သတင်းများ

ဖယ်ခုံမြို့နယ်၊ ရီနွဲ့ကျေးရွာအုပ်စု ကျေးရွာ(၂၀)အား ရေပေးရေးလုပ်ငန်း ဆောင်ရွက်

ဖယ်ခုံ            ဩဂုတ်   -    ၁၈

151

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဩဂုတ် ၁၄ ရက် ညနေပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ဖယ်ခုံမြို့နယ်၊ ရီနွဲ့ကျေးရွာအုပ်စု ကျေးရွာ(၂၀) ရေပေးရေးလုပ်ငန်း ဆောင်ရွက်နေမှုအား သွားရောက် ကြည့်ရှုရာ ရှင်းလင်းဆောင်ခန်းမ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖယ်ခုံ မြို့နယ်၊ ရီနွဲ့ကျေးရွာအုပ်စု၊ ကျေးရွာ(၂၀)ရွာ ရေပေးရေးလုပ်ငန်းများအား ပြည်ထောင်စုမူလခွင့်ပြုငွေကျပ် (၅၃၅.၈၄၂) သန်း၊ ပြည်ထောင်စုမွမ်းမံရန်ပုံငွေကျပ်(၂.၀)သန်း၊ နိုင်ငံတော် ထောက်ပံ့ငွေကျပ်(၉၂.၉၁၃)သန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်(၃၅၅.၁၄)သန်း၊ ပြည်နယ်အထွေထွေပိုလျှံရန်ပုံငွေကျပ်(၈.၁၄)သန်း၊ ရေပိုက်ထောက်ပံ့ငွေကျပ် (၄၆.၈၁၈) သန်း၊ ရန်ပုံငွေ စုစုပေါင်း (၁၀၄၀.၈၅၃)သန်းဖြင့် ရေစက်ရုံ (၂)ရုံ၊ ရေတားတမံ၊ ရေစစ်ကန်၊ ရေယူကန်၊ 50 KVA အင်ဂျင် (၁)လုံး၊ 60 KVA အင်ဂျင် (၁)လုံး၊ 20 HP မော်တာနှင့် ပန့် (၈)စုံ၊ 4" GI ရေတင်ပိုက်လိုင်း(၇၃၉၀)ပေ၊ 6" GI, 4" GI, 3" GI, 4"PVC, 3"PVC, 2"PVC ရေဖြန့်ဝေပိုက် စုစုပေါင်း(၁၃၂၇၀၅)ပေ၊ ဂါလံ(၅၀၀၀၀)ဆံ့ ရေကန် (၁)ကန်၊ ဂါလံ(၂၀၀၀၀) ဆံ့ ရေစုကန် (၃)ကန်၊ ဂါလံ(၁၀၀၀၀)ဆံ့ ရေစုကန် (၁)ကန်၊ ဂါလံ (၅၀၀၀)ဆံ့ ရေစုကန် (၁၂)ကန်၊ ဂါလံ(၃၀၀၀)ဆံ့ ရေစု ကန်(၆)ကန်၊ မြေသားလမ်း(၁၅၂၀၀)ပေ စသည့်လုပ်ငန်းများအား တင်ဒါစနစ်ဖြင့် ကုမ္ပဏီပေါင်း (၁၀)ခုမှ တင်ဒါအောင်မြင် ဆောင်ရွက်ခဲ့ရာ (၉၅%)ခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်းနှင့် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာပေါင်း (၂၀)ရွာ အိမ်ခြေ (၁၆၆၅)၊ လူဦးရေ (၈၃၈၄)ဦးအား သောက်သုံးရေ ဖူလုံစွာ ဖြန့်ဝေပေးနိုင်မည်ဖြစ်ပြီး Unicef နှင့် ပူးပေါင်း၍ အိမ် တိုင်ရာရောက် ရေမီတာစနစ်ဖြင့် ရေဖြန့်ဝေ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖယ်ခုံမြို့နယ်၊ ရီနွဲ့ကျေးရွာအုပ်စု၊ ကျေးရွာ (၁၉)ရွာသည် မိုးရေလှောင်ကန်ကိုသာ အားထားအသုံးပြုရပြီး လအိကျေးရွာတွင် စိမ့်စမ်းရေနှင့် မိုးရေလှောင်ကန်ကိုသာ အားထားအသုံးပြုရကြောင်းနှင့် စိမ့်စမ်းရေထွက်မှာ နွေရာသီ၌ ရေထွက်နှုန်းမှာ (၁)နာရီလျှင် (၄၀)ဂါလံသာ ထွက်ရှိပြီး မိုးရာသီတွင် (၁)နာရီလျှင်(၅၀၀)ဂါလံသာ ထွက်ရှိသဖြင့် လုံလောက်မှု မရှိသဖြင့် လက်ရှိရေထွက်နှုန်းမှာ လျော့ကျလျက်ရှိကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉-၂၅၀၁၃၂၉၄၃

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူ့အတွက် စတုတ္ထတစ်နှစ်တာကာလ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကျင်းပ

တောင်ကြီး      ဩဂုတ်     -     ၁၇

150

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူ့အတွက် စတုတ္ထတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ချက် များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ဩဂုတ် ၁၇ ရက် မွန်းလွဲ ၃ နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြည်နယ်အတွင်း နယ်မြေဒေသအားလုံး တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပဋိပက္ခများချုပ်ငြိမ်းစေရေး ပြည်နယ်အတွင်း ဒေသများအကြား ဘက်ညီမျှတစွာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီးပွားရေးအခြေခံ ကောင်းများရရှိစေရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သဘာဝသယံဇာတအရင်းအမြစ်များကို ရေရှည်ထိန်းသိမ်းရေးနှင့် အကျိုးရှိဆုံးဖြစ်စေရေးအတွက် မျှတမှန်ကန်စွာ စိစစ်အသုံးပြုရေး၊ ပြည်နယ် အတွင်း စဉ်ဆက်မပြတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး၊ ပြည်သူကိုဗဟိုပြု၍ အားလုံးပါဝင်စေရေးစသည့် မူဝါဒများအပေါ် အခြေခံပြီး ပြည်နယ်အတွင်းစားနပ်ရိက္ခာဖူလုံပိုလျှံစေရေးနှင့် စိုက်ပျိုးရေးအခြေခံသော စက်မှုလုပ်ငန်းများ ဘက်ညီစွာဖွံ့ဖြိုးတိုးတက်စေရန်၊ ပြည်နယ်အတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုနိုင်သည့် အခြေခံအဆောက်အဦလုပ်ငန်းများ ဦးစားပေးဆောင်ရွက်ရန်၊ အလုပ်အကိုင် အခွင့်အလမ်းမြင့်မားသော စီးပွားရေးလုပ်ငန်းများနှင့် စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုသည့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို ပံ့ပိုးကူညီရန်၊ ပြည်နယ်အတွင်းလူထုတစ်ရပ်လုံး ရရှိခံစားနိုင်မည့် လူမှုစီးပွားနယ်ပယ်အသီးသီးဖွံ့ဖြိုးတိုးတက်စေရန်၊ သဘာဝပတ်ဝန်းကျင်ကို အခြေခံသော ခရီးသွားလုပ်ငန်းမြှင့်တင်ခြင်းဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်စေရန်၊ ပြည်နယ်အတွင်းပုဂ္ဂလိကကဏ္ဍတိုးတက် ရေးအတွက် နိုင်ငံသားတိုင်း မိမိလုပ်ကိုင်လိုသည့် စီးပွားရေးလုပ်ငန်းများကို လွတ်လပ်စွာလုပ်ကိုင်ခွင့် ရရှိစေရန်နှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်စေရန်တို့ဖြစ်ကြောင်းနှင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ၊ လျှပ်စစ်မီးလင်းရေးကဏ္ဍ၊ လယ်ယာဖွံ့ဖြိုး တိုးတက်ရေးနှင့် တောင်သူလယ်သမားတို့၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ Covid-19 ရောဂါနှင့် ပတ်သက်၍ ဆောင်ရွက် ထားရှိမှုများ၊ ရှမ်းပြည်နယ်အတွင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ ပုဂ္ဂလိကဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍ၊ စစ်ဘေးရှောင်စခန်းများအား ထောက်ပံ့ပေးမှုခြေအနေတို့ကို ရှင်းလင်းပြောကြားသွား ပြီး၊ ၂၀၁၉-၂၀၂၀ စတုတ္ထတစ်နှစ်တာကာလအတွင်း ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍အချို့ကဏ္ဍများမှာ အားသာချက်များတွေ့ရှိရမှာဖြစ်သလို အချို့ကဏ္ဍများတွင် အားနည်းချက် များကိုလည်းတွေ့ရှိရမှာဖြစ်ကြောင်း၊ စတုတ္ထနှစ်တစ်နှစ်တာကာလမှာ တွေ့ရှိရသည့် အားသာချက်၊ အားနည်းချက်များကို နမူနာယူပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၏မူဝါဒနှင့်အညီ ရည်မှန်းချက်လုပ်ငန်းတာဝန် များကို အစိုးရ၊ လွှတ်တော်၊ လူမှုအဖွဲ့အစည်း၊ သတင်းမီဒီယာ၊ ပြည်သူများတို့နှင့်အတူ ရှမ်းပြည်နယ်ကြီး ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်အောင် လက်တွဲကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းပြောကြားသွားသည်။

ဆက်လက်၍ သတင်းမီဒီယာဌာနများဖြစ်သည့် ရွှေတြိဂံတိုင်း၊ ကမ္ဘောဇတိုင်း၊ The People Voice၊ DVB၊ Sky Net၊ Weekly Eleven၊ Cherry FM၊ သံလွင်သွေးချင်း၊ MRTV NRC၊ သျှမ်းသံတော်ဆင့်၊ 7 Day Daily၊ Right Way News၊ မဲခေါင်၊ One News၊ Myanmar Now၊ Eastern Review၊ Burma Na သတင်းမီဒီယာဌာနများမှ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ သိရှိလိုသည့် မေးခွန်းများမေးမြန်းကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် သက်ဆိုင်ရာ ပြည်နယ်အဆင့် ဌာနဆိုင်ရာများမှ ပြန်လည်ဖြေကြားကြကြောင်း သိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး)

09250132943

ရှမ်းပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ

တောင်ကြီး ဇူလိုင် −   ၂၈

146

ရှမ်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၅/၂၀၂၀)နှင့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်း ကော်မတီအစည်းအဝေး အမှတ်စဉ်(၄/၂၀၂၀)ကို ဇူလိုင် (၂၈)ရက် နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကား ပြောကြားပြီး လယ်ယာမြေစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၄/၂၀၂၀) ဆုံးဖြတ်ချက်နှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း များ စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီအစည်းအဝေးအမှတ်စဉ်(၃/၂၀၂၀) ဆုံးဖြတ်ချက်များအား ရှမ်းပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက ဆုံးဖြတ်ချက်များအား ဖတ်ကြား အတည်ပြု ရယူခဲ့သည်။

ဆက်လက်၍ ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေးအမှတ်စဉ်(၅/၂၀၂၀) တင်ပြချက်များအား ဆွေးနွေး ဆုံးဖြတ်ခြင်း၊ ပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီအစည်းအဝေး အမှတ်စဉ်(၄/၂၀၂၀) တင်ပြချက်များအား ဆွေးနွေးဆုံးဖြတ်ကာ တက်ရောက်လာသူများမှ အထွေထွေဆွေးနွေးကြပြီး ရှမ်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်မှ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)

၀၉−၂၅၀၁၃၂၉၄၃

အခြေခံပညာမူလတန်းကျောင်းအား အခြေခံပညာမူလတန်းလွန်ကျောင်းသို့ အဆင့်တိုးမြှင့်ဖွင့်လှစ်

မဘိမ်း          ဩဂုတ်    -   ၁၇

Untitled-1

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၊ မလှိုင်ကုန်းကျေးရွာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အခြေခံပညာမူလတန်းကျောင်းအား အခြေခံပညာမူလတန်းလွန်ကျောင်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်းကို ဩဂုတ် ၁၄ ရက် မွန်းလွဲ ၂ နာရီက အဆိုပါကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် တာဝန်ရှိသူများမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကျောင်းသုံးဗလာစာအုပ်များအား မဘိမ်းမြို့နယ်ပညာရေးမှူး ဦးကျော်ဝင်းထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကိုယ်ထူကိုယ်ထကျေးရွာဘောလုံးကွင်းသစ် ဖော်ထုတ်နေမှုအား ကြည့်ရှုခဲ့ပြီး မဘိမ်း မြို့နယ်ပြည်သူ့ဆေးရုံတွင် Covid-19 ရောဂါ ကာကွယ်နိုင်ရေးအတွက် PPE ဝတ်စုံများ၊ Mask များ၊ Hand Gel များအား မဘိမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်နှင့် မဘိမ်းမြို့နယ် စီမံကိန်းဦးစီးမှူး ဦးထွန်းထွန်းဦးထံသို့ ပေးအပ်လှူဒါန်းခဲ့ပြီး မဘိမ်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး (၃)ထပ်အဆောက်အဦ ဆောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(ပြန်/ဆက်)

၀၉-၂၅၀၁၃၂၉၄၃

ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)၊Cash For Work(CFW)နှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ရန်ပုံငွေလွှဲပြောင်းပေးအပ်

ရပ်စောက် ဇူလိုင်-၂၅

145

၂၀၁၉-၂၀၂၀ ခုဘဏ္ဍာရေးနှစ်တွင်အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP)၊ Cash For Work(CFW)နှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ရန် ပုံငွေလွှဲပြောင်းပေးအပ်ခြင်းကိုဇူလိုင် (၂၅)နံနက်(၁၀)နာရီက ရပ်စောက်မြို့နယ်ရဿဝတီခန်းမ၌ကျင်းပသည်။

 ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးစိုင်းလုံကျော်က ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့်မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးရေးစီမံ ကိန်း(VDP)တို့အား အကောင် အထည်ဖော်ဆောင်ရွက်နေမှုအပြင် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အနေဖြင့်ကျေးလက်ရေရရှိရေးလုပ်ငန်းများ၊ ကျေးလက် မီးလင်းရေးလုပ်ငန်း များ၊ကျေးလက်ကုန်ထုတ်လမ်းတံ တားလုပ်ငန်းများ၊နိုင်ငံတကာအဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ လည်းCDD စီမံကိန်း၊ ERLIPစီမံကိန်း၊ လူဇင်ဘတ် စီမံကိန်းအစရှိသည်စီမံကိန်းလုပ်ငန်း များဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊၂၀၁၉-၂၀၂၀ခုဘဏ္ဍာရေးနှစ်တွင်ပြည်ထောင်စု/ပြည်နယ်ခွင့်ပြုရန် ပုံငွေများဖြင်တည်ဆောက်ရေးလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကျေးလက်ကုန်ထုတ်လမ်း(၇၀)လမ်း၊အရှည်(၁၃၇) မိုင်(၃.၇)ဖာလုံကိုငွေကျပ် (၃၅၅၂.၉၄)သန်းဖြင့်လည်းကောင်း၊ ကျေးလက်ကုန်ထုတ်နံတား(၉၂)စင်း၊ အရှည်(၆၁၈)ပေကိုငွေကျပ်(၅၄၂.၆၃) သန်း ဖြင့်လည်းကောင်း၊ ကျေးလက်ရေရရှိရေး လုပ်ငန်း(၄၇၇)ခုအားငွေကျပ်(၈၅၇၀.၀၃)သန်းဖြင့်လည်းကောင်း၊ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း ၊မြစိမ်းရောင်ကျေးရွာစီမံ ကိန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှု အနေဖြင့်ကျေး ရွာ(၁၁၄၅)ရွာ တွင်မြစိမ်းရောင်ယူနစ်(၈၃၁)ယူနစ် ဆောင်ရွက်နိုင်ခဲ့ပြီးကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)အနေဖြင့် ကျေးရွာ (၆၄၉)ရွာတွင်အခြေခံံအဆောက်အအုံဆိုင်ရာတည်ဆောက်ရေးလုပ်ငန်းများကိုဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ရပ်စောက်မြို့နယ် အတွင်းမြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ခု ဘဏ္ဍာရေးနှစ်မှစတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်အထိမြစိမ်းရောင်စီမံကိန်း(၇၇)ယူနစ်၊ကျေးရွာ(၉၇)ရွာ ကိုအကောင်အထည်ဖော်ဆောင်ရွက် နိုင်ခဲ့ပြီး ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ကို၂၀၁၇-၂၀၁၈ခုဘဏ္ဍာရေးနှစ် မှ၂၀၁၉-၂၀၂၀ခုဘဏ္ဍာရေးနှစ်အထိ ကျေးရွာ(၃၉)ရွာအား အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း၊၂၀၁၂-၂၀၁၃ခုဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ခုဘဏ္ဍာရေးနှစ်အထိ တည်ဆောက်လုပ်ငန်းများအနေဖြင့် ကျေးလက်ကုန်ထုတ်လမ်း(၆)လမ်း အရှည်(၁၄)မိုင်၊ကျေးလက်ကုန်ထုတ် တံတား(၁၈)စင်း၊ အရှည်(၁၅၅)ပေ၊ကျေးလက်ရေရရှိရေးလုပ်ငန်းဆောင်ရွက်မှုအနေဖြင့်ရေပေးရေးလုပ်ငန်း (၆၂)ခုအားဆောင်ရွက်နိုင်ခဲ့ပြီးကျေး ရွာ(၄၅)ရွာအားရေပိုက်များထောက်ပံ့ပေးနိုင်ခဲ့ကြောင်းပြောကြားသွားသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်ဒေသများတွင်ကုန်ထုတ်လုပ်မှုနှင့် ကျေးရွာ အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးအထောက်အကူပြုစေမည့် Cash For Work (CFW)စီမံကိန်းနှင့်ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP)များကိုအကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ရာရှမ်းပြည်နယ်အတွင်း Cash For Work (CFW)စီမံကိန်း ဆောင်ရွက်မှုအနေဖြင့်ကျေးရွာပေါင်း(၂၇၀)၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ဆောင်ရွက်မှုအနေဖြင့် ကျေးရွာပေါင်း (၂၅၆) ရွာတို့ကို ရွေးချယ်ခဲ့ပြီးလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ရပ်စောက်မြို့နယ်အတွင်းရှိ ကျေးရွာများတွင်ကိုရိုနာဗိုင်းရပ်ကူးစက်ရောဂါအကျိုးဆက် သက်ရောက်ခြင်းခံရသော ကျေးရွာများရှိ မိသားစုများ၏ ဝင်ငွေ ရရှိရေးလုပ်ငန်းများထိ ခိုက်မှုဖြစ်ပေါ်လျက်ရှိရာCash For Work(ACFW)စီမံကိန်း ကျေးရွာ(၁၀)ရွာနှင့်ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP)ကျေးရွာ(၉)ရွာအားအကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၎င်းကပြောကြားသည်။

ဆက်လက်၍ရပ်စောက်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးခင်မောင်မြင့်မှအမှာစကားပြောကြားပြီး ၂၀၁၉-၂၀၂၀ခုဘဏ္ဍာရေးနှစ်တွင်ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ဆောင်ရွက်မည့်ကျေးရွာများမှာ ရပ်စောက်မြို့နယ် ယမ်းတွင်း ငါးကြောင်၊ အလည်ချောင်ကျောက်ဂူ၊ ကျောက်တော၊ ဟွေး၊ ကျောက်ဂူ၊ ကောင်းဘို့၊ ကျိုင်းခမ်း၊ နန်းကောင်းမှုကျေးရွာများအား ရှမ်းပြည်နယ်အစိုး ရအဖွဲ့ဝင်ပြည်နယ်စိုက်ပျိုးရေး၊မွေး မြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးစိုင်း လုံကျော်မှပေးအပ်၍လည်းကောင်း၊ Cash For Work (CFW)စီမံကိန်း ဖြင့်ဆောင်ရွက်မည့်ကျေးရွာများမှာ ပိန္နဲကုန်း၊ပင်ဖြစ်(ရပ်ကွက်၁၂)၊တီ တောက်ကုန်း၊ စံပယ်ကုန်း၊ ကန်သာ၊ တပ်ဦး(ရွာသစ်)၊ သဲချောင်း၊ ငါးပင်(ရွာသစ်)၊ သဖန်းအိုင်(ရှားပင်ရေ)၊ပိ န္နဲပင်( ရွာသစ်) တို့အား ရှမ်းပြည်နယ်ကျေးလက်ဒေသဦးစီးဌာနပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်းမှပေးအပ်၍လည်း ကောင်း၊ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP)ဖြင့်ထပ်မံအကောင်အထည်ဖော်ဆောင်ရွက်မည့်ကျေးရွာများမှာ မြင်တောင်ကျေးရွာအုပ်စု အောင်မြေအင်း၊ ပါမဲကျေးရွာ အညပ်စုမြေနီတို့ အားရပ်စောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမြို့နယ်အုပ်ချုပ် ရေးမှူးမှ လည်းကောင်း၊ ၂၀၁၉-၂၀၂၀ခုဘဏ္ဍာရေးနှစ်တွင်မြ စိမ်းရောင်ကျေးရွာစီမံကိန်းအကောင် အထည်ဖော်ဆောင်ရွက်လိုသည့်အဆိုပြုကျေးရွာမှာ ရပ်စောက်မြို့နယ် ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု ပိန္နဲပင်(ရွာသစ်)၊ကျောက်တောကျေး ရွာအုပ်စုရုပ်ကြီး+မဲအက်ကျေးရွာ၊ ကျောက်တောကျေးရွာအုပ်စု ရုပ်ငယ်ကျေးရွာတို့အားခရိုင်ကျေးလက်းဒေသဖွံ့ဖြိုးရေးဦးစီးဌာန ခရိုင်မှူးမှအသီးသီး ပေးအပ်ခဲ့ကြကြောင်းသိရသည်။ 

မောင်မောင်သန်း(ပြန်/ဆက်) 

09250132943

 

၂၀၂၀ ပြည့်နှစ်၊ ရှမ်းပြည်နယ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေး

တောင်ကြီး ဩဂုတ် - ၁၄

149

၂၀၂၀ ပြည့်နှစ်၊ ရှမ်းပြည်နယ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်ချောမွေ့စွာ ကျင်းပနိုင်ရေး အတွက် လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပွဲကို ဩဂုတ် ၁၄ ရက် မွန်းလွဲ ၂ နာရီက ‌တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရှမ်းပြည်နယ်အတွင်း မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးနိုင်ရန် မဲစာရင်း မှန်မှန်ကန်ကန် ရှိစေရန် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချမ်းမြေ့စွာ မဲပေးနိုင်ရန် အုပ်ချုပ်မှုဆိုင်ရာလုပ်ငန်းများ ပြည့်စုံစွာ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ယနေ့ တွေ့ဆုံဆွေးနွေးရခြင်းဖြစ်ကြောင်း၊ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ပံ့ပိုးကူညီရေးအဖွဲ့ကိုလည်း ပြည်နယ်ဝန်ကြီးချုပ်က ဦးဆောင်ပြီး အဖွဲ့ဝင် (၅)ဦးဖြင့် ညွှန်ကြားချက် နှင့်အညီ ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အတွင်း ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်မြေ (၅၅)နေရာ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ (၁၂)နေရာ၊ ပြည်နယ်မဲဆန္ဒနယ်မြေ (၁၁၀)နေရာနှင့် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်မြေများအဖြစ် ဗမာ၊ ကချင်၊ လီဆူ၊ လားဟူ၊ အင်းသား၊ အာခါနှင့် ကယန်း တိုင်းရင်းသားလူမျိုးရေးရာ မဲဆန္ဒနယ်များ သတ်မှတ်ထားရှိမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက်များ ထုတ်ပြန်ထားရှိပြီးဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စာရင်းအနေဖြင့် မြို့နယ်ပေါင်း (၅၀)မြို့နယ်မှ မဲ ဆန္ဒရှင် စုစုပေါင်း (၃၅)သိန်းကျော်ကို စာရင်းပြုစုဆောင်ရွက်ထားရှိပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်ချက် နှင့်အညီ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂၅ ရက်မှ ဩဂုတ်လ ၇ ရက်နေ့အထိ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အမည်စာရင်း ကြေညာဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အတွင်း ဆောင်ရွက်ရမည့် ကဏ္ဍအလိုက် လုပ်ငန်းစဉ်များ အဆင်ပြေ ချောမွေ့စေရေးအတွက် တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးထင်ကျော်က မဲဆန္ဒရှင်များ မဲစာရင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းနှင့် တက်ရောက်လာသည့် ရှမ်းပြည်နယ်အတွင်းရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးများမှ တင်ပြဆွေးနွေးကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(ပြန်/ဆက်)

09-250132943

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အင်းတိန်-မှော်ဘီလမ်း အင်းတိန် သံကူကွန်ကရစ်တံတား တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှု

 ညောင်ရွှေ     ဇူလိုင်    -    ၂၄

144

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်အနောက်ဘက်ခြမ်းရှိ အင်းတိန်-မှော်ဘီ လမ်း အင်းတိန်သံကူကွန်ကရစ်တံတား တည်ဆောက်နေမှုအား ဇူလိုင်လ (၂၄)ရက် နံနက်(၁၀)က ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊အတွင်းရေးမှူးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အင်းတိန်-မှော်ဘီလမ်း အင်းတိန်သံကူကွန်ကရစ် တံတား တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုရာ တံတားအထူး(၁၂)၊ ဒုတိယညွှန်ကြားရေးမှူး ဦးသန့်ဇင်မှ တံတားနှင့် ပတ်သက်၍ ရှင်းလင်းကြောင်း သိရှိရသည်။ 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန် ရှိသူများက တံတားတည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိများသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ လမ်း ရှင်းလင်းဆောင်သို့ ရောက်ရှိလာရာ ညောင်ရွှေမြို့နယ်၊ ခေါင်တိုင်-အင်းတိန်-တောင်တို-မှော်ဘီ(တုံဟုံး တံတား)လမ်း(မိုင်၁၀/၆-၃၆ / ၆ = ၂၆/ ၀မိုင်)ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း စီမံကိန်းနှင့်ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးမှ ရှင်းလင်းကြောင်း သိရှိရသည်။ 

မောင်မောင်သန်း(ပြန်/ဆက်) 

09250132943

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများအား ဒုတိယအကြိမ် စားနပ်ရိက္ခာ ထောက်ပံ့ပေးအပ်

တောင်ကြီး       ဇူလိုင်       ၂၉

148

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား ဒုတိယ အကြိမ် စားနပ်ရိက္ခာထောက်ပံ့ပေးအပ်ခြင်းကို ဇူလိုင်လ (၂၉)ရက်၊ ညနေ (၃)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တာဝန် ထမ်းဆောင်လာသည်မှာ ဒုတိယသက်တမ်းကာလတွင် နောက်ဆုံးအကြိမ် ရောက်ရှိလာပြီဖြစ်၍ ယနေ့တက်ရောက်လာသည့် ဝန်ထမ်းများမှ တက်ညီလက်ညီ၊ အောင်အောင်မြင်မြင် ဆောင်ရွက်ပေးကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ဝန်ထမ်းများ၏ အခက်အခဲများကိုလည်း  ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဒုတိယအကြိမ် ထပ်မံ၍ ထောက်ပံ့ပေးရသည့်အတွက် ဝမ်းသာမိပါကြောင်း၊ ဝန်ထမ်းများကလည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့တွင် မိမိတို့အစိုးရအဖွဲ့သာမက နောင်လာမည့် အစိုးရအဖွဲ့များ တာဝန်ဆက်လက် ဆောင်ရွက်သည့် အချိန်များတွင်လည်း အစိုးရအဖွဲ့၏ အားထားရသော အဓိက မဏ္ဍိုင်ကြီးသဖွယ်၊ ယန္တရားကြီးသဖွယ်အဖြစ် ဆက်လက်ဆောင်ရွက်ပေးသွားကြရန် ပြောကြားသွားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦး၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ ပြည်နယ်ဥပဒေချုပ် ဦးတင်ဦး၊ ပြည်နယ်စာရင်းစစ်ချုပ် ဒေါ်နန်းဝိုဟိန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းတို့မှ ဝန်ထမ်းများအား ဆန်၊ ဆီ၊ ကြက်ဥနှင့် ငွေသားကျပ် (၁၀၀၀၀)စီ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ 

အဆိုပါ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်း (၁၆၈) ဦး၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်း (၈၂) ဦး၊ နေ့စား၊ သန့်ရှင်းရေး (၁၂)ဦး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေး ရဲတပ်ဖွဲ့ (၁၈)ဦး၊ ပြည်နယ်ဝန်ကြီးချုပ်၏ လုံခြုံရေးရဲတပ်ဖွဲ့ (၁၇)ဦး၊ စုစုပေါင်း (၂၉၇)ဦးတို့အား တစ်ဦးလျှင် ဆန်(၄)ပြည်၊ ဆီ (၅၀) ကျပ်သား၊ ကြက်ဥ (၁၂)လုံး၊ ငွေကျပ် (၁၀၀၀၀)စီ ထောက်ပံ့ပေးအပ်ပြီး စုစုပေါင်း ကုန်ကျမှုမှာ (၅၉၄၀၀၀၀) ကျပ်ဖြစ်ကြောင်း သိရှိရသည်။

မောင်မောင်သန်း(ပြန်/ဆက်)

၀၉-၂၅၀၁၃၂၉၄၃

ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

တောင်ကြီး ဇူလိုင်   −   ၂၉

147

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ဇူလိုင်(၂၉)ရက် နံနက် (၁၀) နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပသည်။

အခမ်းအနားတွင် ဆရာတော်၊ သံဃာတော်များ၊ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်တို့က နမော တဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး တောင်ကြီးမြို့၊ သိမ်တောင်ပရိယတ္တိ စာသင်တိုက် ဆရာတော် ရှမ်းပြည်နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ မဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တ တေဇဝန္တထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြ၍ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော မေတ္တာသုတ်ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ ဗမာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့နှင့် တာဝန်ရှိသူတို့က ဆရာတော်၊ သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြပြီး တောင်ကြီးမြို့၊ သိမ်တောင်ပရိယတ္တိ စာသင်တိုက် ဆရာတော် ရှမ်းပြည်နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ မဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တ တေဇဝန္တထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ နှင့် တာဝန်ရှိသူတို့က ဆရာတော်၊ သံဃာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပေးကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(ပြန်/ဆက်)

09-250132943

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ‌နောင်ထော်-ပွန်ချောင်း (3/2မိုင်) ကတ္တရာထပ်ပိုးလွှာခင်းလမ်းဖွင့်ပွဲကျင်းပ

ဆီဆိုင် ဇူလိုင် - 17

Untitled-1

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ‌နောင်ထော်-ပွန်ချောင်း (3/2မိုင်) ကတ္တရာထပ်ပိုးလွှာခင်းလမ်း ဖွင့်ပွဲကို ဇူလိုင် 17 ရက် နံနက် 10 နာရီခွဲက ဆီဆိုင်မြို့နယ်၊ နောင်ထော်ကျေးရွာ၊ နောင်ထော်-ပွန်ချောင်းလမ်းမုခ်ဦး၌ ကျင်းပကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က မြန်မာနိုင်ငံတွင် မြို့နေပြည်သူ (30%)ခန့် ရှိပြီး ကျေးလက်နေပြည်သူ (၇၀%)ခန့် ရှိကာ ရှမ်းပြည်နယ်အတွင်း မြို့ပြနေလူထုမှာ (24%)ခန့် ရှိ၍ ကျေးလက်နေပြည်သူ (76%)အထက် ရှိနေသောကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် ကျေးလက်ဒေသ၌ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထား ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ရာတွင် ကျေးလက်ဒေသနေပြည်သူ များ ဆင်းရဲမှုလျှော့ချရန်နှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်လျက် ရှိရာ အခြေခံကျသော ကျေးလက်ဒေသ၏ လမ်းပန်းဆက်သွယ်မှု လွယ်ကူရေးသည် အဓိကကျသော အချက်တစ်ချက် ဖြစ်ပါကြောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ‌ဒေသအတွင်းရှိ ဒေသအများစုသည် နယ်မြေတည်ငြိမ်အေးချမ်းသည့် အနေအထားကြောင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ခဲ့သောကြောင့် အခြား‌ဒေသများထက် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး ဒေသခံပြည်သူ များ၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်မှု ရရှိသည်ကို တွေ့ရှိရသဖြင့် များစွာဝမ်းမြောက်မိပါကြောင်း၊ အချို့ဒေသများ တွင် အခြေအနေအရပ်အရပ်ကြောင့် ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးဘဲ ကျန်ရှိနေသေးသည်ကိုလည်း တွေ့ရှိရမှာဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အတွင်း ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနများက သက်ဆိုင်ရာဌာနများအလိုက် ရည်ရွယ်ချက်၊ ရည်မှန်းချက် လုပ်ငန်းစဉ်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေ ဖြင့် နှစ်တိုနှစ်ရှည် စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ 2019-2020 ဘဏ္ဍာရေးနှစ်တွင် ရှမ်းပြည်နယ်တစ်ဝှမ်းလုံး၌ ခွင့်ပြုရန်ပုံငွေကျပ် (11)ဘီလီယံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း၌ 2019-2020 ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်နယ်အစိုးရ ခွင့်ပြု ရန်ပုံငွေကျပ်(727.286)သန်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပြီး 2020- 2021 ဘဏ္ဍာရေးနှစ်အတွက်လည်း ရန်ပုံငွေကျပ်(954.663)သန်း အဆိုပြုတင်ပြထားရှိပြီးဖြစ်ကြောင်း ပြောကြားသွားသည်။ 

ယနေ့ ဖွင့်လှစ်ပေးသည့် ဆီဆိုင်မြို့နယ်၊ နောင်ထော်-ပွန်ချောင်း 3 မိုင် 2 ဖာလုံ ကတ္တရာထပ်ပိုးလွှာခင်းလမ်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ငြိမ်းချမ်းရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး မြေလမ်း 4 မိုင် 2 ဖာလုံ ပြုပြင်ထိန်းသိမ်းခြင်းနှင့် လမ်းပိုင်းများတွင် လိုအပ်သော 10 ပေ Box Culvert (3)စင်း၊ 5 ပေ Box Culvert (5)စင်း တည်ဆောက်ခြင်းလုပ်ငန်းများအတွက် ရန်ပုံငွေကျပ်(391.765)သန်းကို ပြည်နယ်အစိုးရအဖွဲ့၏ ငြိမ်းချမ်းရေးရန်ပုံငွေမှ ကျခံသုံးစွဲခဲ့ခြင်းဖြစ်ကြောင်း၊ ကတ္တရာထပ်ပိုးလွှာ 3 မိုင် 2 ဖာလုံ ခင်းခြင်းလုပ်ငန်းကို ဓနုမင်းသားကုမ္ပဏီမှ ခွင့်ပြုငွေကျပ် (313.551)သန်းဖြင့် တင်ဒါအောင်မြင်ပြီး 2020 ပြည့်နှစ်၊ မေလ 5 ရက်နေ့မှ လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပြီး ယနေ့လမ်း ဖွင့်ပွဲအခမ်းအနား ကျင်းပနိုင်ခဲ့သည့်အတွက် ဒေသခံပြည်သူများအနေဖြင့် ရာသီမရွေး လွယ်ကူချောမွေ့စွာ သွားလာနိုင် တော့မည်ဖြစ်၍ နှစ်လတာကာလအတွင်း သတ်မှတ်ချက်များနှင့်အညီ အင်တိုက်အားတိုက် လုပ်ငန်းပြီးစီးအောင်ဆောင်ရွက် ပေးခဲ့သည့် ဓနုမင်းသားကုမ္ပဏီကိုလည်း ဒေသခံပြည်သူများကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း ၎င်းက ပြောကြားသွားသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ကိုယ်စားလှယ် ဦးခွန်မြင့်ထွန်းမှ အမှာစကားပြောကြားပြီး ဒေသခံ ဦးခွန်ဝိလာသက္ကမှ ကျေးဇူးတင်စကားပြောကြားကာ ကတ္တရာထပ်ပိုးလွှာလမ်းပိုင်းအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦး၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ကိုယ်စားလှယ် ဦးခွန်မြင့်ထွန်းမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကတ္တရာထပ်ပိုးလွှာလမ်းပိုင်း အား လှည့်လည်ကြည့်ရှုစစ်ဆေးကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(ပြန်/ဆက်)

09-250132943

More Articles...

  1. ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) တို့ တွေ့ဆုံ
  2. ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး (FAW)ကာကွယ်နှိမ်နင်းရန် ထောက်ပံပစ္စည်းပေးအပ်ခြင်းနှင့် မိုးစပါးကောက်စက်စိုက်ဖြင့် စိုက်ပျိုးပြသခြင်း တက်ရောက်
  3. အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်ဆိုင်ရာ ရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ်
  4. ရှမ်းပြည်နယ် ရင်းနှီးမြုပ်နှံမှုကော်မတီ(၁/၂၀၂၀)ကြိမ်မြောက်အစည်းအဝေးကျင်းပ
  5. ဈေးပြိုင်လေလံကြော်ငြာအမှတ်-၃/၂၀၁၉-၂၀၂၀(ဒေသဖွံ့ဖြိုးရေး) (သတ-ဖ) သစ်မာ(သစ်လုံး/တိုင်/သစ်ခွဲသား)များအား ဒေသဖွံ့ဖြိုးရေးသို့ ရောင်းချခြင်း
  6. လေလံကြော်ငြာအမှတ်-၂/၂၀၁၉-၂၀၂၀ (MSME) သာမန်/(သတ-ဖ) ကျွန်း/သစ်မာ (သစ်လုံး/တိုင်/သစ်ခွဲသား)များအား သစ်အခြေခံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME)သို့ ရောင်းချခြင်း
  7. (၇၃)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
  8. ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးမှ လွယ်ဟောင်ကျေးရွာ ကုန်းမြင့် လယ်ယာအား ကြည့်ရှုစစ်ဆေး
  9. ရပ်စောက်မြို့နယ်၊ ဟွေးကျေးရွာအုပ်စု၊ လဲချားကျေးရွာသို့ ဒေသနွားမ ပြာစိမ်း (၂၀)ကောင်နှင့် ဒေသနွားပြာစိမ်း အထီး (၁)ကောင် ပေးအပ်
  10. ရပ်စောက်မြို့၊ ဗထူးစမ်းနှင့် အင်းခေါင်းကန်အတွင်း ငါးမျိုးစိုက်ထည့်ပေး

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-yuneရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံနှင့် မိုင်းယောင်း(မိုင်းယု)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 63 guests and no members online

Latest Updates