောင်း၊ ဆေးထိုးသည့်နေရာတွင် Covid-19 ကာကွယ်ရေး စည်းမျဉ်း၊ စည်းကမ်းအတိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးလာရောက်ထိုးနှံသူများ ၆ ပေအကွာတွင်နေရာယူ၍ Mask များလည်းတပ်ဆင်လာရမည်ဖြစ်ကြောင်း၊ ဆေးထိုးခံမည့်သူများသည် ဆေးမထိုးမီ ၁၈ နှစ်အထက်လူကြီးဖြစ်သည့်အတွက် အဖျားတိုင်းခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်းပြုလုပ်၍ သွေးပေါင်ချိန် ၁၄၀ ထက်ကျော်နေပါက ခေတ္တနားခိုင်း၍ ပြန်လည်တိုင်းတာ ပြီး သွေးပေါင်ချိန်ထပ်မံတက်နေပါက နောက်ရက်များမှသာ ဆက်လက်ထိုးပေးသွားမည်ဖြစ်ကြောင်းနှင့် အောက်စီဂျင် တိုင်းတာရာတွင်လည်း အောက်စီဂျင် Level ၉၅ နှင့် ၁၀၀ ကြား ရှိရန်လိုအပ်ကြောင်း၊ အောက်စီဂျင် Level ကျနေပါက မထိုးပေး သေးကြောင်း၊ အမျိုးသမီးများ ကိုယ်ဝန်ရှိ/မရှိ စမ်းသပ်သွားရန်လိုကြောင်း ရှမ်းပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသူဇာချစ်တင်မှ ပြောကြားသည်။
အဆိုပါ Covid-19 ရောဂါ ကာကွယ်ဆေးကို တောင်ကြီးမြို့ ကုသရေးဦးစီးဌာနစဝ်စံထွန်းဆေးရုံကြီးတွင် ကျန်းမာရေး ဝန်ထမ်း (၆၀၀)ကျော်နှင့် အမျိုးသမီးနှင့်ကလေးဆေးရုံဝန်ထမ်း(၃၀၀)ကျော်ကို ယနေ့အပြီး ထိုးပေးသွားမည်ဖြစ်ပြီး၊ နောက်ရက် များတွင် ဆေးတက္ကသိုလ်၊ ပြည်သူ့ကျန်းမာ‌ရေးနှင့် တောင်ကြီးမြို့နယ် ကျန်းမာရေးဝန်ထမ်းများကို ဆက်လက်ထိုးနှံပေးသွား မည်ဖြစ်ကြောင်းသိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)
09250132943