We have 82 guests and no members online

Feature

ရှမ်းမြောက် အောက်တိုဘာ - ၂၃

new 11

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မန္တလေး - လားရှိုး - မူဆယ်လမ်းပေါ်ရှိ ဂုတ်တွင်းတံတား ဖွင့်ပွဲကို အောက်တိုဘာလ (၂၃)ရက် မွန်းလွဲ (၁)နာရီက အဆိုပါ တံတားတွင်ကျင်းပသည်။

ဂုတ်တွင်းတံတားဖွင့်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ် (မြောက်ပိုင်း)သည်မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းဒေသကြီးနှင့်ကုန်စည်စီးဆင်းမှုအတွက် အချက်အချာကျသော ဗဟိုချက်ဖြစ်သည့်အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့လည်း ဆက်သွယ်ပေးထားသည့် ပြည်နယ်ဖြစ်ပါကြောင်း၊မြန်မာနိုင်ငံ၏ ကုန်စည်စီးဆင်းမှု အဓိကကျသော မန္တလေး - လားရှိုး - မူဆယ် ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ ဂုတ်တွင်း တံတားသည်ပြီးခဲ့သည့်၂၀၁၉ ခုနှစ် သြဂုတ်လ (၁၅)ရက်နေ့ မှာ မိုင်းခွဲဖျက်ဆီးခြင်း ခံခဲ့ရပါကြောင်း၊ ဂုတ်တွင်းတံတား ပျက်စီးမှုကြောင့် ထိခိုက်နစ်နာတဲ့ ဒေသတွင်း ကူးသန်းသွားလာမှု၊ ကုန်စည်စီးဆင်းမှုများကို အမြန်ဖြေရှင်း ဆောင်ရွက် နိုင်ရန်အတွက် (၂၄)ပေ ကျယ်ပြီး (၂၁ဝ)ပေ အရှည်ရှိတဲ့ Bailey တံတား တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၉ ခုနှစ် သြဂုတ်လ (၁၅)ရက်နေ့မှာ စတင်တည်ဆောက်ပြီး သြဂုတ်လ (၂၀)ရက်နေ့မှာ ပြီးစီးခဲ့ပါကြောင်း၊ Bailey တံတားတန်ဘိုးအားဖြင့် ကျပ်(၈၂ ဒသမ ၄ဝ)သန် ကုန်ကျခဲ့ပြီး လမ်းပန်းဆက်သွယ်မှု၊ ကုန်စည်စီးဆင်းမှုများကို (၅)ရက်တာအတွင်းမှာ ယာယီအဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ယခုဖွင့်လှစ်လိုက်သည့် တံတားအသစ်ကို ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ (၁)ရက်နေ့က စတင်တည်ဆောက်ပြီး တန်ဘိုးငွေကျပ် (၈၇၄)သန်းနှင့် ၂ဝ၂ဝ ခုနှစ် သြဂုတ်လ (၃၁)ရက်နေ့မှာ အပြီးတည်ဆောက်နိုင်ခဲ့ပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနက အရေးပေါ်ရန်ပုံငွေဖြင့် အချိန်တိုကာလအတွင်း တည်ဆောက်အပ်နှံလိုက်သောဒီတံတားကြီးရေရှည်အသုံးပြုနိုင်အောင်တည်တံ့နေစေရန် ဒေသခံများကဝိုင်းဝန်း စောင့်ရှောက်ပေးကြရန် ပြောကြားသည်။

ဆက်လက်၍လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး (မြို့ ပြ) ဦးကျော်ကျော်ဝင်းက တံတားဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြပြီး ဒေသခံနောင်ချိုမြို့နယ်ရပ်မိရပ်ဖဦးစိုးထွန်းမှ ကျေးဇူးတင်စကားပြောကြားကာတံတားဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်ပစ္စည်းများကိုနေရာအရောက်ပေးအပ်ကြကြောင်းသိရသည်။

ထို့နောက်ဂုတ်တွင်းတံတား၌ တာဝန်ကျနေသောတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌဦးထွန်းထွန်းဟိန်တို့မှရေသန့်ဘူး၊ ကြက်ဥ၊ ခေါက်ဆွဲခြောက် နှင့် ငွေကျပ်(၅)သိန်းစီစုစုပေါင်း(၁၀)သိန်တို့ကိုထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

အဆိုပါ ဂုတ်တွင်းတံတားသစ်ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ ကျောက်မဲမြို့ နယ်နှင့် နောင်ချိုမြို့ နယ်မှ လွှတ်တော်ကိုယ် စားလှယ်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး ကဗ္မည်းမော်ကွန်းကျောက်စာအား အမွှေးနံသာရည် ပက်ဖျန်းပေးကြကာတံတားအားလှည့် လည်ကြည့်ရှုကြကြောင်းသိရသည်။ ယခုဖွင့်လှစ်လိုက်သည့် ဂုတ်တွင်းတံတားသစ်သည် ကျပ် (၈၇၄)သန်း အကုန်ကျခံ တည်ဆောက်ထားသည့် သံကူကွန်ကရစ်တံတား ဖြစ်ပြီး အကျယ်ပေ(၃ဝ)၊ အရှည်ပေ (၂၁ဝ)ရှိကာ ယာဉ်တစ်စီးချင်း ခွင့်ပြုတန်ချိန်(၆၀)တန်ဖြစ်ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

Feature

တောင်ကြီး  အောက်တိုဘာ  -  ၂၃

new 10

ရှမ်းပြည်နယ်အတွင်း (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြု နိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံသို့ အောက်တိုဘာ ၂၃ ရက် နေ့လည် ၁ နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ တောင်ကြီးတက္ကသိုလ်မိသားစုမှ လာရောက်လှူဒါန်းကြောင်း သိရသည်။

အဆိုပါလှူဒါန်းပွဲတွင် တောင်ကြီးတက္ကသိုလ်မိသားစုကိုယ်စား တောင်ကြီးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမူမူမြင့်က အလှူငွေကျပ်(၁၂.၆၆)သိန်းအား လှူဒါန်းပေးကြရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အဖရ(ရှမ်း)

Feature

တောင်ကြီး  အောက်တိုဘာ  -  ၁၅

new 13

ရှမ်းပြည်နယ်အတွင်း (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြု နိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံသို့ အောက်တိုဘာ ၁၅ ရက် နံနက် ၁၀ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ အလှူရှင်များမှ လာရောက်လှူဒါန်းကြောင်း သိရသည်။

အဆိုပါလှူဒါန်းပွဲတွင် ရှမ်းပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ထမ်းများမှ အလှူငွေကျပ်(၃၄.၅၈)သိန်းအား လှူဒါန်းပေးကြရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်ဝန်ကြီးများက လက်ခံရယူပြီး ရှမ်းပြည်နယ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်မှ ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

Feature

တောင်ကြီး အောက်တိုဘာ - ၂၀

new 12

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း၌ HPV ကာကွယ်ဆေး စတင်ထည့်သွင်း ထိုးနှံခြင်းကို အောက်တိုဘာ ၂၀ မွန်းလွဲ ၁ နာရီက MICC-II (နေပြည်တော်)၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်မိန့်ခွန်းပြောကြားရာ Video Conferencing စနစ်ဖြင့် တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်း၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူဇာချစ်တင်၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူး ဦးကျော်သိန်း၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဦး၊ ‌တောင်ကြီးခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

သားအိမ်ခေါင်းကင်ဆာသည် ကမ္ဘာတစ်ဝန်းတွင် အမျိုးသမီးများ၌ စတုတ္ထမြောက်အဖြစ်အများဆုံးကင်ဆာဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများမှ အမျိုးသမီးများတွင် ဒုတိယမြောက်အဖြစ်အများဆုံးကင်ဆာဖြစ်၍ ၂၀၁၈ ခုနှစ်စာရင်းများအရ ကမ္ဘာတစ်ဝန်းလုံး၌ နှစ်စဉ်အမျိုးသမီး (၆)သိန်းခန့်တွင် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားခဲ့၍ ၎င်းတို့အနက် (၃)သိန်းကျော် သေဆုံးခဲ့ရပြီး၊ သားအိမ်ခေါင်းကင်ဆာသည် မြန်မာနိုင်ငံ၌ အမျိုးသမီးများ အသက်အရွယ်အားလုံးတွင် ဖြစ်လေ့ရှိသော ကင်ဆာအားလုံး၏ (၂၃.၅)ရာခိုင်နှုန်း ရှိကြောင်းနှင့် သားအိမ်ခေါင်းကင်ဆာသည် အသက်(၁၅)နှစ်မှ (၄၄)နှစ်ကြားအမျိုးသမီး များတွင် အဖြစ်အများဆုံးကင်ဆာဖြစ်သည့်အပြင် ကင်ဆာကြောင့်သေဆုံးရခြင်း၏အဓိကအကြောင်းအရင်းဖြစ်ပါသည်။

HPV ကာကွယ်ဆေးသည် ကင်ဆာရောဂါကိုကာကွယ်နိုင်သည့် ကာကွယ်ဆေးတစ်မျိုးဖြစ်ပြီး၊ Human Papillomavirus ဟုခေါ်သည့် HPV ပိုးကြောင့်ဖြစ်သော သားအိမ်ခေါင်းကင်ဆာနှင့် မျိုးပွားလမ်းကြောင်းတွင် ဖြစ်ပွားတတ်သည့် ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်သည့်အပြင် သားအိမ်ခေါင်းကင်ဆာအားလုံးနီးပါးသည် HPV ပိုးကြောင့်ဖြစ်ပွားရခြင်း ဖြစ်ကြောင်း၊ ၎င်းHPV ပိုးသည် လိင်ဆက်ဆံခြင်း၊ အရေပြားချင်းထိတွေ့ခြင်းမှတစ်ဆင့် ကူးစက်တတ်ပြီး ကူးစက်ခံရသူ အများစုမှာ ရောဂါလက္ခဏာမပြဘဲ ရှိနေတတ်သောကြောင့် မည်သူမဆို အချိန်မရွေးရောဂါပိုးကူးစက်နိုင်ပါကြောင်း၊ မြန်မာနိုင်ငံတွင် HPV ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်၌ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် စတင်ထည့်သွင်းသွားမည်ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးအပြည့်အဝရရှိရန် (၂)ကြိမ်ထိုးနှံရန်လိုပါကြောင်း၊ အသက် ၉နှစ်မှ ၁၀ နှစ်အရွယ်မိန်းကလေးများ တစ်နည်းအားဖြင့် ၂၀၁၀ခုနှစ် စက်တင်ဘာလ(၁)ရက်မှ ၂၀၁၁ ခုနှစ် သြဂုတ်လ(၃၁)ရက်အတွင်း မွေးဖွားသောမိန်းကလေးများအားလုံးကို ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ပြီး ပထမအကြိမ်ထိုးနှံပြီး(၁၂)လခြားကာ ဒုတိယ အကြိမ် ထိုးနှံပေးမည်ဖြစ်ကြောင်းသိရသည်။ ၎င်းကာကွယ်ဆေးထိုးနှံခြင်းအတွက် ကုန်ကျစရိတ်မှာ မိန်းကလေးတစ်ဦးအတွက် ကာကွယ်ဆေးတစ်ကြိမ်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၄.၅)ဒေါ်လာတန်ဖိုးရှိပြီး၊ နိုင်ငံတော်ဘဏ္ဍာ‌ငွေမှ (၁၀) ရာခိုင်နှုန်းနှင့် Gavi,the vaccine alliance မှ (၉၀)ရာခိုင်နှုန်း ကုန်ကျခံ၍ အခမဲ့ထိုးသွင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ HPV ကာကွယ်ဆေးထည့်သွင်းထိုးနှံခြင်းအခမ်းအနားတွင် အသက် ၉ နှစ်အရွယ်အမျိုးသမီး (၃)ဦးအား ကာကွယ်ဆေးထိုးနှံနေမှုကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် တာဝန်ရှိသူ များက ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09250132943

နောက်ထပ်သတင်းများဖတ်မည်