သတင်းများ

ရှမ်းပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တောင်ကြီး    အောက်တိုဘာ   −   ၃၁

265
    ရှမ်းပြည်နယ် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၆/၂၀၁၉)ကို အောက်တိုဘာ(၃၀)ရက် နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
    ရှမ်းပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအနေဖြင့် ရှမ်းပြည်နယ်အတွင်းရှိ မြေယာကိစ္စ တင်ပြတိုင်ကြားမှုများအပေါ် စိစစ်ဖြေရှင်းဆောင်ရွက် ခြင်းနှင့် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ပြန်လည်စွန့်လွှတ်သည့် မြေယာများကို သက်ဆိုင်သူများထံသို့ ပြန်လည် လွှဲပြောင်းပေးအပ်ခြင်း လုပ်ငန်းများကို လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီမှ ချမှတ်ထားသော မူဝါဒများ၊ လုပ်ငန်းစဉ်များနှင့်အညီ  စိစစ်ဖြေရှင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုလယ်ယာမြေနှင့်အခြား မြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီလက်ထက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်း များမှ စုစုပေါင်းပြန်လည်စွန့်လွှတ်သည့် အမှုကိစ္စပေါင်း(၁၅၉)မှု၊ မြေဧရိယာ(၃၁၃၇၁.၀၉၈)ဧကအနက် သက်ဆိုင်သူများထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ရန် စွန့်လွှတ်သည့် အမှုကိစ္စပေါင်း(၆၅)မှု၊ မြေဧရိယာ(၃၇၉၇.၈၉၆)ဧက အသုံးမပြု၍ ပိုလျှံသဖြင့် ပြန်လည်စွန့်လွှတ်သည့် အမှုကိစ္စပေါင်း(၇၈)မှု၊ မြေဧရိယာ(၁၅၉၉၂.၆၃၂)ဧက၊ အခြားဝန်ကြီးဌာနများသို့ လွှဲပြောင်းရန်စွန့်လွှတ် သည့်အမှုကိစ္စပေါင်း(၁၆)မှု၊ မြေဧရိယာ(၁၁၅၈၀.၅၇၀)ဧကဖြစ်ပြီး ပြန်လည်စွန့်လွှတ်မြေများတွင် တောင်သူများထံ ပြန်လည် လွှဲအပ်နိုင်သော မြေဧရိယာ(၃၁၃၇၁.၀၉၈)ဧကအနက် မြေဧရိယာ(၃၀၃၂၆.၆၉၆)ဧကကို သက်ဆိုင်ရာလက်ဝယ်သို့ လွှဲပြောင်း ပေးအပ်နိုင်ခဲ့ပြီး ကျန်မြေဧရိယာ(၁၀၀၃.၄၆၂)ဧကကို တောင်သူများထံ ပြန်လည်လွှဲပြောင်း ပေးအပ်နိုင်ရေးအတွက် စိစစ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ရှမ်းပြည်နယ်တွင် ယခုလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီမှ ပေးပို့လာသော မြေယာကိစ္စ တိုင်ကြားစာပေါင်း(၆၂၄)မှုရှိပြီး (၄၈၅)မှုကို စိစစ်ဖြေရှင်းဆောင်ရွက်ခဲ့ပြီး ကျန်ရှိ သည့်(၁၃၉)မှုကိုလည်း အမြန်ဆုံးပြီးပြတ်စေရေးအတွက် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီအဆင့်ဆင့်က ဗဟိုကော်မတီ၏မူဝါဒနှင့် လုပ်ငန်းစဉ်(၅၂)ချက်၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီစိစစ်ဖြေရှင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ရှမ်းပြည်နယ်အတွင်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ ပြန်လည်စွန့်လွှတ်သည့် စုစုပေါင်းအမှုကိစ္စပေါင်း(၃၃၂)မှု၊ မြေဧရိယာ(၈၁၄၄၂.၁၅၇)ဧက၊ လွှဲပြောင်းပေးအပ်ပြီး ဧရိယာ (၈၀၃၉၃.၇၅၅)ဧက၊ လွှဲပြောင်းပေးရန်ကျန်ဧရိယာ(၁၀၀၇.၄၆၂)ဧက၊ မြေပြင်စိစစ်လျော့နည်းဧရိယာ(၄၀.၉၄၀)ဧကဖြစ်ကြောင်း ပြောကြားသွားသည်။
ဆက်လက်၍ ရှမ်းပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ၊ တွဲဖက်အတွင်းရေးမှူး၊ လယ်ယာမြေစီမံခန့်ခွဲမှုနှင့်စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးဆန်းဝင်းက အမှုတစ်မှုချင်းအလိုက် ဆွေးနွေးပြောကြားပြီး၊ တက်ရောက်လာသည့် ပြည်နယ်မြေစစ် ကော်မတီဝင်များနှင့် ခရိုင်မြေစစ်ကော်မတီဥက္ကဋ္ဌ၊ တွဲဖက် အတွင်းရေးမှူးများက ဆွေးနွေးတင်ပြ၍ အထွေထွေဆွေးနွေးကြကာ ရှမ်းပြည်နယ် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)
09-250132943

အပါတ်စဉ်(၄၂) ဆဋ္ဌမအကြိမ် သူနာပြုဒီပလိုမာ အောင်လက်မှတ်ပေးအပ်ပွဲ ကျင်းပ

တောင်ကြီး    အောက်တိုဘာ   −   ၃၁

264
    သူနာပြုသင်တန်းကျောင်း(တောင်ကြီး)၏ အပါတ်စဉ်(၄၂) ဆဋ္ဌမအကြိမ် သူနာပြုဒီပလိုမာ အောင်လက်မှတ်ပေးအပ်ပွဲ ကိုအောက်တိုဘာလ(၃၀)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
    ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက မောင်တို့မယ်တို့အနေဖြင့် (၃)နှစ်တိုင်တိုင် ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် ကြိုးစားအားထုတ်မှုကြောင့် ယခုလိုသူနာပြုဒီပလိုမာ အောင်လက်မှတ်ကို အောင်မြင်စွာ ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ကြောင်း၊ ယနေ့ခေတ်သည် ပညာခေတ်ကြီးဖြစ်သည့်အတွက် ကမ္ဘာနှင့်အဝှမ်း နည်းပညာ တိုးတက်မှုများကလည်း မြန်ဆန် သောကြောင့် နိုင်ငံတစ်နိုင်ငံ တိုးတက်ရန်အတွက် သဘာဝသယံဇာတ အရင်းအမြစ်များရှိရန်လိုအပ်သလို လူ့စွမ်းအားအရင်းအမြစ် များပိုင်ဆိုင်နိုင်ရန် လိုအပ်ပါကြောင်း၊ အရည်အချင်းမြင့်မားသော လူ့စွမ်းအားအရင်းအမြစ်များများရှိလေ တိုင်းပြည်၏အင်အား ပို၍ကြီးမားလေလေဖြစ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးနှင့် ရင်ပေါင်တန်းနိုင်မည်ဖြစ်ကြောင်း၊ ယနေ့သင်တန်းဆင်း သူနာပြု၊ သားဖွား ဒီပလိုမာ အောင်လက်မှတ်ရရှိကြသည့် မောင်တို့မယ်တို့ကသိရှိပြီး ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်သလို သင်တန်းဆင်းပြီး လုပ်ငန်းခွင်ကို မကြာမီဝင်ရောက်ကြတော့မည့် မောင်တို့မယ်တို့အနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) အတွင်းမှာရှိသည့် ဆေးရုံ နှင့်ဆေးပေးခန်း အခြေအနေများကို သိရှိရန်လိုအပ်ပါကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ခုတင်(၅၀၀)ဆံ့ဆေးရုံ(၂)ရုံ၊ ခုတင်(၂၀၀)ဆံ့ဆေးရုံ(၃)ရုံ၊ ခုတင်(၁၀၀)ဆံ့ဆေးရုံ(၂)ရုံ၊ ခုတင်(၅၀)ဆံ့ဆေးရုံ(၇)ရုံ၊ (၂၅)ခုတင်ဆံ့ဆေးရုံ(၁၆)ရုံ၊ (၁၆)ခုတင်ဆံ့ ဆေးရုံ(၃၈)ရုံနှင့် ကျေးလက်ကျန်းမာရေးဌာန(၂၈)ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ(၃၈၂)၊ ဒေသန္တရကျန်းမာရေးဌာန(၂)ခု၊ ကျောင်းကျန်းမာရေးဌာန(၃)ခု၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန(၂၅)ခု၊ နယ်စပ်ဒေသ ဆေးပေးခန်း(၂)ခုရှိပြီး ၎င်းဌာနတွင် မောင်တို့မယ်တို့ သွားရောက်တာဝန် ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ ဒီပလိုမာအောင်လက်မှတ်ရပြီး လုပ်ငန်းခွင်အသီးသီး ကိုဝင်ရောက်သည့်အခါတွင် နိုင်ငံတော်၏ကျေးဇူးသစ္စာကို အစဉ်ထာဝရစောင့်သိရိုသေကြပြီး ပြည်သူလူထုနှင့်ဆက်ဆံရာတွင် မေတ္တာ၊ စေတနာအရင်းခံပြီး ပြည်သူနှင့်တစ်သားတည်းဖြစ်အောင် ဆက်ဆံကြရန် အထူးမှာကြားလိုကြောင်း ပြောကြားသွားသည်။
    ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ဒီပလိုမာ အောင်လက်မှတ်ရယူ ကြမည့်သူများအား ခန်းမအတွင်း ရင်းနှီးစွာနှုတ်ဆက်အားပေး စကားပြောကြားခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)
09-250132943

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်အတွင်း ပြန်လည်စွန့်လွတ်အပ်နှံလာသည့် မြေဧက(၂၀၀)အနက်မှ (၁၇၂.၃၉)ဧကအား မူလတောင်သူ(၄၄)ဦးထံသို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၃)များပေးအပ်

ဆီဆိုင်  အောက်တိုဘာ   −   ၂၅

260
 ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်အတွင်း ကာကွယ်ရေးဝန်ကြီးဌာန၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမှတ်(၁)စစ်ဗျူဟာရုံးမှ နိုင်ငံတော်သို့ ပြန်လည်စွန့်လွှတ်အပ်နှံလာသည့် မြေဧက(၂၀၀)အနက်မှ (၁၇၂.၃၉)ဧကအား မူလ တောင်သူ(၄၄)ဦးထံသို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၃)များပေးအပ်ခြင်းကို အောက်တိုဘာ(၂၅)ရက် မွန်းလွဲ(၁)နာရီခွဲက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
 ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံတွင် လယ်ယာ မြေသည်လယ်သမားများအတွက် အသက်သွေးကြောဖြစ်၍ အသက်တမျှအရေးကြီးလှသော လယ်ယာမြေပြန်လည်ရရှိရန် ရှမ်းပြည်နယ် အစိုးရအနေဖြင့် ဦးစားပေးအထူးတာဝန်တစ်ရပ်အနေဖြင့်သတ်မှတ်၍ ဆောင်ရွက်ပေးနေပါကြောင်း၊ အကြောင်း အမျိုးမျိုးကြောင့် သိမ်းဆည်းမြေယာများထဲက အသုံးမပြုတော့သည့်နေရာများကို ပြန်လည်စွန့်လွှတ်ရာတွင် မူလပိုင်ရှင်ထံ မြန်မြန်ရောက်ပြီး စောစောအကျိုးခံစားနိုင်ရန် စိုက်ပျိုးရာသီအမီ အမြန်လွှဲပြောင်းပေးအပ်နိုင်ရေးသည် ရှမ်းပြည်နယ်အစိုးရ အနေဖြင့် ပွင့်လင်းမြင်သာမှုရှိပြီး ရေရှည်ဖွံ့ဖြိုးမှုဖြစ်စေမည့် မူဝါဒနှင့်လုပ်ငန်းစဉ်များချမှတ်ကာ စနစ်တကျစိစစ်လွှဲပြောင်းပေး နိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်အတွင်း ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁)အခြေချစစ်ဗျူဟာမှ ပြန်လည်စွန့်လွှတ်အပ်နှံလာမှုအပေါ် မြေဧရိယာ(၁၇၂.၃၉)ဧက ဦးပိုင်(၆၀)ခုအား တောင်သူ (၄၄)ဦးလက်ဝယ်သို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၃)လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း၊ ယခုလိုရှမ်းပြည်နယ် အတွင်းမှာပြန်လည်စွန့်လွှတ်အပ်နှံမြေများကို သက်ဆိုင်ရာတောင်သူများထံသို့ ပြန်လည်ပေးအပ်ပွဲကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့ကြသော မြေစွန့်လွှတ်သည့်ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်သူများလက်ဝယ် ပြန်လည်ပေးအပ်နိုင်ရေး ကြိုးပမ်းပေးခဲ့ကြသော ဌာနဆိုင်ရာအသီးသီးက တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီကိုယ်စား ကျေးဇူးတင်အသိအမှတ်ပြုပါကြောင်းနှင့် တောင်သူများအနေဖြင့် ရရှိလာသော မြေများကို စိုက်ပျိုးလုပ်ကိုင်ရာတွင် မိမိတို့တစ်ကိုယ်ရေ တစ်မိသားစု ဝမ်းစာဖူလုံရေးမှ နိုင်ငံစီးပွားတိုးတက်မှုကို အထောက်အကူ ပြုနိုင်သည့် ကုန်ထုတ်လယ်ယာမြေများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်ပြောကြားသွားသည်။
 ဆက်လက်၍ ရှမ်းပြည်နယ် လယ်ယာမြေနှင့်အခြားမြေသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်မှ ရှမ်းပြည်နယ်အတွင်း မြေယာကိစ္စတိုင်ကြားစာများအပေါ် ဖြေရှင်းဆောင်ရွက်မှုအခြေအနေနှင့် စွန့်လွှတ်မြေများကို မူလတောင်သူများထံသို့ ပြန်လည် ပေးအပ်မှု အခြေအနေအား ရှင်းလင်းတင်ပြပြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌ ဦးခွန်စံလွင်မှ ဒေသဆိုင်ရာ အခြေအနေများအား ရှင်းလင်းတင်ပြကြောင်းသိရသည်။
 ထို့နောက် ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၃)နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ရာ ရှမ်းပြည်နယ် လယ်ယာမြေနှင့် အခြားမြေသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ဆီဆိုင်မြို့နယ် ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တို့မှပေးအပ်ရာ တောင်သူအသီးသီးတို့က လက်ခံရယူကြပြီး တောင်သူများကိုယ်စား တောင်သူ ဒေါ်နန်းချိုချိုဝင်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)
09-250132943

Wash in School ပြည်နယ်အဆင့် နည်းပြသင်တန်းဖွင့်ပွဲကျင်းပ

တောင်ကြီး    အောက်တိုဘာ   −   ၃၁

263
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ Royal Taunggyi Hotel ၌အောက်တိုဘာလ(၃၀)ရက် မွန်းလွဲ(၁)နာရီက Wash in School ပြည်နယ်အဆင့် နည်းပြသင်တန်းဖွင့်ပွဲ ကျင်းပကြောင်းသိရသည်။
    ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက Wash in School စီမံကိန်းပြည်နယ်အဆင့် သင်တန်းသည် ပညာရေးဝန်ကြီးဌာန၊ ဆက်စပ်ဌာနဆိုင်ရာများနှင့် UNICEF အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သော သင်တန်းဖြစ်၍ Water Sanitation and Hygiene ရေရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးဆိုင်ရာ လုပ်ငန်းများကို ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့က UNICEF နှင့်ပူးပေါင်းပြီး ၂၀၁၇ခုနှစ်က စတင်ဆောင်ရွက်နေပါကြောင်း၊ ၂၀၁၉−၂၀၂၀ ပညာသင်နှစ်မှစ၍ ဖယ်ခုံမြို့နယ်နှင့် ဆီဆိုင် မြို့နယ်တွင် Wash in School ကျောင်းတွင်းရေရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်ငန်းများကို UNICEFကနေပြီး နည်းပညာနှင့်ကုန်ကျစရိတ်များ ထောက်ပံ့ပေး၍ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု သိရှိရသည်အတွက် ဝမ်းမြောက်မိပါကြောင်း၊ Sustainable Development Gouls စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်အရ ၂၀၃၀ ပြည့်နှစ်မှာ လူသားတိုင်းသန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် ဆောင်ရွက်လျက်ရှိသည့်အပြင် သန့်ရှင်းဘေးကင်းသော  သောက်သုံးရေဝန်ဆောင်မှုကို ရရှိအသုံးပြုနိုင်ရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး လုပ်ငန်းများကို အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ သင်တန်းမှရရှိသည့် အသိပညာ၊ အတတ်ပညာများဖြင့် မိမိဒေသရှိ အခြေခံပညာ ကျောင်းများမှ ကလေးများကို (သန့်ရှင်းကြယ်) တစ်ပွင့်မှနှစ်ပွင့်၊ နှစ်ပွင့်မှသုံးပွင့်ထိရရှိအောင် ကြိုးစားဆောင်ရွက်ပေးကြရန် ပြောကြားသွားသည်။
    ဆက်လက်၍ အခြေခံပညာဦးစီးဌာန၊ နေပြည်တော်မှ ဒေါက်တာထွန်းထွန်းသိန်းက ကျောင်းများရေရရှိရေး၊ ပတ်ဝန်းကျင် နှင့်တစ်ကိုယ်ရည်သန့်ရှင်းရေး လုပ်ဆောင်ချက်များကို ရှင်းလင်းတင်ပြပြီး တောင်ကြီးခရိုင် ပညာရေးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးခင်ဇော်ထွန်းက သင်တန်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များ၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးပန်းတိုင် (၆)ရပ်နှင့် Wash in School သန့်ရှင်းကြယ်သုံးပွင့်အကြောင်းကို ရှင်းလင်းတင်ပြ၍ Wash in School သန့်ရှင်းကြယ်နှင့်ပတ်သက်၍ ဗီဒီယိုဖိုင်များ ကိုပြသ၍ ရှင်းလင်းကြောင်းသိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)
09-250132943

ညောင်ရွှေမြို့နယ် နန်းပန်ကျေးရွာတွင် ကျေးရွာမြေငှားဂရန် ပေးအပ်ပွဲကျင်းပ

ညောင်ရွှေ အောက်တိုဘာ   −   ၂၅

259
 ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် နန်းပန်ကျေးရွာတွင် ကျေးရွာမြေငှားဂရန် ပေးအပ်ပွဲကို အောက်တိုဘာ(၂၅)ရက် နံနက်(၉)နာရီခွဲက နန်းပန်စျေးကုန်းကျေးရွာ ဇေယျသုခ ပရဟိတကျောင်း၌ ကျင်းပသည်။
 ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နန်းပန်စျေးကုန်းရွာနေ ပြည်သူများ၏ စိတ်ပိုင်း ဆိုင်ရာလုံခြုံမှုနှင့် ပိုင်ဆိုင်မှုအထောက်အထား ခိုင်မာတည်တံ့စေရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်နယ်/ခရိုင်/ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ခိုင်မာသည့်ပိုင်ဆိုင်မှု အထောက်အထား ကျေးရွာမြေငှားဂရန်အား ကျေးရွာသူ ကျေးရွာသားများလက်ဝယ်အရောက် ပေးအပ်ပွဲအခမ်းအနားဖြစ်ပါကြောင်း၊ နန်းပန်စျေးကုန်း ကျေးရွာအတွင်း သတ်မှတ်ချက်နှင့်ကိုက်ညီသည့် အိမ်ခြေ(၁၁၃)အိမ်အား ကျေးရွာမြေငှားဂရန်ထုတ်ပေးခဲ့ပြီး မြေငှားဂရန်ထုတ် ပေးရန်ကျန်ရှိအိမ်ခြေ(၄၅)အိမ်အနက်မှ အိမ်ခြေ(၂၇)အိမ်ရှိ ပြည်သူများမှ ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေး ထပ်မံတင်ပြ လျှောက်ထားလာမှုအပေါ် ကျေးရွာမြေငှားဂရန်ချထားပေးနိုင်ရေး၊ သက်ဆိုင်ရာဌာနများ၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ဆောင်ရွက်စေခဲ့ပြီး သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် အိမ်ခြေ(၂၂)အိမ်အတွက် ကျေးရွာသူ ကျေးရွာသားများ၏ လက်ဝယ် အရောက်ကျေးရွာမြေငှားဂရန်အား ယနေ့ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကျေးရွာမြေငှားဂရန် ဆက်လက်ထုတ်ပေးနိုင်ရေးနှင့်ပတ်သက်၍ မြို့နယ်(၁)မြို့နယ်လျှင် ကျေးရွာ(၃)ရွာစီရွေးချယ်၍ ဦးစားပေးအဆင့်(၁/၂/၃)အလိုက် သတ်မှတ်ရွေးချယ်ပြီး ကျေးရွာမြေငှားဂရန်များအား စိစစ်ထုတ်ပေးနိုင်ရေးကို စီမံချက်နှင့်အညီ ဆက်လက်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်းပြောကြားသွားသည်။
 ဆက်လက်၍ ကျေးရွာမြေငှားဂရန် စာချုပ်များအားပေးအပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်မှ ကျေးရွာမြေငှားဂရန်စာချုပ်အားပေးအပ်ရာ ကျေးရွာနေပြည်သူတစ်ဦးမှ လက်ခံရယူ၍လည်းကောင်း၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ အင်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များတို့က အသီးသီးကျေးရွာမြေငှားဂရန် စာချုပ်အားပေးအပ်ရာ ကျေးရွာနေပြည်သူတို့မှ အသီးသီးလက်ခံရယူကြပြီး၊ ကျေးရွာမြေငှားဂရန် စာချုပ်များလက်ခံရရှိသည့် ကျေးရွာနေပြည်သူများကိုယ်စား ဦးညွှန့်ဝင်းမှကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်းသိရ သည်။
 ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ညောင်ရွှေမြို့နယ် နောင်တောကျေးရွာအုပ်စု လွယ်ခေါ့ကျေးရွာ တွင်ဌာနဆိုင်ရာ(၁၅)ခုမှ ရွေ့လျားဝန်ဆောင်မှုစနစ်ဖြင့် ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ဒေသ၏လိုအပ်ချက်များ တင်ပြလာသော အချက်အလက်များကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူ အသီးသီးတို့မှ ပြန်လည်ဖြည့်ဆည်းဖြေကြားပေးကြကြောင်းသိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)
09-250132943

ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် ကျောင်းအခြေပြု မီနီမာရသွန်ပြိုင်ပွဲ ကျင်းပ

နမ့်စန်  အောက်တိုဘာ   −   ၂၉

262
၂၀၁၉ခုနှစ် ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် ကျောင်းအခြေပြု မီနီမာရသွန်ပြိုင်ပွဲကို အောက်တိုဘာလ (၂၇)ရက်နေ့ နံနက်ပိုင်းက နမ့်စန်မြို့၌ ကျင်းပခဲ့ကြောင်းသိရသည်။
ဆက်လက်၍ အောက်တိုဘာလ(၂၇)ရက် နံနက်(၉)နာရီတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် တာဝန်ရှိသူများသည် နမ့်စန်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ် သည့် ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးခြင်းနှင့် ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေးအစုလိုက် ထိုးနှံခြင်း လုပ်ငန်း၊ ပြည်နယ်အဆင့်အသိပညာပေး ဆွေးနွေးပွဲကို ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါအခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ အဖွင့် အမှာစကားများ ပြောကြားခဲ့ပြီး အခမ်းအနားသို့ ပြည်နယ်ကျန်းမာရေးမှူး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ လွိုင်လင်ခရိုင်အုပ်ချုပ်ရေးမှူး၊ ရှမ်းပြည်နယ်(တောင်ပိုင်း) မြို့နယ်(၇)ခုမှ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ NGO အဖွဲ့ဝင်များ၊ ပြည်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာ အကြီးအကဲများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
အစရ(ရှမ်း)

လုံခြုံဘေးကင်းပြီး ကလေးပျော်စံပြစာသင်ကျောင်း ဆောက်လုပ်ရေးလမ်းညွှန်စာအုပ် ပြည်နယ်အဆင့်မိတ်ဆက်ခြင်းကျင်းပ

တောင်ကြီး အောက်တိုဘာ   −   ၂၄

257
 ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံသံရုံး၊ ဆွစ်ဖွံ့ဖြိုးရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ SDC တို့ပူးပေါင်းကျင်းပသော လုံခြုံဘေးကင်းပြီး ကလေးပျော်စံပြစာသင်ကျောင်း ဆောက်လုပ်ရေးလမ်းညွှန် စာအုပ် ပြည်နယ်အဆင့်မိတ်ဆက်ခြင်းကို အောက်တိုဘာ(၂၂)ရက် မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့ Taunggyi City Hotel ၌ကျင်းပကြောင်းသိရသည်။
 ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန နှင့်အခြေခံပညာစာသင်ကျောင်း ဆောက်လုပ်ရေးနယ်ပယ်မှ ကျွမ်းကျင်ပညာရှင်များ ရေးသားပြုစုထားသည့် လုံခြုံဘေးကင်းပြီး ကလေးပျော်စံပြစာသင်ကျောင်း ဆောက်လုပ်ရေးလမ်းညွှန်စာအုပ်ဆိုင်ရာ ပြည်နယ်အဆင့်မိတ်ဆက်ပွဲနှင့် နည်းပြသင်တန်း အစီအစဉ်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအတွင်း စာသင်ကျောင်းအသစ်ဆောက်လုပ်ခြင်းအတွက် “လုံခြုံဘေးကင်းပြီး ကလေးပျော် စံပြစာသင်ကျောင်း ဆောက်လုပ်ရေးလမ်းညွှန်စာအုပ်” သည်စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၃၀)ရက်နေ့တွင် အခြေခံပညာဦးစီးဌာနရှိ စာသင်ကျောင်းများဆောက်လုပ်ရာ၌ စာချုပ်ချုပ်ဆို ရာတွင် လုံခြုံဘေးကင်းပြီး ကလေးပျော်စံပြစာသင်ကျောင်း ဆောက်လုပ်ရေးလမ်းညွှန်ချက်များအတိုင်း ထည့်သွင်းချုပ်ဆိုရန် အကြောင်းကြားပြီးဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီကိုဖွဲ့စည်း၍ အခြေခံပညာဦးစီးဌာန၏ စာသင်ကျောင်းများ ဆောက်လုပ်ရေးလုပ်ငန်းများကို သတ်မှတ်အရည်အသွေးပြည့်မှီစေရန် စည်းမျဉ်း စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုံခြုံဘေးကင်းပြီး ကလေးပျော်စံပြစာသင်ကျောင်း ဆောက်လုပ်ရေး လမ်းညွှန်ချက်များ၊ အသိပညာနှင့်အတွေ့အကြုံများကို ပြန်လည်ဆင့်ပွားမျှဝေကြရန်နှင့် မိမိတို့၏စာသင်ကျောင်း ဆောက်လုပ်ရေးလုပ်ငန်းများတွင် လက်တွေ့ပြန်လည်အသုံးပြုကြရန် ပြောကြားသွားသည်။
 ဆက်လက်၍ ဆွစ်ဇာလန်သံရုံးမှ တာဝန်ခံအကြီးအကဲတစ်ဦး၊ ပြည်နယ်ပညာရေးမှူး၊ SCSCG Task Force အဖွဲ့ ခေါင်းဆောင်တစ်ဦးတို့မှ အသီးသီးအဖွင့်အမှာစကား ပြောကြားကြပြီး လုံခြုံဘေးကင်းပြီး ကလေးပျော်စံပြစာသင်ကျောင်း ဆောက်လုပ်ရေးလမ်းညွှန်စာအုပ် နည်းပြသင်တန်း SCSCG Traning Trainers (SCSCG TOT) သင်တန်းကို ၂၀၁၉ခုနှစ် အောက်တိုဘာလ (၂၃)ရက်နှင့် (၂၄)ရက်များတွင် အထက(၁) တောင်ကြီးမြို့၌ ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး၊ အဆိုပါ အခမ်းအနားသို့ SCSCG Task Force အဖွဲ့ဝင်များ၊ ဆွစ်ဇာလန်သံရုံးမှ တာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်ပညာရေးမှူးများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ဆောက်လုပ်ရေးကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)
09-250132943

Child’s Dream ကျောင်းဆောင်သစ်ဖွင့်ပွဲ ကျင်းပ

တောင်ကြီး အောက်တိုဘာ - ၂၅

 261

ပညာရေးစုံညီပွဲတော်နှင့် Child’s Dream ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၅ ရက်နေ့ နံနက် ၁၀နာရီခွဲက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အောင်သုခကျေးရွာ၊ နားဟစ်မူလတန်းလွန် ကျောင်း၌ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

အခမ်းအနားတွင် ပြည်နယ်လူမှုရေးဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ပြည်သူများကို ယုံကြည်အားကိုးပြီး ရှမ်းပြည်နယ်ကြီး ငြိမ်းချမ်းရန်၊ ဖွံ့ဖြိုးတိုးတက်သာယာရန်နှင့် ထိုမှ တဆင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာတိုးတက်ရန် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်သာယာရန်၊ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရန်အတွက် နိုင်ငံ့ပညာရေးကောင်းဖို့ လိုအပ်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးကဏ္ဍတွင် နှစ်စဉ်ရန်ပုံငွေများ တိုးပြီး ခွဲဝေချထား သုံးစွဲလျက်ရှိပါကြောင်း၊ ရရှိသည့် ရန်ပုံငွေများကို လိုအပ်သည့် ဆရာ/ ဆရာမများခန့်ထားခြင်း၊ ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ခြင်း၊ ကျောင်းဆောင်များအသစ်ဆောက်လုပ်ပေးခြင်း၊ ပြုပြင်ခြင်း၊ ပရိဘောဂများ ဖြည့်ဆည်းပေး ခြင်း၊ သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းပေးခြင်းများအပြင် သင်ရိုးသစ်များရေးဆွဲပြီး နှစ်စဉ်တိုးချဲ့သင်ကြား ပေးလျက်ရှိပါကြောင်း၊ ယနေ့  Child’s Dream Myanmar အဖွဲ့မှ တာဝန်ယူဆောက်လုပ်လူဒါန်းထားသော ကျောင်းဆောင်သစ်သည် (၁၀၀X၃၀)ပေ RC ၁ ထပ်ဖြစ်ပြီး စာရေးစားပွဲခုံအစုံ (၅၀)၊ ဆရာ/ဆရာမစားပွဲခုံ (၅)စုံ၊ White Board ၅ ချပ်၊ သုံးခန်းတွဲ အိမ်သာ (၁)လုံး၊ စက်ရေတွင်း (၁)တွင်း၊ ဂါလံ (၁၅၀၀၀)ဆန့်ရေကန်၊ စုစုပေါင်းတန်ဖိုး ငွေကျပ်(၅၁၇)သိန်း ဆောက်လုပ်လှူဒါန်းပေးသည့်အတွက် အထူးဝမ်းသာပီတိဖြစ်မိပါကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ Child’s Dream Myanmar တည်ထောင်သူ၊ Child’s Dream Myanmar အဖွဲ့မှ အလှူရှင်တစ်ဦး၊ ကျောင်းသား/သူများကိုယ်စား ကျောင်းသားတစ်ဦး၊ ကျောင်းအုပ်ဆရာမကြီး၊ အောင်သုခရွာသူရွာသားများ ကိုယ်စား ကျောင်းကော်မတီဝင်တစ်ဦး အသီးသီးတို့မှ ဝမ်းသာစကားပြောကြားပြီး အောင်သုခရွာလူငယ်များမှ တိုင်းရင်းသား ရိုးရာအကဖြင့် သီဆိုဖျော်ဖြေကြကြောင်း သိရသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ကျောင်းအတွက် ပေးအပ်လှူဒါန်းသည့် ဗလာစာအုပ်နှင့် အားကစားပစ္စည်းများကို ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူပြီး Child’s Dream Myanmar တည်ထောင်သူမှ ရှမ်းပြည်နယ် ပညာရေးမှူးအား ကျောင်းဆောင်သစ်နှင့် ပတ်သက်သော စာရွက်စာတမ်းများအား လွှဲပြောင်းပေးအပ်ကာ ကျေးရွာတာဝန်ရှိသူများမှ ကျောင်းဆောင်သစ်ဖွင့်ပွဲအမှတ်တရ ဒိုင်းများကို ပြည်နယ်လူမှုရေးဝန်ကြီး၊ ပညာရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် အလှူရှင်များအား ပေးအပ်ခဲ့ကြောင်း သိရသည်။

အစရ(ရှမ်း)

တောင်ကြီးမြို့ ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်ကြီး အောက်တိုဘာ   −   ၂၃

256
 တောင်ကြီးမြို့ ရေကြီးရေလျှံမှုနှင့်စပ်လျဉ်းပြီး ဆွေးနွေးအဖြေရှာနိုင်ရန်နှင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့် အကျိုးဆက်ဖြစ်သည့် ဘေးအန္တရာယ်ကျရောက်မှုဖြစ်စဉ်ကို နေရာအသီးသီးတွင် သိသိသာသာတွေ့မြင်ခံစားနေရပြီး တောင်ကြီးမြို့ သည်လည်း ရာသီဥတုဖောက်ပြန်မှုကြောင့် ဖြစ်ပေါ်လာသော ရေကြီးရေလျှံမှုဒဏ်ကို မကြာခဏ ကြုံတွေ့နေရသည့်အတွက် တောင်ကြီးမြို့ ရေစီးရေလာကောင်းမွန်ရန် အောက်တိုဘာ(၂၃)ရက် မွန်းလွဲ(၂)နာရီက ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေး ခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပကြောင်းသိရသည်။
 ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ယခုနှစ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှု ကြောင့်တောင်ကြီးမြို့ပေါ်တွင် ရေကြီးရေလျှံမှုဒဏ်ကို (၅)ကြိမ်ထက်မနည်းခံစားရပြီး အိုးအိမ်ပျက်စီးဆုံးရှုံးမှုနှင့် အသက် ဆုံးရှုံးရမှုများကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပါကြောင်း၊ ယခင်ကရေကြီးရေလျှံမှုဖြစ်စဉ်များ မရှိသလောက် ရှားပါးခဲ့သော်လည်း ယခုအခါလူဦးရေ တိုးတက်များပြားလာခြင်း၊ မြို့ပြတိုးချဲ့လာပြီး မြို့ပြဖွံ့ဖြိုးမှုစနစ်တကျမရှိခြင်း၊ စည်းကမ်းမဲ့အမှိုက် စွန့်ပစ်ခြင်း၊ အိမ်ရှင်များမှ ရေမြောင်းဧရိယာများအတွင်း မိမိကိုယ်ကျိုးအလို့ငှာ နည်းမျိုးစုံဖြင့်ကျူးကျော်ချဲ့ထွင်ခြင်း၊ ရေလမ်းကြောင်း အားပြုပြင်စီမံခြင်းတို့ကြောင့် ယခင်ကကောင်းမွန်စွာ စီးဆင်းခဲ့သော ချောင်း၊ မြောင်းများမှာ ကျဉ်းမြောင်းလာပြီး ရေလက်ခံ နိုင်မှုပမာဏနည်းလာခြင်း၊ အမှိုက်ပိတ်ဆို့မှုကြောင့် ချောင်း၊ မြောင်းများတိမ်ကောလာခြင်း၊ ရေစီးဆင်းမှုကို အနှောင့်အယှက် ဖြစ်စေကာရေလမ်းကြောင်း ပြောင်းလဲစီးဆင်းခြင်းတို့ကြောင့် ရေကြီးရေလျှံမှုကို ဖြစ်ပေါ်စေပါကြောင်း၊ မိုးရွာသွန်းမှုပုံစံသည် လည်းယခင်ကနှင့်မတူဘဲ ပြောင်းလဲလာခြင်း၊ ယခင်ကရေစီးဆင်းမှုပုံစံသည် မြို့ပေါ်သို့ရွာချသောမိုးရေများသည် ရေဝပ်ဧရိယာ များအတွင်းသို့ စီးဝင်ကာ ယာယီခိုအောင်းပြီးမှ ရေနုတ်မြောင်းကြီးများမှတစ်ဆင့် တောင်စောင်း၊ ဆင်ခြေလျှောဘက်သို့ စီးဆင်း၍ ယခုအခါ ရေဝပ်ဧရိယာအဖြစ်တည်ရှိခဲ့သော အနိမ့်ပိုင်းဧရိယာများသည် လူဦးရေများပြားလာသည်နှင့်အညီလူများ ဝင်ရောက်နေထိုင်လာမှုကြောင့် ရေဝပ်ဧရိယာများပျောက်ဆုံးကာ ရေနုတ်မြောင်းအတွင်းသို့ တိုက်ရိုက်စီးဝင်ပြီး ရေမြောင်း၏ လက်ခံနိုင်မှုပမာဏထက် ကျော်လွန်ကာရေကြီးရေလျှံမှုကို ဖြစ်ပေါ်စေကြောင်း၊ တောင်ကြီးမြို့ ရေကြီးရေလျှံမှုဖြစ်ပေါ်သည့် အကြောင်းရင်းကိုရှာဖွေ၍ ဖြေရှင်းနိုင်မည့်နည်းလမ်းများကို ပေါင်းစပ်ညှိနှိုင်းဖော်ထုတ်ပေးကြရန် ပြောကြားသွားသည်။
 ဆက်လက်၍ ရှမ်းပြည်နယ် စည်ပင်သာယာရေးညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းမှ တောင်ကြီးမြို့ ရေကြီးရေလျှံ ဖြစ်ပေါ်မှုနှင့်ပတ်သက်၍ မြေပုံကားချပ်ဖြင့်ရှင်းလင်းပြီး သီဟဖွံ့ဖြိုးဆောက်လုပ်ရေးကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးဇော်လင်းအောင်က တောင်ကြီးမြို့အတွင်း ရေစီးဆင်းသည့် ရေမြောင်းများနှင့်ပတ်သက်၍ ရှင်းလင်းခြင်း၊ မြို့နယ် စည်ပင်သာယာရေး အမှုဆောင်အရာရှိဦးအေးကိုမှ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကြီးမြို့တွင် ရေကြီးရေလျှံမှုနှင့် ပျက်စီးဆုံးရှုံးမှုများနှင့် ပတ်သက်၍ရှင်းလင်းခြင်း၊ မြို့မိမြို့ဖများ၊ ရပ်ကွက်ပြည်သူများမှ အထွေထွေဆွေးနွေးကြကြောင်း သိရသည်။
 ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်မှ တောင်ကြီးမြို့ပေါ် ရေကြီးရေလျှံမှုနှင့်ပတ်သက်၍ မိမိတို့တာဝန်ယူနေစဉ်အတွင်း ယခုလိုမျိုးနောက်ထပ် မဖြစ်ပွားနိုင်ရန် ပညာရှင်များခေါ်ယူ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူ များကမည်ကဲ့သို့ဆောင်ရွက်ရမည်ကို အကြံဉာဏ်များပေး၍ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ဆွေးနွေးသွားမည် ဖြစ်ကြောင်းပြောကြားပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်မှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)
09250132943

Ooredoo (Myanmar) မှ လှူဒါန်းပြီး UNOPS (Myanmar) မှ တာဝန်ယူကြီးကြပ်ဆောက်လုပ်သော တောင်ကြီးမြို့နယ် ထီဟမ်းဆွေးကျေးလက်ကျန်းမာရေးဌာနခွဲ၊ ဖာမွန်းကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦသစ်နှင့် အထောက်အကူပြုပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကျင်းပ

တောင်ကြီးမြို့    အောက်တိုဘာလ - ၂၃

258
 Ooredoo (Myanmar) မှ လှူဒါန်းပြီး UNOPS (Myanmar) မှ တာဝန်ယူကြီးကြပ်ဆောက်လုပ်သော တောင်ကြီးမြို့နယ်၊ ထီဟမ်းဆွေးကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ဖာမွန်းကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦသစ်နှင့် အထောက်အကူပြုပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို အောက်တိုဘာ ၂၃ ရက်နေ့(နံနက်ပိုင်း)တွင် ထီဟမ်းဆွေးကျေးရွာနှင့် ဖာမွန်းကျေးရွာတို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ Ooredoo (Myanmar) နှင့် UNOPS (Myanmar) တို့မှ ကိုယ်စားလှယ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ အမှတ်တရသစ်ပင်စိုက်ပျိုးပြီး ကမ္ဗည်းဆိုင်းဘုတ်အား အမွေးနံ့သာရည်များ ပက်ဖျန်းပေးကာ အဆောက်အဦသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးပါသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးကြီး ဒေါက်တာမျိုးထွန်းမှ အဖွင့်အမှာစကားပြောကြား ပြီး ရှမ်းပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူဇာချစ်တင်က ကျေးဇူးတင်အမှာစကား ပြောကြားခဲ့ပါကြောင်း၊ Ooredoo (Myanmar) မှ ဦးတင့်နိုင်ထွဋ် (Head of Coperate Communication)က လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး UNOPS (Myanmar) မှ Mr.Yoga Baral, Infrastructure Mamager က တည်ဆောက်မှု လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ ကျေးရွာဥက္ကဌမှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ Ooredoo (Myanmar) မှ ဦးတင့်နိုင်ထွဋ်က ကျေးလက်ကျန်းမာရေးဌာနခွဲ ထိန်းသိမ်း စောင့်ရှောက်မှု လမ်းညွှန်စာအုပ်နှင့် စာရွက်စာတမ်းများအား တောင်ကြီးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးသို့ လွှဲပြောင်းပေးအပ်ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးမှ ဂုဏ်ပြုမှတ်တမ်းလွှာများကို Ooredoo (Myanmar) နှင့် UNOPS (Myanmar)တို့သို့ အသီးအသီးပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
အစရ(ရှမ်း)

ထိုင်ဝမ်နိုင်ငံသို့ ပြိုင်ပွဲဝင်မည့် ကျောင်းသားများအား ထောက်ပံ့ငွေပေးအပ်

တောင်ကြီး အောက်တိုဘာ   −   ၂၃

255
 ၂၀၁၉ခုနှစ် စက်တင်ဘာလ(၅)ရက်နေ့ တောင်ကြီးတက္ကသိုလ်ဘက်စုံခန်းမ၌ ကျင်းပခဲ့သော မြန်မာ့စွန့်ဦးတီထွင် ပွဲတော်တွင် ပါဝင်ပြသခဲ့သည့် ကွန်ပျူတာတက္ကသိုလ်မှ Green House Project ကိုထိုင်ဝမ်နိုင်ငံ International ICT Innovative Service Awards ၂၀၁၉ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဖိတ်ကြားခြင်းခံရသောကြောင့် ပြိုင်ပွဲကိုကွန်ပျူတာ တက္ကသိုလ်မှ ကျောင်းသားနှစ်ဦးတွင် တစ်ဦးကိုနေစရိတ်၊ စားစရိတ်များအား International ICT Innovative Service Awards ၂၀၁၉ ကျင်းပရေးကော်မတီမှ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ကျန်ရှိနေသည့် ကျောင်းသားတစ်ဦးအတွက် ခရီးစရိတ်လိုအပ် လျက်ရှိရာ လိုအပ်နေသောခရီးစရိတ်ကို(US $800)ကို YESS Foundation မှထောက်ပံ့ကူညီပေး၍ ၎င်းFoundationသည် မြန်မာ့စွန့်ဦးတီထွင်ပွဲတော်ကို ဦးစီးကျင်းပဆောင်ရွက်ခဲ့သော လူငယ်အများစုဖြင့်ဖွဲ့စည်းထားကြောင်းသိရသည်။
 အဆိုပါ ပြိုင်ပသို့သွားရောက်ယှဉ်ပြိုင်မည့် ကျောင်းသားနှစ်ဦးအား အောက်တိုဘာ(၂၃)ရက် နံနက်(၁၁)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး ပြည်နယ်လူမှုရေးဝန်ကြီးရုံးခန်း၌ ထောက်ပံ့ငွေများပေးအပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီးမှ ကျောင်းသားတစ်ဦးစီလျှင် ငွေကျပ်(၁၅၀၀၀၀)၊ ရှမ်းပြည်နယ်စွန့်ဦးတီထွင်အဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းမြင့်ဌေး၊ ဒုတိယဥက္ကဋ္ဌဒေါ်အေးဖြူ၊ စာရင်းစစ်ကိုနေမျိုးတို့မှ(US $800)ပေးအပ်ရာ ကွန်ပျူတာတက္ကသိုလ် ကျောင်းအုပ်ဆရာမကြီး ဒေါက်တာသင်းသုနိုင်မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)
09250132943

More Articles...

  1. တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်ရှိ ပန်းတင်လမ်းအဆင့်မြှင့်တင်ဆောင်ရွက်မည့်နေရာနှင့် ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် သွားလမ်း ကွန်ကရစ်ခင်းနေမှုအား ပြည်နယ်ဝန်ကြီးချုပ်ကြည့်ရှု
  2. မရှိမဖြစ် ကျန်းမာရေးစောင့် ရှောက်မှု လက်လှမ်းမီရေးစီမံချက်အား ထပ်ဆောင်းပံ့ပိုးရန် စီမံချက် လူထုတိုင်ပင်ဆွေးနွေး
  3. ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် UNHCR ၏မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr.Johan Cels လက်ခံတွေ့ဆုံ
  4. ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု/ ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
  5. မသန်စွမ်းမှုဆိုင်ရာ ဆွေးနွေးပွဲနှင့် အသိပညာပေးသင်တန်းများ ဖွင့်ပွဲကျင်းပ
  6. (၂၁)ကြိမ်မြောက် ကမ္ဗောဇသာမဏေ‌ကျော်စာမေးပွဲကျင်းပ
  7. တောင်ကြီးမြို့၌‌‌ရွေပါရမီစာကြည့်တိုက်ဖွင့်လှစ်
  8. ကမ္ဘာ့လေဖြတ်ရောဂါကာကွယ်ရေးနေ့(World Stroke Day)အထိမ်းအမှတ်ကျင်းပ
  9. တောင်ကြီးမြို့၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်ကျင်းပ
  10. ကျွန်း/သစ်မာ(သစ်လုံး/သစ်ခွဲသား)များအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ သစ်အခြေခံအသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများသို့ (ဒေသ)အိတ်ဖွင့်လေလံစနစ်ဖြင့် ရောင်းချခြင်း

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

danauရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယ၊ အောင်ပန်း၊ ရွာငံ၊ ကလောမြို့နယ်များနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 127 guests and no members online

Latest Updates