We have 62 guests and no members online

တောင်ကြီး ဇန်နဝါရီ - ၈

1
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှူး နှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသကြီးများမှ ညွှန်ကြားရေးမှူးများ၊ ခရိုင်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံခြင်းကို ဇန်နဝါရီ (၈)ရက် နံနက်(၁၀)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲကြီးကို ချောမွေ့အောင်မြင်စွာ ကျင်းပနိုင်အောင် အစစအရာရာ ပြည့်စုံစွာနှင့် ဝိုင်းဝန်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြသည့်အတွက် ရှမ်းပြည်နယ်အတွင်း အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ပြီးမြောက်ခဲ့ သည့်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါကြောင်း၊ ယခုကြုံတွေ့ နေရသည့် Covid-19 နှင့်ပတ်သက်၍ ရှမ်းပြည်နယ်အတွင်းရှိ ဒေသအားလုံးသည် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ ညွှန်ကြားချက်များ၊ ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီရဲ့ အမိန့်ညွှန်ကြားချက်များ၊ ပြည်သူများသို့ ပန်ကြားချက် များ၊ ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များ (SOP)နှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ခဲ့ကြသည့်အတွက် ရှမ်းပြည်နယ် အတွင်း ၂၀၂၁ခုနှစ် ဇန်နဝါရီ(၇)ရက်နေ့အထိ ရောဂါပိုးတွေ့ရှိသူ (၁၀၂၆)ဦးရှိခဲ့ပြီး သေဆုံးသူ(၃)ဦး၊ ရောဂါပိုးကင်းစင်လာသူ (၈၆၃)ဦး ရှိခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိ(၁၆၀)ဦးကို မြို့နယ်များရှိ ဆေးရုံများတွင် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ဒီနေ့တွေ့ဆုံရသည်မှာ ၂၀၁၂ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်(၁)ဖြင့် ပြဋ္ဌာန်းခဲ့သည့် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေအရ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို ရွေးချယ်ရာတွင် သတ်မှတ်ပြဋ္ဌာန်း ထားရှိသည့်ဥပဒေ၊ နည်းဥပဒေများအပြင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၏ ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလ(၂၂)ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၄၅၄/၂၀၂၀)တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ ၃၆ ပုဒ်မခွဲ(က)အရ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စနစ် တကျရွေးချယ်နိုင်ရေး ကြပ်မတ်ဆောင်ရွက်နိုင်ကြရန် အလေးအနက် မှာကြားလိုသည့်အတွက် ယခုလိုဖိတ်ကြားတွေ့ဆုံရခြင်း ဖြစ်ကြောင်း ပြောကြားသွားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်မှ လယ်မြေကိစ္စရပ်များနှင့်ပတ်သက်၍ လယ်မြေ၊ ယာမြေ အမှုတွဲကိစ္စရပ်များကို အမြန်ပြီးပြတ်အောင် ဆောင်ရွက်ပေးကြရန်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးမှ ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကိစ္စရပ်များ၊ သယ်ယူပို့ဆောင်ရေး ဥပဒေကိစ္စရပ်များ ဆောင်ရွက်ပေးရန်၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်မှ အပန်းဖြေဥယျာဥ်များ မှတ်ပုံတင်ရေး၊ ကြိုးဝိုင်း ကြိုးပြင် ကိစ္စရပ်များ၊ ရေထွက်ကိစ္စရပ်များနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး ဦးနေလင်းမှ (OSS) ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းကိစ္စရပ်များနှင့် ထူးခြားဖြစ်စဥ်သတင်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးကြရန် လိုအပ်သည်များကို အသီးသီး မှာကြားကြကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသဦးစီးအဖွဲ့မှ အတွင်းရေးမှူးများ၊ ခရိုင်အုပ်ချုပ်ရေးမှူးများက ဆွေးနွေးတင်ပြကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နိဂုံးချုပ် စကားပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ရှမ်းပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့မှ အတွင်းရေးမှူးများ၊ ခရိုင်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)
09-250132943